Die Bibel

 

ကမ္ဘာ ဦး 2

Lernen

   

1 ထိုသို့ ကောင်းကင်မြေကြီးနှင့်တကွ ခပ်သိမ်းသော တန်ဆာတို့သည် ပြီးစီးလျက်ရှိကြ၏။

2 သတ္တမနေ့ရက်ရောက်လျှင်၊ ဘုရားသခင်သည် ဖန်ဆင်းသောအမှုကို လက်စသတ်တော်မူခဲ့ပြီးသည် ဖြစ်၍၊ ဖန်ဆင်းသမျှသော အမူအရာတို့သည် ပြီးစီးပြီးမှ၊ ထိုသတ္တမနေ့၌ ငြိမ်ဝပ်စွာနေတော်မူ၏။

3 ထိုသတ္တမနေ့ကို ဘုရားသခင်သည် ကောင်းကြီးပေး၍ သန့်ရှင်းစေတော်မူ၏။ အကြောင်းမူကား၊ ဖန်ဆင်းပြုပြင်တော်မူသော ထိုအမူအရာအလုံးစုံတို့သည် ပြီးစီးသောကြောင့် ထိုနေ့ရက်၌ ငြိမ်ဝပ်စွာနေ တော်မူ၏။

4 ဤအကြောင်းအရာကား၊ ထာဝရအရှင်ဘုရားသခင်သည် ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းတော်မူ သောနေ့၊ ဖန်ဆင်းရာကာလ၌ကောင်းကင်နှင့်မြေကြီး၏ မူလအတ္ထုပတ္တိပေတည်း။

5 မြေလယ်ယာပျိုးပင်မပေါက်မှီ၊ လယ်ယာ၌ စပါးပင်မကြီးပွားမှီ၊ အပင်ရှိသမျှတို့ကိုဖန်ဆင်းတော်မူ၏။ ထိုအခါ ထာဝရအရှင်ဘုရားသခင်သည် မြေပေါ်၌ မိုဃ်းကိုရွာစေတော်မမူသေး။ မြေ၌လုပ်သော လူလည်း မရှိသေးသည်ဖြစ်၍၊

6 မြေမှအခိုးအငွေ့ွက်သဖြင့် မြေတပြင်လုံးကို စိုစေလေ၏။

7 ထိုနောက်၊ ထာဝရအရှင်ဘုရားသခင်သည် မြေမှုန့်ဖြင့် လူကို ဖန်ဆင်း၍၊ သူ၏နှာခေါင်းထဲသို့ ဇိဝအသက်ကို မှုတ်တော်မူလျှင်၊ လူသည် အသက်ရှင်သော သတ္တဝါဖြစ်လေ၏။

8 ထာဝရအရှင် ဘုရားသခင်သည်လည်း အရှေ့မျက်နှာ၊ ဧဒင်အရပ်၌ဥယျာဉ်ကို စိုက်ပျိုးပြီးလျှင်၊ ဖန်ဆင်းတော်မူသောလူကို ထိုဥယျာဉ်၌ နေရာချတော်မူ၏။

9 ထိုမြေထဲက အဆင်းလှ၍၊ စားဘွယ်ကောင်းသော အပင်အမျိုးမျိုးကို ထာဝရအရှင်ဘုရားသခင် ပေါက်စေတော်မူ၏။ ထိုဥယျာဉ်အလယ်၌ အသက်ပင်လည်းရှိ၏။ ကောင်းမကောင်းကို သိကျွမ်းရာအပင် လည်းရှိ၏။

10 ထိုဥယျာဉ်ကို စိုစေလိုသောငှာ မြစ်မြစ်သည် ဧဒင်အရပ်ထဲကစီးထွက်သဖြင့်၊ ဥယျာဉ်ပြင်မှာ လေးဖြာကွဲ၍ မြစ်လေးသွယ်ဖြစ်လေ၏။

11 ပဌမမြစ်ကား ဖိရုန်အမည်ရှိ၏။ ထိုမြစ်သည် ရွှေရှိသော ဟာဝိလပြည်နား တရှောက်လုံးကို စီးသွား လေ၏။

12 ထိုပြည်မှဖြစ်သောရွှေသည် ကောင်းလှ၏။

13 ဗဓေလသစ်စေးနှင့် ရှဟံကျောက်လည်းရှိ၏။ ဒုတိယမြစ်ကား ဂိဟုန်အမည်ရှိ၏။ ထိုမြင်သည် ကုရှပြည် နား တရှောက်လုံးကို စီးသွားလေ၏။

