The Bible

 

ယေဇကျေလ 36

Study

   

1 တဖန်အချင်းလူသား၊ ဣသရေလတောင်တို့ အား ပရောဖက်ပြု၍ ဆင့်ဆိုရမည်မှာ၊ အိုဣသရေလ တောင်တို့၊ ထာဝရဘုရား၏အမိန့်တော်ကို နားထောင် ကြလော့။

2 အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ရန်သူက၊ အေ့ဟေ၊ ထာဝရတောင်တို့သည် ငါတို့လက်သို့ ရောက်ကြပြီဟု သင်တို့တဘက်၌ ဆိုမိသောကြောင့်၊

3 ပရောဖက်ပြု၍ အရှင်ထာဝရဘုရား၏ အမိန့် တော်ကိုဆင့်ဆိုရမည်မှာ၊ သင်တို့သည်ကျန်ကြွင်းသော တပါးအမျိုးသားတို့ သိမ်းယူရာဖြစ်သည်တိုင်အောင်၊ သင်တို့ကိုသုတ်သင်ပယ်ရှင်း၍ ပတ်လည်ကိုက်စားသော ကြောင့်၎င်း၊ သင်တို့သည် လူများပြော ဆိုရာ၊ ကဲ့ရဲ့ရာ ဖြစ်သောကြောင့်၎င်း၊

4 အိုဣသရေလတောင်တို့၊ အရှင်ထာဝရ ဘုရား၏ အမိန့်တော်ကို နားထောင်ကြလော့။ အရှင်ထာဝရဘုရားသည် တောင်ကြီး၊ တောင် ငယ်၊ မြစ်ရေစီးရာ၊ ချိုင့်ရာ၊ သုတ်သင်သောလွင်ပြင်မှစ၍၊ ပတ်လည်၌နေသော တပါးအမျိုးသား အကျန်အကြွင်း တို့သည် လုယူကဲ့ရဲ့၍၊ မြို့သားစွန့်သွားသော မြို့တို့အား မိန့်တော်မူသည်ကား၊

5 အကယ်စင်စစ် ငါ့ပြည်ကိုလုယူစရာဘို့ ပစ်ထား ခြင်းငှါ အလွန်ဝမ်းမြောက်သောစိတ်၊ အငြိုးထားသော စိတ်ရှိ၍၊ ကိုယ်တိုင်လုယူစရာဘို့ စီရင်သော ဧဒုံအမျိုး သားအပေါင်းတို့နှင့် ကျန်ကြွင်းသော တပါးအမျိုးသား တို့တဘက်၌ ငါသည် ဒေါသမီးထွက်၍ ပြောထားပြီ

6 သို့ဖြစ်၍၊ ဣသရေလပြည်ကို ရည်မှတ်၍ ပရောဖက်ပြုလျက်၊ တောင်ကြီး၊ တောင်ငယ်၊ မြစ်ရေ စီးရာ၊ ချိုင့်ရာတို့အား အရှင်ထာဝရဘုရား၏ အမိန့်တော် ကို ဆင့်ဆိုရမည်မှာ၊ သင်တို့သည်တပါးအမျိုးသားတို့ကဲ့ရဲ့ ခြင်းကိုခံရသောကြောင့်၊ ငါသည် ဒေါသအမျက်ထွက်၍ ပြောပြီ။

7 အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ အကယ်စင်စစ် သင်တို့ပတ်လည်၌နေသော တပါးအမျိုး သားတို့သည် ကိုယ်အရှက်ကွဲခြင်းကို ခံရကြလိမ့်မည်ဟု ငါကျိန်ဆိုပြီ။

8 အိုဣသရေလတောင်တို့၊ သင်တို့မူကား၊ အပင် ပေါက်၍ ငါ၏လူဣသရေလအမျိုးသားတို့အဘို့ အသီးကိုသီး ရကြလိမ့်မည်။ သူတို့ ပြန်လာချိန်နီးပြီ။

9 ငါသည်သင်တို့ဘက်၌နေ၍ သင်တို့ရှိရာသို့ ပြန်လာသဖြင့်၊ သင်တို့အပေါ်မှာ လယ်လုပ်၍ မျိုးစေ့ ကြဲကြလိမ့်မည်။

