Bible

 

အာမုတ် 5

Studie

   

1 အိုဣသရေလအမျိုး၊ ယခုသင်တို့၌ ငါမြွက်ဆို၍ မြည်တမ်းသောစကားကို နားထောင်ကြလော့။

2 ဣသရေလသတို့သမီးကညာသည်လဲပြီ။ နောက်တဖန်မရ။ မိမိမြေပေါ်မှာ တုံးလုံးနေ၏။ ချီကြွ သောသူမရှိ။

3 အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ ဣသရေလအမျိုး၏ အမှုကိုထမ်းစေဘို့ လူတထောင်ကို ပေးနိုင်သောမြို့သည် လူတရာတရာကို ပေးနိုင်သော မြို့သည် တကျိပ်ကိုသာပေးနိုင်လိမ့်မည်။

4 ထာဝရဘုရားသည် ဣသရေလအမျိုးအား မိန့်တော်မူသည်ကား၊ ငါ့ကို ရှာကြလော့။ ရှာလျှင်အသက် ချမ်းသာရကြလိမ့်မည်။

5 ဗေသလမြို့ကို မရှာကြနှင့်။ ဂိလဂါလမြို့သို့မဝင်ကြနှင့်။ ဗေရရှေဘမြို့သို့ မသွားကြနှင့်။ အကြောင်းမူကား၊ ဂိလဂါလမြို့သည် ဆက်ဆက်သိမ်းသွားခြင်းကို ခံရလိမ့်မည်။ ဗေသလမြို့သည်လည်း၊ အကျိုးနည်း ရှိရလိမ့်မည်။

6 ထာဝရဘုရားကို ရှာကြလော့ ရှာလျှင် အသက်ချမ်းသာရကြလိမ့်မည် သို့မဟုတ်လျှင်၊ ယောသပ်အမျိုး အပေါ်မှာ မီးကဲ့သို့တက်၍၊ အဘယ်သူမျှ မငြိမ်းနိုင်အောင် ဣသရေလအမျိုးကို လောင်စေတော်မူမည်

7 တရားသဖြင့် စီရင်ခြင်းကို ဒေါနဖြစ်စေ၍ ဖြောင့်မတ်ခြင်းတရားကို မြေသို့ ချကြပြီးသော သူတို့၊

8 ခိမကြယ်စုနှင့် ခသိလကြယ်ကို ဖန်ဆင်းထသော၊ သေမင်းအရိပ်ကို နံနက်အလင်း ဖြစ်စေခြင်းငှါ၎င်း၊ နေ့အလင်းကို ဉ့်အမိုက်ဖြစ်စေခြင်းငှါ၎င်း စီရင်ထသော၊ ပင်လယ်ရေကိုခေါ်မြေပေါ်မှာသွန်းလောင်း ထသော၊ ထာဝရဘုရား်းဟူသော ဘွဲ့နာမရှိထသော၊

9 ခွန်အားကြီးသော သူတို့ကို၎င်း၊ ရဲတိုက်တို့ကို၎င်း ဖျက်ဆီးတော်မူသောဘုရားကို ရှာကြလော့။

10 မြို့တံခါးဝတွင် ဆုံးမတတ်သောသူကို မုန်း၍ ဖြောင့်မတ်စွာပြောတတ်သော သူကို ရွံ့ရှာကြပြီတကား။

11 သင်တို့သည် ဆင်းရဲသားကိုနှိပ်စက်၍ ဂျုံစပါးကို တောင်းခံတတ်သောကြောင့်၊ ဆစ်သောကျောက်နှင့် တိုက်ကိုတည်သော်လည်း ထိုတိုက်၌ မနေရကြ။ နှစ်သက်ဘွယ်သော စပျစ်ဥယျာဉ်ကိုစိုက်သော်လည်း၊ စပျစ်ရည် ကို မသောက်ရကြ။

12 သင်တို့ အထပ်ထပ် လွန်ကျူးသော ဒုစရိုက်၊ အလွန်လေးသော အပြစ်တို့ကို ငါသိ၏။ ဖြောင့်မတ်သော သူကို နှောင့်ရှက်တတ်ကြ၏။ တံစိုးစားတတ်ကြ၏။ ဆင်းရဲသားကို တံခါးဝတွင် မတရားသဖြင့် စီရင်တတ် ကြ၏။

13 ထိုသို့သောကာလသည် ဆိုးယုတ်သောကာလ ဖြစ်သောကြောင့်၊ ပညာရှိသောသူသည် တိတ်ဆိတ်စွာ နေလိမ့်မည်။

