Bible

 

ဝတ်ပြုရာကျမ်း 26

Studie

   

1 သင်တို့သည် ကိုယ်အဘို့ ထုလုပ်သော ရုပ်တုဆင်းတုကို မရှိစေရ။ သင်တို့ပြည်၌ ကိုးကွယ်စရာ မှတ်တိုင်ကို မစိုက်ရ။ ထုသောကျောက်ကို ထောင်၍မထားရ။ ငါသည် သင်တို့၏ ဘုရားသခင် ထာဝရဘုရား ဖြစ်၏။

2 ငါ့ဥပုသ်နေ့တို့ကိုစောင့်၍၊ ငါ့သန့်ရှင်းရာဌာနတော်ကို ရိုသေရမည်။ ငါသည် ထာဝရဘုရားဖြစ်၏။

3 သင်တို့သည်၊ ငါ့ထုံးဖွဲ့ရာလိမ်းသို့လိုက်၍၊ ငါပညတ်တို့ကို ကျင့်စောင့်လျှင်၊-

4 အချိန်တန်မှ ငါသည် သင်တို့အဘို့ မိုဃ်းရွာစေသဖြင့်၊ မြေသည် မိမိဘဏ္ဍာကိုပေး၍၊ ဥယျာဉ်အပင် တို့သည် အသီးသီးကြလိမ့်မည်။

5 စပါးနင်းနယ်သော အမှုသည်၊ စပျစ်သီးညှစ်ရာ ကာလတိုင်အောင်၎င်း၊ စပျစ်သီးညှစ်သောအမှုသည်၊ မျိုးစေ့ကြဲရာ ကာလတိုင်အောင်၎င်း မှီသဖြင့်၊ သင်တို့သည် ဝစွာစား၍၊ ကိုယ်ပြည်၌ ဘေးလွတ်လျက် နေရကြလိမ့်မည်။

6 သင်တို့ပြည်၌ စစ်မှုကို ငါငြိမ်းစေ၍၊ ခြိမ်းချောက်သောသူ မရှိဘဲ သင်တို့သည် အိပ်ရကြလိမ့်မည်။ ဆိုးသော သားရဲတို့ကိုလည်း ငါပယ်ရှားမည်။ တပြည်လုံးသည် ထားဘေးနှင့် ကင်းလွတ်လိမ့်မည်။

7 သင်တို့သည် ရန်သူများကို လိုက်၍ ထားလက်နက်ဖြင့် အောင်ကြလိမ့်မည်။

8 သင်တို့တွင် လူငါးယောက်သည် ရန်သူတရာကို လိုက်လိမ့်မည်။ လူတရာသည် ရန်သူတသောင်းကို ပြေးစေ၍ ထားလက်နက်ဖြင့် အောင်ကြလိမ့်မည်။

9 သင်တို့ကို ငါစောင့်မသဖြင့် တိုးပွားများပြားစေ၍၊ သင်တို့နှင့် ငါပြုသော ပဋိညာဉ်ကို ငါမြဲမြံစေမည်။

10 သိုထားသော စပါးဟောင်းကို စား၍ မကုန်မှီ၊ စပါးသစ်ပေါ်သောကြောင့်၊ အဟောင်းကို ထုတ်ရကြ မည်။

11 ငါသည် စက်ဆုပ်ရွံရှာခြင်းမရှိဘဲ သင်တို့တွင် တဲတော်ကို တည်မည်။

12 သင်တို့တွင်လည်း လှည့်လည်၍ သင်တို့၏ ဘုရားသခင်ဖြစ်မည်။ သင်တို့သည်လည်း ငါ၏ လူဖြစ်ကြလိမ့်မည်။

13 အဲဂုတ္တုပြည်၌ အစေကျွန်ခံရသော သင်တို့ကို ငါလွှတ်၍ နှုတ်ဆောင်သော သင်တို့၏ ဘုရားသခင် ထာဝရဘုရားဖြစ်၏။ သင်တို့၏ ထမ်းဘိုးကြိုးကို ငါဖြတ်၍ သင်တို့ကို တည့်မတ်စေပြီ။