10 သင်တို့အပေါ်မှာ လူများတည်းဟူသော ဣသရေလအမျိုးသား အပေါင်းတို့ကို ငါပြန့်ပွါးစေသဖြင့်၊ သူတို့သည် မြို့များနေ၍ ပျက်စီးသော အရပ်များကို ပြုပြင်ကြလိမ့်မည်။

11 သင်တို့အပေါ်မှာ လူနှင့်တိရစ္ဆာန်တို့ကို ငါ များပြားစေသဖြင့်၊ သူတို့သည်ပွားများ၍ သားမြေးအစဉ် အဆက်ရှိကြလိမ့်မည်။ နေရင်းအရပ်တို့၌ ငါနေရာချ၍၊ အရင်ပြုသကဲ့သို့ ငါကျေးဇူးပြုမည်။ ငါသည် ထာဝရ ဘုရားဖြစ်ကြောင်းကို သင်တို့သိရကြလိမ့်မည်။

12 သင်တို့အပေါ်မှာ လူများတည်းဟူသော ငါ၏ လူဣသရေလအမျိုးသားတို့သည် သွားလာမည် အကြောင်း ငါပြုမည်။ သူတို့သည် သင်တို့ကို သိမ်းယူ၍ အမွေခံရသဖြင့်၊ နောက်တဖန် သင်တို့ကြောင့် သားမဆုံး ရှုံးရကြ။

13 အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ အချင်းပြည်၊ သင်သည် လူတို့ကို ကိုက်စားတတ်၏။ ကိုယ် အမျိုးသားတို့ကို လုယူဖျက်ဆီးတတ်၏ဟု သူတပါး ဆိုသောကြောင့်၊

14 နောက်တဖန်သင်သည် လူတို့ကို မကိုက်စားရ။ ကိုယ်အမျိုးသားတို့၌ လုယူဖျက်ဆီးခြင်းကို မပြုရဟု အရှင် ထာဝရဘုရားမိန့်တော်မူ၏။

15 နောက်တဖန် အတိုင်းတိုင်းအပြည်ပြည် ကဲ့ရဲ့ အပြစ်တင်သော စကားကိုမကြားရ။ နောက်တဖန် ကိုယ် အမျိုးသားတို့၌ လုယူဖျပ်ဆီးခြင်းကို မပြုရဟု အရှင် ထာဝရဘုရားမိန့်တော်မူ၏။

16 တဖန်ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ ရောက်လာ၍၊

17 အချင်းလူသား၊ ဣသရေလအမျိုးသားတို့သည် ကိုယ်ပြည်၌နေသောအခါ၊ အလိုအလျောက် ကျင့်ကြံပြုမူ သောအားဖြင့် ထိုပြည်ကို ညစ်ညူးစေကြ၏။ သူတို့ အကျင့်ဓလေ့သည် ငါ့ရှေမှာဥတုရောက်သော မိန်းမ၏ အညစ်အကြေးကဲ့သို့ ဖြစ်၏။

18 ထိုပြည်၌ လူအသက်ကိုသတ်သောအပြစ်၊ ရုပ်တုတို့နှင့် ညစ်ညူးစေသော အပြစ်ကြောင့်၊ ငါသည် ဒေါသအမျက်ကို သွန်းလောင်းပြီ။

19 အတိုင်းတိုင်းအပြည်ပြည်သို့ ငါကွဲပြားပြန့်လွင့် စေပြီ။ သူတို့ကျင့် ကြံပြုမူသည်အတိုင်း ငါစီရင်ပြီ။

20 သို့ရာတွင် တကျွန်းတနိုင်ငံသို့ရောက်သောအခါ ဤသူတို့သည် ထာဝရဘုရား၏ လူဖြစ်ကြ၏။ ကိုယ်ပြည် မှ ထွက်သွားရကြ၏ဟု သူတပါးပြောဆိုသဖြင့်၊ ငါ၏နာမ မြတ်ကို ရှုတ်ချသောကြောင့်၊

21 ဣသရေလအမျိုးသားရောက်ရာ တကျွန်း တနိုင်ငံအရပ်ရပ်တို့၌ ရှုတ်ချသော ငါ၏နာမမြတ်ကို ငါနှမြော၏။

