The Bible

 

ယေဇကျေလ 14

Study

   

1 ဣသရေလအမျိုးအသက်ကြီးသူ အချို့တို့သည် လာ၍ ငါ့ရှေ့မှာ ထိုင်ကြ၏။

2 ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ဆီသို့ ရောက်လာ၍၊

3 အချင်းလူသား၊ ဤလူတို့သည် ကိုယ်စိတ်နှလုံး၌ ကိုယ်ရုပ်တုများကို တည်ထောင်၍၊ ကိုယ်မျက်နှာရှေ့မှာ ကိုယ်ဒုစရိုက်သစ်တုံးကို ထားကြပြီ။ သူတို့ မေးလျှောက် ခြင်းကို ငါခံရမည်လော။

4 ထိုကြောင့်၊အရှင်ထာဝရဘုရား၏ အမိန့်တော် ကို သူတို့အား ဆင့်ဆိုရမည်မှာ၊ အကြင်ဣသရေလ အမျိုးသားသည် ကိုယ်စိတ်နှလုံး၌ ကိုယ်ရုပ်တုတို့ကို တည် ထောင်၍၊ ကိုယ်မျက်နှာရှေ့မှာ ကိုယ်ဒုစရိုက်သစ်တုံးကို ထားလျက် ပရောဖက်ထံသို့ရောက်လာ၏။ ထိုသူ၌ရုပ်တု များပြားသည်နှင့်အညီ ငါပြန်ပြောမည်။

5 ထိုသို့သောအားဖြင့်၊ ဣသရေလအမျိုးကို သူတို့ စိတ်သဘောရှိသည်နှင့်အညီ ငါဘမ်းမည်။ ထိုသူအပေါင်း တို့သည် မိမိတို့ရုပ်တုများကြောင့် ငါနှင့်ကွာဝေးကြပြီ။

6 ထိုကြောင့်၊ အရှင်ထာဝရဘုရား၏အမိန့်တော် ကို ဣသရေလအမျိုးအား ဆင့်ဆိုရမည်မှာ၊ နောင်တရ၍ ရုပ်တုတို့ကို ကြဉ်ရှောင်ကြလော့။ သင်တို့ပြုသမျှသော စက်ဆုပ်ရွံရှာဘွယ်အမှုတို့မှ မျက်နှာလွှဲကြလော့။

7 ငါနှင့်ကွာပြီးလျှင်၊ ကိုယ်စိတ်နှလုံး၌ ကိုယ် ရုပ်တုများကို တည်ထောင်၍၊ ကိုယ်မျက်နှာရှေ့မှာ ကိုယ် ဒုစရိုက်သစ်တုံးကို ထားလျက်ပင်၊ ငါ့အလိုကို မေးမြန်း ခြင်းငှါ၊ ပရောဖက်ထံသို့လာသော ဣသရေလအမျိုးသား ဖြစ်စေ၊ ဣသရေလအမျိုး၌တည်းနေသော တပါး အမျိုး သားဖြစ်စေ၊ ငါထာဝရဘုရားသည် ကိုယ် အလိုအလျောက် ပြန်ပြောသဖြင့်၊

8 ထိုသူတဘက်၌ငါသည် မျက်နှာထား၍ သူ့ကို နိမိတ်ဖြစ်စေမည်။ စကားပုံလည်းဖြစ်စေမည်။ ထိုသူကို ငါ၏လူတို့အထဲမှ ပယ်ရှားမည်။ ငါသည် ထာဝရဘုရား ဖြစ်ကြောင်းကို သင်တို့သိရကြလိမ့်မည်။

9 ပရောဖက်သည်ဟောပြော၍မှားယွင်းလျှင်၊ ထိုပရောဖက်ကို ငါထာဝရဘုရားမှားယွင်းစေ၏။ ထိုသူကိုငါသည် ဒဏ်ခတ်၍၊ ငါ၏ဣသရေလအမျိုးထဲမှ ပယ်ရှားမည်။

10 သူတို့သည်လည်း အပြစ်နှင့်အလျောက် ဒဏ်ခံ ရကြမည်။ ပရောဖက်ခံရသောဒဏ်သည် ပရောဖက် ကို ဆည်းကပ်သောသူခံရသော ဒဏ်နှင့်တူရလိမ့်မည်။