14 တတိယမြစ်ကား ဟိဒကေလအမည်ရှိ၏။ ထိုမြစ်သည် အာရှုရိတိုင်း အရှေ့သို့ စီးသွားလေ၏။ စတုတ္ထမြစ်ကား ဥဖရတ်အမည်ရှိ၏။

15 ထိုအခါ ထာဝရအရှင်ဘုရားသခင်သည် လူကိုယူ၍ ဧဒင်ဥယျာဉ်ကို ပြုစုစောင့်ရှောက်စေခြင်းငှါ ထားတော်မူ၏။

16 ထာဝရအရှင်ဘုရားသခင်ကလည်း၊ ကောင်းမကောင်းကို သိကျွမ်းရာအပင်မှတပါး၊ ထိုဥယျာဉ်၌ ရှိသမျှသော အပင်တို့၏အသီးကို သင်သည် စားရသောအခွင့်ရှိ၏။

17 ထိုအပင်၏ အသီးကိုကား မစားရ။ စားသောနေ့တွင် ဧကန်အမှန်သေရမည်ဟု လူကို ပညက် ထားတော်မူ၏။

18 ထာဝရအရှင်ဘုရားသခင်ကလည်း၊ ယောက်ျားသည် တယောက်တည်းမနေကောင်း၊ သူနှင့်တော်သော အထောက်အမကို သူဘို့ငါလုပ်ဦးမည်ဟု အကြံရှိတော်မူ၏။

19 ထာဝရရှင်ဘုရားသခင်သည် မြေတိရစ္ဆာန်တို့နှင့်၊ မိုဃ်းကောင်းကင်ငှက်အပေါင်းတို့ကို မြေဖြင့်ဖန်ဆင်း တော်မူပြီးလျှင်၊ လူသည် အဘယ်သို့ခေါ်ဝေါ်သမုတ်မည်ကို သိခြင်းငှာ၊ လူရှိရာသို့ ဆောင်ခဲ့တော်မူ၏။ လူသည် လည်း အသက်ရှင်သော သတ္တဝါအပေါင်းတို့ကို ခေါ်ဝေါ် သမုတ်သည့်အတိုင်း၊ နာမည်အသီးအသီးရှိကြ၏။

20 ထိုသို့လူသည် သားယဉ်အပေါင်းတို့ကို၎င်း၊ မိုဃ်းကောင်းကင် ငှက်အပေါင်းတို့ကို၎င်း၊ မိုဃ်းကောင်း ကင်ငှက်အပေါင်းတို့ကို၎င်း၊ သားရဲအပေါင်းတို့ကို၎င်း၊ အမည်ပေး၍မှည့်လေ၏။ သို့သော်လည်း လူနှင့်တော် သော အထောက်အမ မပေါ်မရှိသေး၊

21 ထိုအခါ ထာဝရအရှင်ဘုရားသခင်သည် လူကို ကြီးသောအိပ်ခြင်းဖြင့် အိပ်စေတော်မူ၍၊ လူသည် အိပ်ပျော်စဉ်၊ နံရိုးတချောင်းကို ဘုရားသခင်ထုတ်ပြီးလျှင်၊ ထိုအရိုးအစားအသားကို စေ့စပ်စေတော်မူ၏။

22 ထာဝရအရှင်ဘုရားသခင်သည် လူထဲကထုတ်သော နံရိုးဖြင့် လူမိန်းမကိုဖန်ဆင်း၍လူရှိရာသို့ ဆောင်ခဲ့ တော်မူ၏။

23 လူကလည်း၊ ယခု ဤသူသည်ငါ့အရိုးထဲကအရိုး၊ ငါ့အသားထဲက အသားဖြစ်၏။ လူထဲက ထုတ်သော ကြောင့် သူ့ကိုလူမိန်းမဟု ခေါ်ဝေါ်အပ်သည်ဟု ဆိုလေ၏။

24 ထိုအကြောင်းကြောင့် ယောက်ျားသည် ကိုယ်မိဘကို စွန့်၍၊ ကိုယ့်ခင်ပွန်း၌မှီဝဲသဖြင့်၊ ထိုသူတို့သည် တသားတကိုယ်တည်း ဖြစ်ရလိမ့်မည်။