22 သို့ဖြစ်၍၊ အရှင်ထာဝရဘုရား၏ အမိန့်တော်ကို ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊ အိုဣသရေလအမျိုး၊ သင်တို့ကိုထောက်၍ ဤအမှုကို ငါပြုသည် မဟုတ်။ သင်တို့ရောက်သမျှသောအရပ်တို့၌ လူအမျိုးမျိုးတို့ ရှေ့မှာ ရှုတ်ချသော ငါ၏နာမမြတ်ကိုသာ ထောက်၍ ပြု၏။

23 တပါးအမျိုးသားတို့ အလယ်၌သင်တို့ ရှုတ်ချ သော ငါ၏မဟာနာမတော်ကို ငါချီးမြှောက်မည်။ သူတို့ မျက်မှောက်၌ သင်တို့အားဖြင့် ငါသည် ချီးမြောက်ရာသို့ ရောက်သောအခါ၊ ငါသည်ထာဝရဘုရား ဖြစ်ကြောင်းကို သူတို့သိရကြလိမ့်မည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ ၏။

24 အကြောင်းမူကား၊ သင်တို့ကို အတိုင်းတိုင်း အပြည်ပြည်တို့က ငါခေါ်ခဲ့၍ စုဝေးစေပြီးလျှင်၊ သင်တို့ နေရင်းပြည်သို့ပို့ဆောင်မည်။

25 သင်တို့အပေါ်မှာ သန့်ရှင်းသော ရေကို ဖျန်း သဖြင့်၊ သင်တို့ကို ခပ်သိမ်းသော အညစ်အကြေးမှစ၍ ခပ်သိမ်းသော ရုပ်တုတို့နှင့် ကင်းစင်စေမည်။

26 စိတ်နှလုံးသစ်ကို ငါပေးမည်။ သဘောသစ်ကို သွင်းထားမည်း။ သင်တို့ကိုယ်ခန္ဓာထဲက ကျောက်နှလုံးကို နှုတ်၍ အသားနှလုံးကို ပေးမည်။

27 ငါ့ဝိညာဉ်ကိုလည်း သင်တို့အထဲသို့ သွင်းပေး သဖြင့်၊ သင်တို့သည် ငါ၏တရားလမ်းသို့လိုက်၍၊ ငါစီရင် တော်မူချက်တို့ကို စောင့်ရှောက်ကြလိမ့်မည်။

28 ဘိုးဘေးတို့အား ငါပေးသောပြည်၌ သင်တို့ သည် နေရ၍ ငါ၏လူဖြစ်ကြလိမ့်မည်။ ငါသည်လည်း သင်တို့၏ဘုရားသခင်ဖြစ်မည်။

29 သင်တို့ကို အညစ်အကြေးရှိသမျှတို့နှင့် ငါ ကင်းလွတ်စေမည်။ အစာခေါင်းပါးခြင်းဘေးကို ပယ်ရှား ခြင်းငှါ၊ ဆန်စပါးကို မှာလိုက်၍ များပြားစေမည်။

30 သင်တို့သည် မွတ်သိပ်၍ တပါးအမျိုးသားတို့ ကဲ့ရဲ့ခြင်းနှင့် လွတ်စေမည်အကြောင်း၊ သစ်ပင်အသီးနှင့် မြေအသီးအနှံကို ငါများပြားစေမည်။

31 ထိုအခါ သင်တို့သည် ကိုယ်ကျင့်ဘူးသော အကျင့်ဆိုးနှင့် မကောင်းသော အမှုတို့ကို အောက်မေ့၍၊ ကိုယ်ဒုစရိုက်အပြစ်၊ စက်ဆုပ်ရွံရှာဘွယ်သော အမှုတို့ကြောင့် ကိုယ်ကိုကိုယ်ရွံရှာ ကြလိမ့်မည်။

32 သင်တို့ကိုထောက်၍ ဤအမှုကို ငါပြုသည် မဟုတ်ဟု သိမှတ်ကြလော့။ အိုဣသရေလအမျိုး၊ ကိုယ်ပြု မိသောအမှုကြောင့် ရှက်ကြောက်လျက်၊ မိန်မောတွေဝေ လျက်နေကြလော့ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။

33 အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ သင်တို့ဒုစရိုက် အပြစ်ရှိသမျှတို့ကို ငါရှင်းလင်းသောအခါ၊ မြို့များ၌လူနေစေ၍ ပျက်စီးသော အရပ်တို့သည် ပြုပြင် ခြင်းရှိကြလိမ့်မည်။