11 ထိုသို့ဖြစ်လျှင်၊ နောက်တဖန် ဣသရေလအမျိုး သည် ငါ့ကို မစွန့်ပစ်၊ လမ်းမလွှဲ၊ မှားယွင်းခြင်း အပြစ် ရှိသမျှတို့နှင့် နောက်တဖန်မညစ်ညှုးဘဲ၊ ငါ၏လူဖြစ်ရကြ လိမ့်မည်။ ငါသည်လည်း သူတို့၏ဘုရားသခင်ဖြစ်မည်ဟု အရှင်ထာဝရဘုရားမိန့်တော်မူ၏။

12 တဖန်ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊

13 အချင်းလူသားပြည်သားတို့သည် အထပ်ထပ် လွန်ကျူး၍ ငါ့ကို ပြစ်မှားသောကြောင့်၊ ငါသည်လက်ကို ဆန့်၍မုန့်အထောက်အပင့်ကို ချိုးသဖြင့်၊ အစာအာဟာရ ကို ခေါင်းပါးစေ၍၊ ထိုပြည်မှ လူနှင့်တိရစ္ဆာန်တို့ကို ပယ်ဖြတ်လျှင်၊

14 နောဧ၊ ဒံယေလ၊ ယောဘ၊ ဤသုံးယောက်ရှိသော် လည်း၊ ကိုယ်ဖြောင့်မတ်ခြင်းအားဖြင့် ကိုယ်အသက် ဝိညာဉ်ကိုသာ ကယ်နှုတ်ရသော အခွင့်ရှိကြလိမ့်မည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။

15 သားရဲတို့သည် ပြည်၌ပေါ်လာ၍ ဖျက်ဆီးသော ကြောင့်၊ အဘယ်သူမျှမနေနိုင်သဖြင့် လူဆိတ်ညံလျှင်၊

16 ထိုသူသုံးယောက်ရှိသော်လည်း၊ ငါ၏အသက်ရှင် သည်အတိုင်း ကိုယ်သားသမီးကို မကယ်နှုတ်ရ။ ကိုယ်တိုင် သာချမ်းသာရကြ၍၊ ပြည်သည် လူဆိတ်ညံလျက် ရှိရ လိမ့်မည်။

17 သို့မဟုတ်၊ အိုထား၊ ထိုပြည်ကိုလုပ်ကြံလော့ဟု ငါဆိုလျက်၊ ထားဘေးကို ရောက်စေသောကြောင့်၊ လူနှင့် တိရစ္ဆာန်တို့ကို ပယ်ဖြတ်လျှင်၊

18 ထိုသူသုံးယောက်ရှိသော်လည်း၊ ငါအသက်ရှင် သည်အတိုင်း ကိုယ်သားသမီးကိုမကယ်မနှုတ်ရ၊ ကိုယ်တိုင်သာချမ်းသာရကြလိမ့်မည်။

19 သို့မဟုတ်၊ ထိုပြည်ကာလနာကို ငါစေလွှတ် သောကြောင့်၊ လူနှင့် တိရစ္ဆာန်၏အသက်ကို သတ်ဖြတ် ပယ်ရှင်းခြင်းငှါ ငါ၏ဒေါသအရှိန်ကို သွန်းလောင်းလျှင်၊

20 နောဧ၊ ဒံယေလ၊ ယောဘတို့ရှိသော်လည်း၊ ငါ အသက်ရှင်သည် အတိုင်းကိုယ်သားသမီးကို မကယ်မနှုတ်၊ ကိုယ်ဖြောင့်မတ်ခြင်းအားဖြင့် ကိုယ်အသက်ဝိညာဉ်ကို သာ ကယ်နှုတ်ရကြလိမ့်မည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။