14 သင်တို့သည် ငါ့စကားကို နားမထောင်၊ ဤပညတ်အလုံးစုံကို မစောင့်၊-

15 ငါ့စီရင်ထုံးဖွဲ့ချက်များကို ရွံရှာ၍၊ မထီမဲ့မြင်ပြုလျက်၊ ငါ့ပညတ်တရားကိုမကျင့်၊ ငါ့ပဋိညာဉ်သစ္စာကို ဖျက်လျှင်၊-

16 သင်တို့၌ ငါပြုလတံ့သောအမှုဟူမူကား၊ သင်တို့၌ မျက်စိပျက်လျက်၊ စိတ်ပူပန်လျက် ရှိစေခြင်းငှါ၊ ထိတ်လန့်သော သဘော၊ တူလာ၊ ဖျားနာတို့ကို သင်တို့အပေါ်မှာ ငါခန့်ထားမည်။ သင်တို့သည် မျိုးစေ့ကို ကြဲသော်လည်း အကျိုးမရှိ။ ရန်သူတို့သည် အသီးအနှံကို စားကြလိမ့်မည်။

17 သင်တို့ကို ငါ မျက်နှာထား၍၊ ရန်သူရှေ့မှာ ဆုံးစေမည်။ သင်တို့သည် ရန်သူ၏ အုပ်စိုးခြင်းကို ခံရ၍၊ အဘယ်သူမျှ မလိုက်သော်လည်း၊ ပြေးကြလိမ့်မည်။

18 ထိုမျှလောက် ခံရသော်လည်း၊ ငါ့စကားကို နားမထောင်ဘဲ နေသေးလျှင်၊ သင်တို့အပြစ်ကြောင့် ခုနစ်ဆသော ဒဏ်ကို ငါပေးဦးမည်။

19 သင်တို့ မာနအစွယ်ကို ငါချိုးမည်။ မိုဃ်းကောင်းကင်ကို သံကဲ့သို့၎င်း၊ မြေကြီးကို ကြေးဝါကဲ့သို့၎င်း၊ ငါဖြစ်စေသဖြင့်၊

20 သင်တို့သည် အချည်းနှီး ကြိုးစားအားထုတ်ကြလိမ့်မည်။ သင်တို့မြေသည် မိမိဘဏ္ဍာကို မပေး။ ဥယျာဉ်အပင်တို့သည် အသီးမသီးကြ။

21 သင်တို့သည် ငါ့စကားကို နားမထောင်၊ ငါ့ကို ဆန့်ကျင်ဘက်ပြုလျှင်၊ သင်တို့အပြစ်အလျောက် ခုနစ်ဆ သောဘေးကြီးကို ငါသက်ရောက်စေမည်။

22 သင်တို့၏ သားသမီးများကို ချီသွား၍၊ သင်တို့၏ တိရစ္ဆာန်များကို ဖျက်ဆီးလျက်၊ သင်တို့ကို နည်းစေခြင်း ငှါ၊ သားရဲများကို ငါစေလွှတ်သဖြင့်၊ သင်တို့သွားရာ လမ်းမတို့သည် လူဆိတ်ညံရာ ဖြစ်ကြလိမ့်မည်။

23 ထိုသို့ ခံရသော်လည်း၊ သင်တို့သည် သတိမရ၊ ငါ့ကို ဆန့်ကျင်ဘက် ပြုသေးလျှင်၊-

24 ငါသည်လည်း သင်တို့ကို ဆန့်ကျင်ဘက်ပြု၍၊ သင်တို့အပြစ်ကြောင့် ခုနစ်ဆသော ဒဏ်ကို ပေးဦးမည်။

25 ငါ့ပဋိညာဉ်ဘက်၌ နေ၍၊ တရားစီရင်ရသော ထားဘေးကိုသင်တို့အပေါ်မှာ ငါသက်ရောက်စေမည်။ သင်တို့သည် မြို့ထဲ၌၊ စုဝေးသောအခါ၊ ကာလနာဘေးကို ငါစေလွတ်၍၊ ရန်သူလက်သို့ ရောက်စေမည်။