25 ထိုသူလင်မယားနှစ်ဦးတို့သည် အဝတ်မဝတ်ဘဲ နေ၍၊ ရှက်ကြောက်ခြင်းနှင့်ကင်းလွတ်ကြ၏။

   

Die Bibel

 

ထွက်မြောက်ရာ 20

Lernen

   

1 ထိုအခါ ဘုရားသခင် မိန့်တော်မူသော စကားများဟူမူကား၊

2 ငါသည် သင့်ကို ကျွန်ခံနေရာ အဲဂုတ္တုပြည်မှ ကယ်နှုတ်ဆောင်ယူခဲ့ပြီးသော သင်၏ဘုရားသခင် ထာဝရဘုရားဖြစ်၏။

3 ငါမှတပါး အခြားသောဘုရားကို မကိုးကွယ်နှင့်။

4 အထက်မိုဃ်းကောင်းကင်၌၎င်း၊ အောက်အရပ် မြေကြီးပေါ်၌၎င်း၊ မြေကြီးအောက်ရေထဲ၌၎င်း ရှိသော အရာနှင့် ပုံသဏ္ဌာန်တူအောင်၊ ရုပ်တုဆင်းတုကို ကိုယ်အဘို့မလုပ်နှင့်။

5 ဦးမချဝတ်မပြုနှင့်။ အကြောင်းမူကား၊ သင်၏ဘုရားသခင် ငါထာဝရဘုရားသည်၊ သင်၌အပြစ်ရှိသည် ဟု ယုံလွယ်သောဘုရား၊ ငါ့ကို မုန်းသောသူတို့၏ အမျိုးအစဉ်အဆက်၊ တတိယအဆက်၊ စတုတ္ထအဆက် တိုင်အောင်၊ အဘတို့၏ အပြစ်ကို သားတို့၌ ဆပ်ပေးစီရင်သောဘုရား

6 ငါ့ကိုချစ်၍ ငါ့ပညတ်တို့ကို ကျင့်သောသူတို့၏ အမျိုးအစဉ်အဆက် အထောင်အသောင်းတိုင်အောင်၊ ကရုဏာကို ပြသော ဘုရားဖြစ်၏။

7 သင်၏ဘုရားသခင် ထာဝရဘုရား၏ နာမတော်ကို မုသာနှင့်ဆိုင်၍ မမြွက်မဆိုနှင့်။ အကြောင်းမူကား၊ နာမတော်ကို မုသာနှင့်ဆိုင်၍ မြွက်ဆိုသောသူကို အပြစ်မရှိဟု ထာဝရဘုရား မှတ်တော်မမူ။

8 ဥပုသ်နေ့ကို သန့်ရှင်းစေခြင်းငှာ၊ ထိုနေ့ရက်ကို အောက်မေ့လော့။

9 ခြောက်ရက်ပတ်လုံး အလုပ်မျိုးကို ကြိုးစား၍ လုပ်ဆောင်လော့။

10 သတ္တမနေ့ရက်သည် သင်၏ဘုရားသခင် ထာဝရဘုရား၏ ဥပုသ်နေ့ဖြစ်၏။ ထိုနေ့၌ သင်မှစ၍ သင်၏သားသမီးကျွန်ယောက်ျား မိန်းမ၊ တိရစ္ဆာန်၊ သင်၏ တံခါးအတွင်း၌နေသော ဧည့်သည်အာဂန္တုသည် အလုပ်မလုပ်ရ။

11 အကြောင်းမူကား၊ ထာဝရဘုရားသည် မိုဃ်းကောင်းကင်မြေကြီး၊ သမုဒ္ဒရာ၊ အရပ်ရပ်၌ရှိသမျှတို့ကို ခြောက်ရက်တွင် ဖန်ဆင်း၍ သတ္တမနေ့ရက်၌ ငြိမ်ဝပ်စွာနေတော်မူ၏။ ထိုကြောင့် ထာဝရဘုရားသည် သတ္တမနေ့ရက်ကို ကောင်းကြီးပေး၍ သန့်ရှင်းစေတော်မူ၏။

12 သင်၏ဘုရားသခင် ထာဝရဘုရား ပေးသနားတော်မူသောပြည်၌ သင်၏အသက်တာ ရှည်မည် အကြောင်း၊ သင်၏မိဘကို ရိုသေစွာပြုလော့။