21 ထိုကြောင့်၊ အရှင်ထာဝရဘုရား မိန့်တော် မူသားကား၊ ယေရုရှလင်မြို့၌ လူနှင့်တိရစ္ဆာန်တို့ကို ပယ်ဖြတ်ခြင်းငှါ ထားဘေး၊မွတ်သိပ်ခြင်းဘေး၊ ဖျက်ဆီး တတ်သောသားရဲဘေး၊ ကာလနာဘေးတည်းဟူသော၊ အလွန်ဆိုးသော ဘေးလေးပါးတို့ကို ငါစေလွှတ်သော အခါ။ ထိုမျှမက လွှတ်ခဲလိမ့်မည် မဟုတ်လော။

22 သို့ရာတွင်၊ လွတ်၍ ထွက်မြောက်ရသော အကျန်အကြွင်းသား သမီးအချို့ရှိကြလိမ့်မည်။ သူတို့ သည် သင်တို့ရှိရာသို့ထွက်လာ၍၊ ကျင့်ကြံပြုမူသော အမူအရာတို့ကို သင်တို့သိကြလိမ့်မည်။ ယေရုရှလင်မြို့၌ ငါရောက်စေသမျှသောအမှုများကြောင့် စိတ်ပူပန်ခြင်း မရှိ၊ သက်သာခြင်း ရှိကြလိမ့်မည်။

23 သူတို့ ကျင့်ကြံပြုမူသော အမှုအရာတို့ကို သင်တို့ သည် မြင်သောအခါ သက်သာရကြလိမ့်မည်။ ယေရု ရှလင်မြို့ကကို ငါပြုလေသမျှတို့၌၊ အကြောင်းမရှိဘဲ မပြုသည်ကိုသိကြလိမ့်မည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။

   

The Bible

 

ယေဇကျေလ 7

Study

   

1 နောက်တဖန် ထာဝရဘုရား၏နှုတ်ကပတ်တော် သည် ငါ့ဆီသို့ ရောက်လာ၍၊

2 အချင်းလူသား၊ အရှင်ထာဝရဘုရားသည် ဣသ ရေလပြည်သားတို့ကို ရည်မှတ်၍ မိန့်တော်မူသည်ကား၊ ပြည်လေးထောင့်တို့သည် ဆုံးခြင်းသို့ ရောက်ကြ၏။

3 သင်သည် ဆုံးခြင်းသို့ရောက်၍ သင့်အပေါ်သို့ ငါ၏အမျက်ကို ငါလွှတ်လိုက်မည်။ သင်၏အကျင့်နှင့် အလျောက်ငါစီရင်မည်။ သင်ပြုမိသမျှသော ရွံ့ရှာဘွယ် အမှုတို့၏ အကျိုးအပြစ်ကို ဆပ်ပေးမည်။

4 ငါသည် နှမြောစုံမက်ခြင်းမရှိဘဲ သင့်အကျင့် တို့၏ အကျိုးအပြစ်ကို ဆပ်ပေးမည်။ သင်ပြုမိသော ရွံ့ရှာ ဘွယ်အမှုတို့သည် သင်၏အလယ်၌ တည်ကြလိမ့်မည်။ ငါသည်ထာဝရဘုရားဖြစ်ကြောင်းကိုသင်သိရလိမ့်မည်။

5 အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ ဘေးတခု နောက်တခု ရောက်လာ၏

6 ဆုံးခြင်းဘေးရောက်လာ၏။ ဆုံးခြင်းဘေး ရောက်လာ၏။ သင့်ကို စောင့်လျက်ရောက်လာ၏

7 အိုပြည်တော်သား၊ သင်သည် အလှည့်ခံရသော အချိန်ရောက်လာ၏အချိန်စေ့ပြီ။ ရွှင်လန်းစွာ ကြွေး ကြော်ခြင်းမရှိရဘဲ၊ ရုန်းရင်းခတ်ခြင်း အမှုကိုပြုရသော နေ့နီးပြီ။

8 ငါသည် မကြာမမြင့်မှီသင်၏ အပေါ်သို့ ငါ၏ ဒေါသအရှိန်ကို သွန်းလောင်းမည်။ သင်၌ ငါ့အမျက် အလိုကို ပြည့်စုံစေမည်။ သင်၏အကျင့်အတိုင်း စီရင် မည်။ သင်ပြုမိသမျှသော ရွံ့ရှာဘွယ်အမှုတို့၏အကျိုး အပြစ်ကိုဆပ်ပေးမည်။