26 သင်တို့၏ အစာအာဟာရ အထောက်အပင့်ကို ငါ ပယ်ရှားသောအခါ၊ မိန်းမတကျိပ်တို့သည် သင်တို့၏ မုန့်ကို မီးဖိုတဖို၌ ဖုတ်ပြီးမှ၊ ထိုမုန့်ကို ချိန်ပေးသဖြင့် သင်တို့သည် ဝစွာမစားရကြ။

27 ထိုမျှလောက် ခံရသော်လည်း၊ ငါ့စကားကို နားထောင်၊ ငါ့ကို ဆန့်ကျင်ဘက် ပြုသေးလျှင်၊-

28 ငါသည်လည်း အမျက်ထွက်၍ သင်တို့ကို ဆန့်ကျင်ဘက်ပြုသဖြင့်၊ သင်တို့အပြစ်ကြောင့် ခုနစ်ဆ သော ဒဏ်ကို ပေးဦးမည်။-

29 သင်တို့သည် ကိုယ်သားသမီးတို့အသားကို စားရကြလိမ့်မည်။

30 သင်တို့မြင့်သော အရပ်များကို ငါဖြိုဖျက်၍၊ ရုပ်တုဆင်းတုများကို ခုတ်လှဲမည်။ သင်တို့ အသေကောင် များကို၊ ရုပ်တုဆင်းတု အသေကောင်အပေါ်မှာ ပစ်ချ၍၊ သင်တို့ကို စက်ဆုပ်ရွံရှာမည်။

31 သင်တို့မြို့များကို ငါဖျက်ဆီး၍၊ သန့်ရှင်းရာဌာနတော်ကို သုတ်သင်ပယ်ရှင်းသဖြင့်၊ သင်တို့ နံ့သာ ပေါင်း အမွှေးအကြိုင်ကို ငါမနမ်း။

32 ပြည်လုံးကို ငါသုတ်သင် ပယ်ရှင်းသော အမှုကို၊ ထိုပြည်နေသော သင်တို့၏ ရန်သူတို့သည် မြင်၍ မိန်းမောတွေဝေကြလိမ့်မည်။

33 သာသနာပလူတို့တွင် သင်တို့ကို အရပ်ရပ် ငါကွဲပြားစေ၍၊ ထားမိုးလျက် လိုက်မည်။ သင်တို့ပြည် သည်လည်း လူဆိတ်ညံလျက်၊ မြို့သည်လည်း ပျက်စီးလျက်ရှိလိမ့်မည်။

34 ထိုသို့ သင်တို့သည် ရန်သူပြည်၌နေ၍၊ ကိုယ်ပြည်သည် လူဆိတ်ညံလျက်နေသော ကာလပတ်လုံး ငြိမ်ဝပ်စွာနေ၍၊ မိမိဥပုသ်နေ့တို့၌ မွေ့လျော်ရလိမ့်မည်။

35 လူဆိတ်ညံလျက်နေရသော ကာလပတ်လုံး ငြိမ်ဝပ်လိမ့်မည်။ သင်တို့ရှိနေသောအခါ၊ ဥပုသ်နေ့တို့၌ ပြည်ည် မငြိမ်မဝပ်ရ။

36 ရန်သူပြည်မှာ ကျန်ကြွင်းသော သင်တို့ စိတ်နှလုံးထဲသို့၊ ထိတ်လန့်သော သဘောကို ငါပေးသွင်းသဖြင့်၊ သစ်ရွက်လှုပ်သံကြောင့် သင်တို့သည် ကြောက်၍၊ ထားဘေးမှ ပြေးသကဲ့သို့ ပြေးကြလိမ့်မည်။ အဘယ် သူမျှ မလိုက်သော်လည်း လဲကြလိမ့်မည်။

37 အဘယ်သူမျှမလိုက်ဘဲ ထားဘေးမှ ပြေးသောသူကဲ့သို့ တယောက်အပေါ်မှာ တယောက်လဲကြလိမ့် မည်။ ရန်သူရှေ့မှာ ရပ်နိုင်သော တန်ခိုးမရှိရ။