14 အသက်ချမ်းသာစေခြင်းငှါ ဒုစရိုက်ကိုရှောင်၍ သုစရိုက်ကို ရှာကြလော့။ ထိုသို့ပြုလျှင်၊ သင်တို့ဆိုတတ် သည်အတိုင်း၊ ကောင်းကင်ဗိုလ်ခြေအရှင် ဘုရားသခင်ထာဝရဘုရားသည် သင်တို့နှင့်အတူ ရှိတော်မူလိမ့်မည်။

15 ဒုစရိုက်ကို မုန်း၍ သုစရိုက်ကို ချစ်ကြလော့။ မြို့တံခါးဝတွင် တရားကို တည်စေကြလော့။ ကောင်းကင် ဗိုလ်ခြေအရှင်ဘုရားသခင်ထာဝရဘုရားသည် ကျန်ကြွင်းသောယောသပ်အမျိုးကို သနားကောင်းသနား တော်မူလိမ့်မည်။

16 ကောင်းကင်ဗိုလ်ခြေအရှင်ဘုရား သခင်ထာဝရ ဘုရားမိန့်တော်မူသည်ကား၊ ခပ်သိမ်းသောလမ်းတို့၌ မြည်တမ်းခြင်းရှိ၍ သွားလာသောသူတို့က၊ အလိုလေး၊ အလိုလေးဟု ဆိုကြလိမ့်မည်။ လယ်လုပ်သောသူသည် ညည်းတွားစေခြင်းငှါ၎င်း၊ မြည်တမ်းတတ်သောသူသည် ငိုကြွေးမြည်တမ်းစေခြင်းငှါ၎င်း ခေါ်ကြလိမ့်မည်။

17 ခပ်သိမ်းသောစပျစ်ဥယျာဉ်တို့၌လည်း မြည်တမ်းခြင်းရှိလိမ့်မည်။ အကြောင်းမူကား၊ ငါသည် သင်တို့ အလယ်၌ ရှောက်သွားမည်ဟု ထာဝရဘုရား မိန့်တော်မူ၏။

18 ထာဝရဘုရားနေ့ရက်ကို တောင့်တသောသူတို့သည် အမင်္ဂလာရှိကြ၏။ သင်တို့သည် အဘယ် အကျိုးရှိကြလိမ့်မည်နည်း။ ထာဝရဘုရားနေ့ရက်သည် သင်တို့၌ လင်းသည်မဟုတ်၊ အမိုက်ဖြစ်လိမ့်မည်။

19 လူသည် ခြင်္သေ့ရှိရာမှပြေး၍ ဝံကိုတွေ့သကဲ့သို့၎င်း၊ အိမ်ထဲသို့ဝင်၍ ထရံကိုမှီစဉ် မြွေကိုက်သကဲ့သို့၎င်း ဖြစ်လိမ့်မည်။

20 ထာဝရဘုရားနေ့ရက်သည်မလင်းဘဲ မိုက်လိမ့်မည်။ ထွန်းလင်းခြင်း အလျှင်းမရှိ၊ အမိုက်သက်သက် ဖြစ်လိမ့်မည်။

21 သင်တို့ စောင့်သောပွဲနေ့တို့ကို ငါမုန်း၏စက်ဆုပ်ရွံရှာ၏။ ခြိုးခြံစွာကျင့်သော နေ့ရက်တို့၌ ငါမမွေ့ လျော်။

22 မီးရှို့ရာယဇ်နှင့် ဘောဇဉ်ပူဇော်သက္ကာတို့ကို ဆက်ကပ်သော်လည်း ငါလက်မခံ။ ဆူဝသော တိရစ္ဆာန် တို့ကို မိဿဟာယယဇ်ပူဇော်သော်လည်း ငါသည် ပမာဏမပြု။

23 သင်တို့သီချင်းဆိုသံကို ပယ်ရှားကြလော့။ တယောထိုးသံကို ငါနားငြီးလှ၏။

24 တရားသဖြင့် စီရင်ခြင်းကို ရေကဲ့သို့၎င်း၊ ဖြောင့်မတ်ခြင်းကို မပြတ်စီးသော မြစ်ရေကဲ့သို့၎င်း စီးစေကြ လော့။

25 အိုဣသရေလအမျိုး၊ သင်တို့သည် ယဇ်နှင့် ပူဇော်သက္ကာများကို တော၌ အနှစ်လေးဆယ်ပတ်လုံး ငါ့အား ပူဇော်ကြသလော။