9 နှမြောစုံမက်ခြင်းမရှိဘဲ၊ သင့်အကျင့်တို့၏ အကျိုးအပြစ်ကို ဆပ်ပေးမည်။ သင်ပြုမိသောရွံ့ရှာဘွယ် အမှုတို့သည် သင်၏အလယ်၌ တည်ကြလိမ့်မည်။ ငါ ထာဝရဘုရားသည် ဒဏ်ပေးကြောင်းကို သိရကြ လိမ့်မည်။

10 နေ့ရက်ရောက်လာ၏။ ရောက်လာ၏။ အလှည့် ခံရချိန်စေ့ပြီ။ တံဖျာပွင့်ပြီ။ မာနကြီးပွားပြီ။

11 ညှဉ်းဆဲခြင်း အမြစ်မှ အပြစ်တံဖျာပေါက်လေပြီ။ သူတို့အစည်းအဝေး၊ သူတို့ပရိသတ်တစုံတယောက်မျှ မကျန်ကြွင်းရ။ သတို့အဘို့ ငိုကြွေးမြည်တမ်းခြင်းကို မပြုရ။

12 အချိန်စေ့ပြီ။ နေ့ရက်နီးပြီ။ ဝယ်သောသူသည် ဝမ်းမမြောက်စေနှင့်။ ရောင်းသောသူသည် စိတ်မသာ၊ မညည်းတွားစေနှင့်။ အကြောင်းမူကား၊ ထိုလူအစုအဝေး အပေါင်းတို့အပေါ်မှာ အမျက်တော်သည် တည်လျက် ရှိ၏။

13 ရောင်းသောသူသည် အသက်လွတ်လျက် ရှိသော်လည်း၊ ရောင်းသော မြေသို့ပြန်၍ မလာရ။ ထိလူအစုအဝေးအပေါင်းတို့နှင့်ဆိုင်သော ဗျာဒိတ်ရူပါရုံ သည် မပြည့်စုံဘဲမနေရ။ မတရားစွာကျင့်သောအားဖြင့် အဘယ်သူမျှမတည်နိုင်ရ။

14 စစ်ခင်းကျင်းစေခြင်းငှါ တံပိုးကို မှုတ်ကြသော် လည်း၊ အဘယ်သူမျှ စစ်ချီ၍မသွား။ အကြောင်းမူကား၊ ငါ့အမျက်သည် ထိုလူအစုအဝေးအပေါင်းတို့အပေါ်မှာ တည်လျက်ရှိ၏။

15 ပြင်၌ ကားထားရှိ၏။ အတွင်း၌ကားနာခြင်း၊ မွတ်သိပ်ခြင်းရှိ၏။ လယ်ပြင်တွင်ရှိသော သူသည် ထားဖြင့် သေလိမ့်မည်။ မြို့ထဲတွင်ရှိသော သူသည်လည်း နာခြင်း၊ မွတ်သိပ်ခြင်း အားဖြင့် ဆုံးလိမ့်မည်။

16 သို့ရာတွင် လွတ်သောသူတို့သည် လွတ်သော အခါ၊ အသီးအသီး မိမိတို့အပြစ်ကြောင့် စိတ်မသာ ညည်းတွားလျက်၊ ချိုင့်သားချိုးကဲ့သို့ တောင်ပေါ်မှာ ရှိကြ လိမ့်မည်။

17 ထိုသူရှိသမျှတို့သည် လက်အားလျော့၍၊ ဒူးသည်လည်း အရည်ဖြစ်လိမ့်မည်။

18 သူတို့သည်လည်း လျှော်တေအဝတ်ကို ဝတ် စည်းလျက်၊ ပြင်းစွာသော ထိတ်လန့်ခြင်းနှင့်ကိုယ်ကို ခြုံလျက်၊ တယောက်မျှမကြွင်း၊ မျက်နှာရှက်ကြောက် လျက်၊ ဆံပင်ဖြတ်လျက် ရှိကြလိမ့်မည်။