38 ရန်သူပြည်သည် သင်တို့ကို မျိုးစား၍၊ သာသနာပလူတို့တွင် ဆုံးရှုံးကြလိမ့်မည်။

39 ကျန်ကြွင်းသော သင်တို့သည်၊ ရန်သူပြည်၌ ကိုယ်အပြစ်၊ ဘိုးဘတို့အပြစ်ကို ခံလျက်၊ ဘိုးဘနှင့်တကွ အားလျော့ကြလိမ့်မည်။

40 သို့ရာတွင် သူတို့သည် ငါ့ကို ပြစ်မှား၍၊ ငါ့ကို ဆန့်ကျင်ဘက်ပြုသောကြောင့်၊-

41 ငါသည် သူတို့ကို ဆန့်ကျင်ဘက်ပြု၍ ရန်သူပြည်သို့ ပို့ဆောင်သော အကြောင်းများနှင့်တကွ၊ ကိုယ် အပြစ်၊ ဘိုးတတို့ အပြစ်များကို ဘော်ပြတောင်းပန်လျှင်၎င်း၊ အရေဖျားလှီးခြင်းကို မခံသော မိမိတို့ နှလုံးကို နှိမ့်ချ၍၊ မိမိတို့အပြစ်ကြောင့် ခံရသောဒဏ်ကို ဝန်ခံလျှင်၎င်း၊-

42 ငါသည် ယာကုပ်နှင့်ပြုသော ပဋိညာဉ်၊ ဣဇာက်နှင့်ပြုသော ပဋိညာဉ်၊ အာဗြတံနှင့်ပြုသော ပဋိညာဉ်ကို ၎င်း၊ ထိုပြည်ကို၎င်း ငါအောက်မေ့မည်။

43 ထိုပြည်သည် သူတို့ လက်မှလွတ်၍၊ သူတို့မရှိဘဲ လူဆိတ်ညံလျက်နေစဉ်တွင် မိမိဥပုသ်နေ့တို့၌ မွေ့လျော်လိမ့်မည်။ သူတို့သည် ငါ့စီရင်ထုံးဖွဲ့ချက်များကို ရွံရှာမထီမဲ့မြင် ပြုသောအပြစ်ကြောင့်၊ ခံရသောဒဏ်ကို ဝန်ခံရကြလိမ့်မည်။

44 သို့ရာတွင် ရန်သူပြည်၌ နေကြသောအခါ၊ သူတို့ကို ရှင်းရှင်းဖျက်ဆီး၍၊ သူတို့နှင့်ငါပြုသော ပဋိညာဉ်ကို ပယ်သည်တိုင်အောင် သူတို့ကို ငါမစွန့်ပစ် မရွံရှာ။ ငါသည် သူတို့၏ ဘုရားခင်ထာဝရဘုရား ဖြစ်၏။

45 ငါသည် သူတို့၏ ဘုရားသခင် ဖြစ်အံ့သောငှါ သာသနာပလူတို့ မျက်မှောက်၌၊ အဲဂုတ္တုပြည်မှ ငါနှုတ်ဆောင်သော သူတို့ဘိုးဘေးနှင့် ငါပြုသော ပဋိညာဉ်ကို သူတို့အတွက် ငါအောက်မေ့မည်၊ ငါသည် ထာဝရဘုရားဖြစ်သည်ဟု မိန့်တော်မူ၏။

46 ဤရွေ့ကား ထာဝရဘုရားသည်၊ သိနာတောင်ပေါ်မှာ ဣသရေလအမျိုးသားတို့အဘို့ မောရှေလက် တွင် ထားတော်မူသော စီရင်ထုံးဖွဲ့ချက် ပညတ်တရား ဖြစ်သတည်း။

   

Bible

 

၄ ဓမ္မရာဇဝင် 17

Studie

   

1 ယုဒရှင်ဘုရင်အာခတ် နန်းစံဆယ်နှစ်နှစ် တွင် ဧလာသားဟောရှေသည် နန်းထိုင်၍ ရှမာရိမြို့၌ ဣသရေလနိုင်ငံကို ကိုးနှစ်စိုးစံလေ၏။