26 သင်တို့ဘုရား မောလုပ်၏တဲနှင့် သင်တို့ဘုရား ခိအုန်၏ကြယ်တည်းဟူသော ကိုယ်အဘို့ လုပ်သော ပုံတို့ ကို ဆောင်ရွက်ကြပြီတကား။

27 ထိုကြောင့်၊ သင်တို့ကို ဒမာသက်မြို့တဘက်သို့သိမ်းသွားစေခြင်းငှါ ငါစီရင်မည်ဟု၊ ကောင်းကင်ဗိုလ်ခြေ အရှင်ဘုရားသခင်ဟူ၍ ဘွဲ့နာမရှိသော ထာဝရဘုရား မိန့်တော်မူ၏။

   

Bible

 

တောလည်ရာ 28:3

Studie

       

3 တဖန်ဆင့်ဆိုရမည်မှာ၊ နေ့တိုင်းအစဉ်အမြဲ မီးရှို့ရာယဇ်ဘို့၊ အခါမလည် အပြစ်မပါသော သိုးသငယ် နှစ်ကောင်ကို ထာဝရဘုရားအား မီးဖြင့်ပူဇော်ရမည်။

Bible

 

သုတ္တံကျမ်း 22

Studie

   

1 ကောင်းသောအသရေကို များစွာသော ဥစ္စာ ထက်သာ၍ ရွေးစရာကောင်း၏။ သူတပါးစုံမက်ခြင်း ကျေးဇူးသည် ရွှေငွေထက်သာ၍ ကောင်း၏။

2 ငွေရတတ်သောသူနှင့် ဆင်းရဲသောသူတို့သည် တွေ့ကြံကြ၏။ ထိုသူအပေါင်းတို့ကို ထာဝရဘုရား ဖန်ဆင်းတော်မူ၏။

3 သမ္မာသတိရှိသောသူသည် အမှုကိုမြော်မြင်၍ ပုန်းနေတတ်၏။ ဥာဏ်တိမ်သောသူမူကား၊ အစဉ် အတိုင်းသွား၍ အမှုနှင့်တွေ့တတ်၏။

4 စိတ်နှိမ့်ချခြင်း၊ ထာဝရဘုရားကို ကြောက်ရွံ့ ခြင်းကျေးဇူးကြောင့် စည်းစိမ်၊ ဂုဏ်အသရေ၊ အသက်ကို ရတတ်၏။

5 သဘောကောက်သောလူ သွားရာလမ်း၌၊ ဆူး ပင်များနှင့် ကျော့ကွင်းများရှိတတ်၏။ မိမိစိတ်ဝိညာဉ်ကို စောင့်ရှောက်သောသူမူကား ဝေးစွာ ရှောင်သွားလိမ့်မည်။

6 သူငယ်သွားရာလမ်းဝ၌ ဆုံးမသွန်သင်လော့။ သို့ပြုလျှင် သူသည်အိုသောအခါ ထိုလမ်းမှမလွှဲ၊ လိုက် သွားလိမ့်မည်။

7 ငွေရတတ်သော သူသည်ဆင်းရဲသောသူကို အစိုးရ၏။ ချေးငှါးယူသော သူသည်ချေးငှါးပေးသောသူ၌ ကျွန်ဖြစ်၏။

8 ဒုစရိုက်မျိုးစေ့ကို ကြဲသောသူသည် ဒုက္ခစပါးကို ရိတ်ရမည်။ ဒေါသစိတ်ရှိ၍ ဒဏ်ပေးနိုင်သော တန်ခိုး လည်း ပျောက်လိမ့်မည်။

9 ကရုဏာမျက်စိရှိသောသူသည် ဆင်းရဲသော သူတို့ကိုကျွေးသောကြောင့် မင်္ဂလာရှိလိမ့်မည်။ ရန်တွေ့ ခြင်းနှင့်ကဲ့ရဲ့ခြင်းလည်း ငြိမ်းလိမ့်မည်။

10 မထီမဲ့မြင်ပြုသောသူကိုနှင်ထုတ်လော့။ သို့ပြု လျှင် ရန်မာန်လည်း ထွက်သွားလိမ့်မည်။ ရန်တွေ့ခြင်းနှင့် ကဲ့ရဲ့ခြင်းလည်း ငြိမ်းလိမ့်မည်။

11 စိတ်နှလုံးဖြူစင်ခြင်းကို နှစ်သက်သောသူသည် လျောက်ပတ်သောစကားကို ပြောတတ်၍၊ ရှင်ဘုရင်နှင့် မိတ်ဆွေဖွဲ့ရလိမ့်မည်။