19 သူတို့ငွေကို လမ်းသို့ပစ်၍၊ ရွှေကိုညစ်ညူးသော အရာကဲ့သို့ မှတ်ကြလိမ့်မည်။ ထာဝရဘုရားအမျက်ထွက် တော်မူသော ကာလ၌၊ သူတို့ ရွှေငွေသည် သူတို့ကို ကယ်တင်ခြင်းငှါ မတတ်နိုင်။ သူတို့အလိုဆန္ဒကို မဖြေ နိုင်။ ဝစွာမကျွေးနိုင်။ အကြောင်းမူကား၊ ထိုရွှေငွေသည် သူတို့ထိမိ၍မှားယွင်းခြင်းအကြောင်း ဖြစ်သတည်း။

20 သူတို့၌ တင့်တယ်သောတန်ဆာအားဖြင့် သူတို့ မာနကို တိုးပွါးစေ၍၊ သူတို့၌ စက်ဆုပ်ဘွယ်သော ရုပ်တု ဆင်းတုတို့ကို၎င်း၊ ရွံ့ရှာဘွယ်သော အရာတို့ကို၎င်း လုပ်ကြသောကြောင့်၊ ထိုတန်ဆာကို ညစ်ညူးသောအရာ ဖြစ်စေခြင်းငှါ ငါစီရင်မည်။

21 တပါးအမျိုးသားတည်းဟူသော အဓမ္မလူတို့ သည် လုယူဖျက်ဆီးစေခြင်းငှါ သူတို့လက်သို့ငါအပ်သဖြင့်၊ သူတို့သည် ညစ်ညူးစေကြလိမ့်မည်။

22 ငါလည်းမျက်နှာလွှဲသည်ဖြစ်၍၊ သူတို့သည် ငါ၏ သန့်ရှင်းရာဌာနကို ညစ်ညူးစေကြလိမ့်မည်။ ထားပြတို့သည် ဝင်၍ ညစ်ညူးစေကြလိမ့်မည်။

23 သံကြိုးကိုလုပ်လော့။ အကြောင်းမူကား၊ ပြည် သည် လူအသက်ကို သတ်ခြင်းအပြစ်နှင့်ပြည့်၏။ မြို့သည်လည်း ညှင်းဆဲ နှိပ်စက်ခြင်းနှင့် ပြည့်၏။

24 ထိုကြောင့်၊ ကြမ်းကြုတ်သော လူမျိုးတို့ကို ငါဆောင်ခဲ့၍၊ သူတို့သည် အိမ်များကို သိမ်းယူကြလိမ့် မည်။ ခွန်အားကြီးမားသောသူတို့၏ မာနကို ငါငြိမ်း စေမည်။ သူတို့သန့်ရှင်းသောအရပ်တို့သည် ညစ်ညူးခြင်း ရှိကြလိမ့်မည်။

25 ပျက်စီးခြင်းဘေးလာ၏။ သူတို့သည် ငြိမ်ဝပ်ခြင်း ကို ရှာ၍ မတွေ့ရကြ။

26 ဘေးတခုနောက်တခု၊ သိတင်းတခုနောက်တခု ပေါ်လာလိမ့်မည်။ ပရောဖက်ထံမှာ ဗျာဒိတ်ရူပါရုံကို ရှာသော်လည်း မရကြ။ ယဇ်ပုရောဟိတ်တို့သည် တရား ဟောသောအခွင့်၊ အသက်ကြီးသော သူတို့သည် အကြံ ပေးသောအခွင့်ကို မရဘဲနေကြလိမ့်မည်။

27 ရှင်ဘုရင်သည် ညည်းတွားခြင်း မြည်တမ်း လိမ့်မည်။ မင်းသားသည် မှိုင်တွေခြင်းအဝတ်ကို ဝတ်ရ လိမ့်မည်။ ပြည်သူပြည်သားတို့၏ လက်တို့သည် တုန်လှုပ် ကြလိမ့်မည်။ သူတို့ကျင့်ကြသည်အတိုင်း သူတို့၌ ငါပြု မည်။ သူတို့စီရင်ကြသည်အတိုင်း ငါပြန်၍ စီရင်မည်။ ငါသည်ထာဝရ ဘုရားဖြစ်ကြောင်းကို သိရကြလိမ့်မည်ဟု မိန့်တော်မူ၏။