2 ထိုမင်းသည် ထာဝရဘုရား ရှေ့တော်၌ ဒုစရိုက် ကိုပြု၏။ သို့သော်လည်း သူ့ရှေ့မှာ ဖြစ်ဘူးသော ဣသ ရေလရှင်ဘုရင်တို့ပြုသော ဒုစရိုက်ကိုမမှီ။

3 ထိုမင်းကိုအာရှုရိ ရှင်ဘုရင်ရှာလမနေဇာသည် စစ်ချီ၍ ဟောရှေသည် ကျွန်ခံသဖြင့် အခွန်ဆက်ရ၏။

4 နောက်တဖန်နှစ်တိုင်းဆက်ရသော အခွန်ကို မဆက်။ သွာအမည်ရှိသော အဲဂုတ္တုရှင်ဘုရင်ထံသို့ သံတမန်ကိုစေလွှတ်၍၊ ပုန်ကန်မည့်အကြံရှိသည်ကို အာရှုရိရှင်ဘုရင်သိသဖြင့်၊ ဟောရှေကိုဘမ်းဆီး၍ ထောင်ထဲမှာ ချုပ်ထားပြီးလျှင်၊

5 ဣသရေလပြည်တရှောက်လုံးသို့စစ်ချီ၍၊ ရှမာရိမြို့သို့ ရောက်သော် သုံးနှစ်ဝိုင်းထား၏။

6 ဟောရှေနန်းစံကိုးနှစ်တွင်၊ အာရှုရိရှင်ဘုရင် သည် ရှမာရိမြို့ကို ရပြီးလျှင်၊ ဣသရေလအမျိုးကို အာရှုရိပြည်သို့သိမ်းသွား၍ ဂေါဇန်မြစ်နား၊ ဟာလမြို့၊ ဟာဗော်မြို့အစရှိသော မေဒိနိုင်ငံ မြို့ရွာတို့၌ထား၏။

7 အကြောင်းမူကား၊ အဲဂုတ္တုပြည်နှင့် အဲဂုတ္တုဖာ ရောဘုရင် လက်ထဲက ကယ်နှုတ်တော်မူသော မိမိတို့ ဘုရားသခင် ထာဝရဘုရားကို ဣသရေလအမျိုးသားတို့ သည် ပြစ်မှား၍ အခြားတပါးသော ဘုရားတို့ကို ရိုသေ ကြ၏။

8 သူတို့ရှေ့မှ ထာဝရဘုရားနှင်ထုတ်တော်မူသော တပါးအမျိုးသားတို့ ထုံးစံနှင့် မိမိတို့ချီးမြှောက်သော ရှင်ဘုရင်တို့ ထုံးစံသို့လိုက်ကြ၏။

9 မိမိတို့ ဘုရားသခင်ထာဝရဘုရားတဘက်၌ မတရားသောအမှုကို မထင်မရှားပြုကြ၏။ ကင်းစောင့် သော မျှော်စင်ဖြစ်စေ၊ ခိုင်ခံ့သောမြို့ဖြစ်စေ၊ မြို့ရွာ အလုံးစုံတို့၌ မြင့်သောအရပ်ကို တည်ကြ၏။

10 ရုပ်တုဆင်းတုနှင့်အာရှရပင်တို့ကို မြင့်သော ကုန်းရှိသမျှတို့ အပေါ်မှာ၎င်း၊၊ စိမ်းသောသစ်ပင်ရှိသမျှအောက်မှား၎င်း၊တည်ထောင်ပြုစုကြ၏။

11 သူတို့ရှေ့မှ ထာဝရဘုရားနှင်ထုတ်တော်မူသော တပါးအမျိုးသားပြုသကဲ့သို့ မြင့်သောအရပ်ရှိသမျှအပေါ် မှာ နံ့သာပေါင်းကိုမီးရှို့၍ ထာဝရဘုရား၏ အမျက်တော် ကို နှိုးဆော်ခြင်းငှါ အဓမ္မအမှုတို့ကို ပြုကြ၏။