34 ရှောက်သွားသော သူအပေါင်းတို့၏ မျက် မှောက်၌ စွန့်ပစ်ဘူးသော မြေတွင် တဖန် လယ်လုပ်ကြ လိမ့်မည်။

35 ထိုအခါ သူတပါးတို့က၊ အရင်စွန့်ပစ်သော ဤမြေသည် ဧဒင်ဥယျာဉ်ကဲ့သို့ ဖြစ်လေပြီ။ သုတ်သင် ပယ်ရှင်းပျက်စီးသော မြို့တို့သည်လည်း ခိုင်ခံ့၍ မြို့သား တို့နှင့် ပြည့်စုံကြပြီဟု ပြောကြလိမ့်မည်။

36 ထိုအခါ ပျက်စီးသော အရပ်တို့ကို ငါထာဝရ ဘုရားပြုပြင်ကြောင်းကို၎င်း၊ စွန့်ပစ်သောမြေတွင် လယ် လုပ်ကြောင်းကို၎င်း၊ သင်တို့ပတ်လည်၌နေရစ်သော တပါးအမျိုးသားတို့သည် သိရကြလိမ့်မည်။ ငါထာဝရ ဘုရားသည် မိန့်မြွက်သည်အတိုင်း ပြုမည်။

37 အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဣသရေလအမျိုးအဘို့ ဤအမှုကို ငါပြုရမည်အကြောင်း၊ သူတို့သည် ငါ့ကိုတောင်းပန်ရကြမည်။ သိုးများပြားသကဲ့သို့ ထိုအမျိုးသားအချင်းတို့ကို များပြားစေမည်။

38 ပျက်စီးသောမြို့တို့သည် သန့်ရှင်းသော သိုးစု တည်းဟူသော၊ ဓမ္မပွဲခံချိန်တွင် ယေရုရှလင်သိုးစုကဲ့သို့ သော လူစုတို့နှင့် ပြည့်စုံ၍၊ ငါသည် ထာဝရဘုရား ဖြစ်ကြောင်းကို သိရကြလိမ့်မည်ဟု မိန့်တော်မူ၏။

   

The Bible

 

ယေဇကျေလ 28

Study

   

1 တဖန်ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊

2 အချင်းလူသား၊ အရှင်ထာဝရဘုရား၏ အမိန့် တော်ကို တုရုရှင်ဘုရင်အား ဆင့်ဆိုရမည်မှာ၊ သင်သည် ကိုယ်ကို ဘုရားသခင်ကဲ့သို့ ထင်မှတ်သော်လည်း ဘုရား သခင်မဟုတ်၊ လူသက်သက်ဖြစ်လျက်နှင့် ငါသည် ဘုရား ဖြစ်၏။ ပင်လယ်အလယ်၌ ဘုရားပလ္လင်ပေါ်မှာ ငါထိုင် သည်ဟု ဝါကြွားသောစိတ်နှင့် ဆိုသည်ဖြစ်၍၊

3 သင်သည် ဒံယေလထက်သာ၍ ပညာရှိပါသည် တကား။ သင်မသိရအောင် သူတပါးဝှက်ထားနိုင်သော အရာ တစုံတခုမျှမရှိ။

4 ကိုယ်ဥာဏ်ပညာအားဖြင့် ဥစ္စာရတတ်၏။ ရွှေငွေကို ဆည်းပူးပြီ။

5 ထူးဆန်းသော ပညာနှင့် ကုန်စလယ်များအား ဖြင့် စည်းစိမ်ကြီး၍၊ ထိုစည်းစိမ်ကြောင့် စိတ်ဝါကြွားပြီ။

6 သို့ဖြစ်၍၊ အရှင်ထာဝရဘုရား မိန့်တော်မူသည် ကား၊ သင်သည် ကိုယ်ကို ဘုရားသခင်ကဲ့သို့ ထင်မှတ် သောကြောင့်၊

7 ကြောက်မက်ဘွယ်သော တကျွန်းတနိုင်ငံသား တို့ကို သင်ရှိရာသို့ ငါပို့ဆောင်သဖြင့်၊ သူတို့သည် သင်၏ ပညာဂုဏ်ကို ထားနှင့်ခုတ်၍၊ သင်၏တင့်တယ်ခြင်း အသရေကို ရှုတ်ချကြလိမ့်မည်။