13 လူအသက်ကို မသတ်နှင့်။

14 သူ့မယားကို မပြစ်မှားနှင့်။

15 သူ့ဥစ္စာကို မခိုးနှင့်။

16 ကိုယ်နှင့်စပ်ဆိုင်သောသူတဘက်၌ မမှန်သောသက်သေကို မခံနှင့်။

17 ကိုယ်နှင့်စပ်ဆိုင်သောသူ၏ အိမ်ကို တပ်မက်လိုချင်သောစိတ်မရှိစေနှင့်။ ကိုယ်နှင့်စပ်ဆိုင်သောသူ၏ မယား၊ သူ၏ကျွန် ယောက်ျား မိန်းမ၊ နွား၊ မြည်းမှစ၍ ကိုယ်နှင့်စပ်ဆိုင်သောသူ၏ ဥစ္စာ တစုံတခုကိုမျှ တပ်မက်လိုချင်သောစိတ် မရှိစေနှင့်ဟု မိန့်တော်မူ၏။

18 လူအပေါင်းတို့သည် မိုဃ်းချုန်းခြင်း၊ လျှပ်ပြက်ခြင်း၊ တံပိုးသံမြည်ခြင်း၊ တောင်ထဲကမီးခိုးထွက်ခြင်း အကြောင်းအရာတို့ကို မြင်သောအခါ၊ ကြောက်သောကြောင့် ရွှေ့၍ အဝေး၌ ရပ်နေကြ၏။

19 မောရှေကိုလည်း၊ အကျွန်ုပ်တို့အား ကိုယ်တော်မိန့်တော်မူပါ၊ အကျွန်ုပ်တို့သည် နားထောင်ပါမည်။ အကျွန်ုပ်တို့အား ဘုရားသခင်မိန့်တော်မမူပါစေနှင့်။ အကျွန်ုပ်တို့သည် သေမည်ကို စိုးရိမ်ပါသည်ဟု လျှောက်ဆိုကြ၏။

20 မောရှေကလည်း၊ မစိုးရိမ်ကြနှင့်။ သင်တို့ကို စုံစမ်းခြင်းငှာ၎င်း၊ သင်တို့သည် ပြစ်မှားခြင်းနှင့် လွတ်မည်အကြောင်း ကိုယ်တော်ကို ကြောက်စေခြင်းငှာ၎င်း၊ ဘုရားသခင်ကြွလာတော်မူပြီဟု လူများတို့အား ပြောဆို၏။

21 လူများတို့သည်လည်း အဝေး၌ ရပ်နေကြ၏။ မောရှေမူကား၊ ဘုရားသခင်ရှိတော်မူရာ ထူထပ်သော မှောင်မိုက်သို့ ချဉ်းကပ်လေ၏။

22 ထာဝရဘုရားကလည်း၊ ဣသရေလအမျိုးသားတို့အား ပြန်ပြောရသော စကားဟူမူကား၊ ငါသည် ကောင်းကင်ဘုံမှ သင်တို့နှင့် နှုတ်ဆက်ကြောင်းကို သင်တို့သည် သိမြင်ကြပြီ။

23 ငါ့ကို ကိုးကွယ်သောအမှု၌ ကိုယ်သုံးဘို့ ငွေဘုရား၊ ရွှေဘုရားကို မလုပ်ရ။

24 ငါ့အဘို့ မြေယဇ်ပလ္လင်ကို တည်ရမည်။ ထိုပလ္လင်ပေါ်မှာ သင်၏မီးရှို့သောယဇ်၊ မိဿဟာယယဇ် တည်းဟူသော သင်၏သိုးနွားတို့ကို ယဇ်ပူဇော်ရမည်။ ငါ့အခွင့်ရှိ၍၊ ငါ့နာမကို ကိုးကွယ်ရာအရပ်ခပ်သိမ်းတို့၌၊ သင့်ဆီသို့ ငါကြွလာကောင်းကြီးပေးမည်။

25 သင်သည် ကျောက်ယဇ်ပလ္လင်ကို ငါ့အဘို့ တည်လျှင်၊ ဆစ်သောကျောက်ကို မတည်ရ။ သံတန်ဆာပါ၍ တည်သောယဇ်ပလ္လင်သည် ညစ်ညူးခြင်းရှိ၏။

26 သင်၌ ရှက်စရာအကြောင်း မထင်မပေါ်စေခြင်းငှာ၊ ယဇ်ပလ္လင်ပေါ်သို့ လှေကားဖြင့် မတက်ရဟု မိန့်တော်မူ၏။