12 ထာဝရဘုရား ပညတ်တော်မူသောအမှု၊ ရုပ်တု ဆင်းတုတို့၌ ပူဇော်ခြင်းအမှုကို ပြုကြ၏။

13 သို့ရာတွင်ထာဝရဘုရားက အဓမ္မလမ်းတို့ကို ရှောင်ကြလော့။ ငါသည် သင်တို့ဘိုးဘေးတို့၌ ထားသော တရား၊ ငါ့ကျွန်ပရောဖက်တို့ဖြင့် ပေးလိုက်သောတရားကို အကုန်အစင်ကျင့်၍၊ ငါ့စီရင်ထုံးဖွဲ့ချက်တို့ကို စောင့် ရှောကကြလော့ဟု ပရောဖက်များနှင့် အနာဂတ်ဟော ဆရာများတို့ ဖြင့်ဣသရေလအမျိုး၊ ယုဒအမျိုး၌ သက်သေ ခံတော်မူသော်လည်း၊

14 သူတို့သည်နားမထောင်။ မိမိတို့ဘုရားသခင် ထာဝရဘုရားကို မယုံကြည်သော ဘိုးဘေးတို့ လည်ပင်း ကဲ့သို့ မိမိတို့လည်ပင်းကို ခိုင်မာစေကြ၏။

15 စီရင်တော်မူချက်၊ ဘိုးဘေးတို့နှင့်ဖွဲ့တော်မူသော ပဋိညာဉ်၊ သူတို့၌ သက်သေခံတော်မူသော သက်သေတို့ကို ပယ်၍အနတ္တတရားကို ကျင့်လျကအချည်းနှီးက်သက်ဖြစ်ကြ၏။ အကြင်တပါးအမျိုးသား ကျင့်သကဲ့သို့ မကျင့်ကြနှင့်ဟု ထာဝရဘုရား ပညတ်တော် မူ၏၊ ပတ်လည်၌နေသော ထိုအမျိုးသားနောက်သို့ လိုကကြ၏။

16 မိမိတို့ဘုရားသခင် ထာဝရဘုရား၏ ပညတ် တော်ရှိသမျှတို့ကို စွန့်၍ နွားသငယ်တည်းဟူသော သွန်းသောရုပ်တုနှင့် အာရှရပင်ကို လုပ်ကြ၏။ မိုဃ်း ကောင်းကင်တန်ဆာများကို ကိုးကွယ်၍ ဗာလဘုရားကို လည်းဝတ်ပြုကြ၏။

17 သားသမီးတို့ကို မီးဖြင့်ပူဇော်ကြ၏ နတ်ဝိဇ္ဇာ အတတ်ပြုစားသော အတတ်ကို သုံးဆောင်၍ ထာဝရ ဘုရား၏ အမျက်တော်ကိုနှိုးဆော်ခြင်းငှါ၊ ရှေ့တော်၌ ဒုစရိုက်ကို ပြုမည်ဟု ကိုယ်ကိုရောင်းကြ၏

18 ထိုကြောင့် ထာဝရဘုရားသည် ဣသရေလ အမျိုးကို ပြင်းစွာ အမျက်ထွက်၍ မျက်မှောက်တော်မှ ပယ်ရှားတော်မူ၏။ ယုဒအမျိုးမှတပါး အခြားသော အမျိုးမကျန်ကြွင်းရ။

19 ယုဒအမျိုးမူကား၊ မိမိတို့ဘုရားသခင် ထာဝရ ဘုရား၏ပညတ်တရားတော်ကိုမစောင့်၊ ဣသရေလအမျိုးလိုက် သော ထုံးစံဓလေ့သို့ လိုကကြ၏။

20 ထာဝရဘုရားသည်လည်း၊ ဣသရေလအမျိုး ရှိသမျှကို ရွံရှာ၍ မျက်မှောက်တော်မှ မနှင်ထုတ်မှီ တိုင်အောင် ဒဏ်ခတ်တော်မူ၏။ လုယက်သော သူတို့ လက်၌အပ်တော်မူ၏။