8 သင့်ကို မြေတွင်းထဲသို့နှိမ့်ချ၍၊ ပင်လယ်အလယ် ၌ ဆုံးရှုံးသောသူကဲ့သို့ သင့်အသက်သည် ဆုံးရှုံးရလိမ့် မည်။

9 သင့်အသက်ကို သတ်သော သူတို့လက်တွင်၊ သင်သည် ဘုရားသခင်မဟုတ်၊ လူသက်သက် ဖြစ်လျက် နှင့်၊ ငါသည် ဘုရားဖြစ်သည်ဟု သင့်အသက်ကို သတ်သောသူတို့ရှေ့မှာ အမှန်ပြောလိမ့်မည်လော။

10 အရေးဖျားလှီးခြင်းမခံသော လူသေသကဲ့သို့၊ သင်သည် တကျွန်းတနိုင်ငံသားတို့ လက်ဖြင့်သေရမည်။ ငါပြောပြီဟု အရှင်ထာဝရဘုရားမိန့်တော်မူ၏။

11 တဖန်ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊

12 အချင်းလူသား၊ တုရုရှဘုရင်အတွက် မြည်တမ်း သော စကားကို မြွက်၍၊ အရှင်ထာဝရဘုရား၏ အမိန့်တော်ကို ဆင့်ဆိုရမည်မှာ၊ သင်သည် ထူးဆန်းသော တံဆိပ်ဖြစ်၏။ ပညာနှင့်ပြည့်စုံ၍ တင့်တယ်ခြင်းအသရေ လည်းစုံလင်လျက်ရှိ၏။

13 ဧဒင် အရပ်၊ ဘုရားသခင်၏ ဥယျာဉ်တော်၌ နေပြီ။ သင်၏ခေါင်းပေါ်မှာ ကျောက်နီ၊ ဥဿဖရားစိန်၊ မျက်ရွဲ၊ ကြောင်၊ နဂါးသွ့၊ နီလာမြ၊ ပတ္တမြား အစရှိသော ကျောက်မြတ် အမျိုးမျိုးတို့ကို ဆောင်လေ၏။ ရွှေဖြင့် လုပ်သော ပတ်သာ၊ ပုလွေတို့သည်လည်း၊ သင်ဘွားသော နေ့၌ပင် သင့်အဘို့ ပြင်ဆင်လျက်ရှိကြ၏။

14 သင်သည် ဖြန့်၍ လွှမ်းမိုးသော ခေရုဗိမ် ဖြစ်လျက်၊ ငါ့အခွင့်နှင့် ဘုရားသခင်၏ သန့်ရှင်းသော တောင်ပေါ်မှာ နေရာကျ၍ မီးတောက်သော ကျောက်တို့ တွင် သွားလာရ၏

15 ဘွားသောနေ့မှစ၍ သင့်အပြစ်ထင်ရှားသော နေ့တိုင်အောင်၊ ပြုလေရာရာ၌ စုံလင်လျက်ရှိ၏။

16 သို့ရာတွင်၊ ကုန်သွယ်ခြင်း များပြားသောအား ဖြင့်၊ အဓမ္မအမှုတို့နှင့်ပြည့်စုံ၍ ပြစ်မှားသောအပြစ် ရောက်လေပြီ ထိုကြောင့်၊ ဆိုးယုတ်သော သူကဲ့သို့၊ သင့်ကိုဘုရားသခင်၏ တောင်တော်ပေါ်က ငါနှင်ထုတ် မည် အိုလွှမ်းမိုးသော ခေရုဗိမ်မီးတောက်သော ကျောက်တို့အထဲက သင့်ကိုငါ ပယ်ရှင်းမည်

17 သင်သည် ကိုယ်၌ တင့်တယ်ခြင်းအသရေ ကြောင့်၊ ဝါကြွားသော စိတ်ရှိလျက် ဂုဏ်ထွန်းတောက် သောကြောင့်၊ သင်၏ပညာသည် ဖေါက်ပြန်လျက်ရှိလေ ပြီ။ ငါသည်သင့်ကို မြေတိုင်အောင်နှိမ့်ချမည်။ ရှင်ဘုရင် တို့သည် သင့်ကိုကြည့်ရှု၍ ဝမ်းမြောက်စေခြင်းငှါ၊ သူတို့ ရှေ့မှာ သင့်ကို ငါချထားမည်။