12 ထာဝရဘုရား၏ မျက်စိတော်သည် ပညာ အတတ်ကို စောင့်၏။ ပြစ်မှားသောသူ၏စကားကိုကား ချေတော်မူ၏။

13 ပျင်းရိသောသူက၊ အိမ်ပြင်မှာခြင်္သေ့ရှိ၏။ လမ်း သို့ ထွက်လျှင် ငါသေလိမ့်မည်ဟု ဆိုတတ်၏။

14 အမျိုးပျက်သော မိန်းမ၏နှုတ်သည် နက်သော မြေတွင်းဖြစ်၏။ ထာဝရဘုရားစက်ဆုပ်ရွံရှာတော်မူ သော သူသည်ထိုမြေတွင်းထဲသို့ ကျလိမ့်မည်။

15 မိုက်သောသဘောသည် သူငယ်၏ စိတ်နှလုံး ထဲမှာ ထုပ်ထားလျက်ရှိ၏။ သို့သော်လည်း၊ ဆုံးမသော ကြိမ်လုံးသည် ထိုသဘောကို ဝေးစွာ နှင်တတ်၏။

16 ကိုယ်စီးပွါးအဘို့ ဆင်းရဲသားတို့ကို ညှဉ်းဆဲ သောသူနှင့်၊ ငွေရတတ်သော သူတို့အား ပေးသောသူ သည် ဆင်းရဲခြင်းသို့ အမှန်ရောက်လိမ့်မည်။

17 သင်၏နားကိုညွှတ်၍ ပညာရှိစကားကို နား ထောင်လော့။ ငါ့ပညာအတတ်ကိုလည်း စိတ်နှလုံး၌ စွဲလမ်းလော့။

18 သင်၏နှလုံး၌ သွင်းမိနိုင်လျှင် သာယာသော အကျိုးရှိလိမ့်မည်။ သင်၏နှုတ်၌လည်း အစဉ်အသင့်ရှိ လိမ့်မည်။

19 သင်သည်ထာဝရဘုရား၌ ခိုလှုံမည်အကြောင်း၊ သင့်ကိုယ်တိုင် ကိုယနေ့ငါသွန်သင်၏။

20-21 သင်သည် သမ္မာတရားစကားစစ်ကိုသိမည် အကြောင်းနှင့်၊ သင့်ထံသို့ စေလွှတ်သောသူတို့အား၊ သမ္မာ စကားကို ပြန်ပြောနိုင်မည်အကြောင်း သတိပေးလျက်၊ ပညာအတတ်ကို ပြသလျက်၊ ထူးဆန်းသော အရာတို့ကို ငါရေး၍ ပေးလိုက်သည်မဟုတ်လော။

22 ဆင်းရဲသောသူ၏ဆင်းရဲကိုထောက်၍၊ သူ၏ ဥစ္စာကို မလုမယူနှင့်။ ဒုက္ခိတသတ္တဝါကို မြို့တံခါးဝ၌ မညှဉ်းဆဲနှင့်။

23 အကြောင်းမူကား၊ ထာဝရဘုရားသည် သူတို့ အမှုကို စောင့်တော်မူမည်။ သူတို့ဥစ္စာကို လုယူသော သူတို့၏ အသက်ကို လုယူတော်မူမည်။

24 စိတ်တိုသောသူကို မိတ်ဆွေမဖွဲ့နှင့်။ အမျက် ပြင်းထန်သော သူနှင့် အတူမလိုက်နှင့်။

25 လိုက်လျှင် သူ၏ထုံးစံဓလေ့တို့ကိုသင်၍၊ ကိုယ် အသက်ကျော့မိရာဖြစ်လိမ့်မည်။

26-27 လက်ဝါးချင်းရိုက်သောလူစုနှင့် သူ့ကြွေးကို အာမခံသော လူစုထဲသို့ မဝင်နှင့်။ သင်၌ပေးရန်မရှိလျှင်၊ သင့်အိပ်ရာကို အဘယ်ကြောင့် ယူသွားစေချင်သနည်း။

28 ဘိုးဘေးစိုက်ဘူးသော မြေမှတ်တိုင်တို့ကို မရွှေ့ နှင့်။

29 ဆောင်ရွက်စရာအမှုကိုကြိုးစား၍ ပြီးစီးစေ တတ်သောသူရှိသလော။ ထိုသူသည် သာမညလူ၏ အမှုကို မဆောင်ရွက်၊ ရှင်ဘုရင်၏ အမှုတော်ကို ဆောင် ရွက်၏။