21 ဣသရေလအမျိုးကို ဒါဝိဒ်မင်းမျိုးမှ ဆုတ်ဖဲ့၍၊ သူတို့သည် နေဗတ်၏ သားယေရောဗောင်ကို ရှင်ဘုရင် အရာ၌ခန့်ထားကြ၏။ ယေရောဗောင်သည်လည်း ထာဝရဘုရားနောက်တော်သို့ လိုက်ရာလမ်းမှ ဣသ ရေလအမျိုးကို လွှဲစေ၍ ဒုစရိုက်ကြီးကို ပြုစေ၏။

22 သို့ဖြစ်၍ ယေရောဗောင်ပြုသော ဒုစရိုက်လမ်း သို့ ဣသရေလအမျိုးသားတို့သည် အစဉ်တစိုက် လိုက်ကြ၏။

23 ထာဝရဘုရားသည် မိမိကျွန်ပရောဖက် အပေါင်းတို့ဖြင့် မိန့်တော်မူသည်အတိုင်း၊ ဣသရေလ အမျိုးကို မျက်မှောက်တော်မှ ပယ်ရှားတော်မမူမှီ တိုင်အောင် သူတို့သည် ထိုဒုစရိုက်အပြစ်ကို မရှောင် ဘဲလိုက်ကြ၏။ ထိုကြောင့်နေရင်းပြည်မှ အာရှုရိပြည်သို့ သိမ်းသွားခြင်းကို ယနေ့တိုင်အောင် ခံရကြ၏။

24 အာရှုရိရှင်ဘုရင်သည်လည်း၊ ဗာဗုလုန်မြို့သား၊ ကုသမြို့သား၊ အာဝမြို့သား၊ ဟာမတ်မြို့သား၊ သေဖရဝိမ် မြို့သားတို့ကို ဆောင်ခဲ့၍၊ ရှမာရိမြို့ရွာတို့တွင် ဣသရေလ အမျိုးသား ကိုယ်စားထားသဖြင့် ထိုလူတို့သည် ရှမာရီမြို့ ရွာတို့ကို သိမ်းယူ၍ နေရာကျကြ၏။

25 နေရာကျစက ထာဝရဘုရားကို မရိုသေသော ကြောင့်၊ ခြင်္သေ့တို့ကို စေလွှတ်၍ အချို့တို့ကို ကိုက်စေ တော်မူ၏။

26 ထိုကြောင့်အချို့တို့က၊ ကိုယ်တော်ပြောင်းစေ၍၊ ရှမာရိမြို့ရွာတို့၌ ထားတော်မူသောလူအမျိုးမျိုးတို့သည် ထိုပြည်စောင့်ဘုရား၏တရားကို နားမလည်သော ကြောင့်၊ ထိုဘုရားသည် ခြင်္သေ့တို့ကိုစေလွှတ်၍ နေရာကျ သော သူတို့ကို သတ်ပါသည်ဟု အာရှုရိရှင်ဘုရင်အား လျှောက်ကြသော်၊

27 အာရှုရိရှင်ဘုရင်က၊ ထိုပြည်မှသိမ်းခဲ့သော ယဇ်ပုရောဟိတ်တယောကကို ပြန်ပို့ကြ။ သူသည်သွား၍ ထိုပြည်စောင့်ဘုရား၏တရားကို သွန်သင်လျကနေပါလေ စေဟု မိန့်တော်မူသည်အတိုင်း၊

28 ရှမာရိမြို့မှသိမ်းခဲ့သော ယဇ်ပုရောဟိတ် တယောက်သည် ပြန်၍ ဗေသလမြို့နေလျက်၊ ထာဝရ ဘုရားကို အဘယ်သို့ ရိုသေရမည်ကို သွန်သင်လေ၏။

29 သို့သော်လည်း ထိုလူမျိုးအသီးအသီးတို့သည် မိမိတို့ဘုရားကို လုပ်၍ နေရာကျသောမြို့ရွာတွင် မြင့် သောအရပ်ပေါ်မှာ ရှမာရိမြို့သား လုပ်နှင့်သော အိမ်တို့ ၌ တင်ထားကြ၏။