18 သင့်အပြစ်သည်များပြား၍ ကုန်သွယ်ခြင်း အဓမ္မအားဖြင့်၊ သန့်ရှင်းရာဌာနတို့ကို ညစ်ညူးစေသော ကြောင့်၊ သင့်ကိုမီးရှို့ဘို့ သင့်အလယ်မီးကိုငါညှိမည် သင့်ကိုမြင်သော သူအပေါင်းတို့ရှေ့မှာ၊ သင်၏ ပြာကို မြေပေါ်သို့ ငါချထားမည်

19 သင့်ကိုသိသောလူ အမျိုးမျိုးတို့သည် သင်၏ အမှုကြောင့် မိန်းမောတွေဝေကြလိမ့်မည်။ သင်သည် ကြောက်မက်ဘွယ်ဖြစ်လိမ့်မည်။ နောက်တဖန် မပေါ်လာရ ဟု မိန့်တော်မူ၏။

20 တဖန်ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊

21 အချင်းလူသား၊ သင်သည် ဇိဒုန်မြို့တဘက်၌ မျက်နှာထား၍ ပရောဖက်ပြုလျက်၊

22 အရှင် ထာဝရဘုရား၏ အမိန့်တော်ကို ဆင့်ဆိုရမည် မှာ၊ အိုဇိဒုန်မြို့၊ သင့်တဘက်၌ ငါနေ၏။ သင့်အလယ်၌ ငါ့ဘုန်းတန်ခိုးသည် ထင်ရှားလိမ့်မည်။ သင့်ကိုငါသည် အပြစ်ဒဏ်ပေး၍ ရိုသေခြင်းကိုခံရသောအခါ၊ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို လူများသိရကြလိမ့်မည်။

23 သင့်အပေါ်သို့ ကာလနာဘေးကို၎င်း၊ သင်၏ လမ်းတို့၌ ထားဘေးကို၎င်း၊ ငါစေလွှတ်၍၊ ပတ်လည်၌ တိုက်သော ထားဖြင့်သူရဲတို့သည် သင့်အလယ်၌ လဲ၍ သေကြသောအခါ၊ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သိရကြလိမ့်မည်။

24 ထိုအခါ ဣသရေလအမျိုး၏ ပတ်လည်၍နေ၍၊ မထီမဲ့မြင်ပြုသော သူတို့တွင် စူတတ်သော ဆူးပင်၊ နှောက်ရှက်တတ်သောငြောင့် တစုံတခုမျှ မကုတ်ကြွင်းရ။ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သိရကြလိမ့်မည်ဟု မိန့်တော်မူ၏။

25 တဖန် အရှင်ထာဝရဘုရား၏ မိန့်တော်မူသည်ကား၊ ဣသရေလအမျိုးသားတို့သည် ကွဲပြားလျက်နေသော လူ အမျိုးမျိုးထဲက ငါခေါ်၍စုဝေးသောအခါ၊ သူတို့အားဖြင့် လူမျိုးများရှေ့၌ ရိုသေခြင်းကိုငါခံ၍၊ ငါ့ကျွန်ယာကုပ်အား အငါအရင်ပေးသော ပြည်၌သူတို့သည် နေကြလိမ့်မည်။

26 ထိုပြည်၌ စိုးရိမ်စရာမရှိ။ အိမ်ဆောက်ခြင်း၊ စပျစ်ဥယျာဉ်စိုက် ခြင်းအမှုကိုပြု၍ နေကြလိမ့်မည်။ သူတို့ ပတ်လည်၌ နေ၍မထီမဲ့မြင်ပြုသော သူအပေါင်းတို့ကို ငါသည် အပြစ်ဒဏ်စီရင်သောနောက် သူတို့သည် စိုးရိမ် စရာမရှိဘဲနေ၍၊ ငါသည် သူတို့၏ ဘုရားသခင် ထာဝရ ဖြစ်ကြောင်းကို သိရကြလိမ့်မည်ဟု မိန့်တော်မူ၏။