30 ဗာဗုလုန်မြို့သားတို့သည် သုကုတ်ဗေနုတ် ဘုရား၊ ကုသမြို့သားတို့သည် နေရဂါလဘုရား၊ ဟာမတ် မြို့သားတို့သည် အရှိမဘုရား၊

31 အာဝမြို့သားတို့သည် နိဗဟာဇဘုရားနှင့် တာတက်ဘုရားကို လုပ်ကြ၏ သေဖရဝိမ်မြို့သားတို့ သည်လည်း သေဖရဝိမြို့စောင့်ဘုရား အာဒြဓမ္မလက်နှင့် အာနမ္မေလက်ဘုရားတို့အား သားသမီးကိုမီးရှို့၍ ပူဇော် ကြ၏

32 ထာဝရဘုရားကိုလည်း ရိုသေ၍ သာမည လူတို့ကို မြင့်သော အရပ်ယဇ်ပုရောဟိတ်အရာ၌ ခန့်ထား သဖြင့်၊ သူတို့သည် မြင့်သောအရပ် အိမ်တို့၌ လူများအဘို့ ယဇ်ပူဇော်ကြ၏။

33 ထိုသို့ထာဝရဘုရားကို ရိုသေကြ၏။ သိမ်းသွား ခြင်းကို ခံရသော လူမျိုးပြုသကဲ့သို့ မိမိတို့ဘုရားကိုလည်း ဝတ်ပြုကြ၏။

34 နေ့တိုင်အောင် ရှေးထုံးစံဓလေ့သို့ လိုကကြ သည်ဖြစ်၍၊ ထာဝရဘုရားကို ရိုသေရာမရောက်။ ဣသရေလအမျိုးခံရသော စီရင်ထုံးဖွဲ့ချက်တို့ကိုမစောင့်။ ဣသရေလအမည်ဖြင့် သမုတ်သော ယာကုပ် အမျိုးသားတို့၌ ထာဝရဘုရားထားတော်မူသော ပညတ်တရားတို့ကိုမကျင့်ဘဲနေကြ၏။

35 ထာဝရဘုရားသည်ထိုအမျိုးသားတို့နှင့်ပဋိညာဉ်ဖွဲ့၍၊ သင်တို့သည်အခြားတပါးသောဘုရားတို့ကို မရိုသေ၊ ဦးမညွှတ်၊ ဝတ်မပြု၊ ယဇ်မပူ ဇော်ရ။

36 သင်တို့ကို ကြီးသောတန်ခိုး၊ ဆန့်သောလက်ရုံး တော်အားဖြင့် အဲဂုတ္တုပြည်မှ ကယ်နှုတ်တော်မူသော ထာဝရဘုရားကိုသာ ရိုသေကိုးကွယ်၍ ယဇ်ပူဇော်ရမည်။

37 သင်တို့အဘို့ ရေးထားတော်မူသော စီရင်ထုံးဖွဲ့ ချက်ပညတ်တရားတို့ကို အစဉ်အမြဲ စောင့်ရှောက်ရမည်။ အခြားတပါးသော ဘုရားတို့ကိုမရိုသေရ။

38 သင်တို့နှင့်ငါ ဖွဲ့သောပဋိညာဉ်ကို မမေ့လျော့ရ။ အခြားတပါးသော ဘုရားတို့ကိုမရိုသေရ။

39 သင်တို့၏ဘုရားသခင်ထာဝရဘုရားကိုသာ ရိုသေရမည်။ သို့ပြုလျှင် ရန်သူအပေါင်းတို့လက်မှ ကယ်နှုတ်တော် မူမည်ဟု မှာထားတော်မူ သော်လည်း၊

40 သူတို့သည်နားမထောင်ရှေးထုံးစံဓလေ့သို့လိုက်ကြ၏။

41 ထိုလူအမျိုးမျိုး ကိုယ်တိုင်မှစ၍၊ သားမြေး မြစ်တို့သည် ထာဝရဘုရားကိုရိုသေကြ၏။ ရုပ်တုဆင်းတုတို့ကိုလည်းဝတ်ပြုကြ၏။ မိရိုးဘလာသို့လိုက်၍ယနေ့တိုင်အောင်ကျင့်နေကြ၏။