Bible

 

ယောရှုသည် 2

Studie

   

1 နုန်၏သားယောရှုသည် သူလျှိုနှစ်ယောက်ကို ရှိတ္တိမ်မြို့မှ တိတ်ဆိတ်စွာစေလွှတ်လျက်၊ ခါနာန်ပြည် ယေရိခေါမြို့ကို သွား၍ ကြည့်ရှုကြလော့ဟု မှာထားလိုက် သည်အတိုင်း၊ သူတို့သည် သွားပြီးလျှင် ရာခပ်အမည်ရှိ သော ပြည်တန်ဆာမိန်းမအိမ်သို့ ဝင်၍နေလေ၏။

2 ပြည်သားအချို့တို့ကလ်း၊ ဤပြည်ကို စူးစမ်း ခြင်းငှါ ဣသရေလအမျိုးသားအချို့တို့သ် ယနေ့ မှာ မြို့တွင်းသို့ ဝင်ပါပြီဟု ယေရိခေါမင်းကြီးအား လျှောက်ကြားကြသ် ရှိသော်၊

3 ယေရိခေါမင်းကြီးသည် ရာခပ်အား သင့်ဆီသို့ ရောက်လာ၍၊ သင့်အိမ်သို့ဝင်သောသူတို့ကို အပ်လော့။ သူတို့သည် တပြည်လုံးကို စူးစမ်းခြင်းငှါ ရောက်လာပြီဟု အမိန့်တော်နှင့် စေလွှတ်လေ၏။

4 ရာခပ်သည် ထိုသူနှစ်ယောက်တို့ကို ဝှက်ထား နှင့်ပြီးမှ ကျွန်မဆီသို့ လူရောက်သည် မှန်ပါ၏။ သို့ရာ တွင် အဘယ်အရပ်ကလာသည်ကို မသိပါ။

5 မိုဃ်းချုပ်၍ တံခါးပိတ်ချိန်ရှိသောအခါ၊ သူတို့ သည် ထွက်သွားကြပါ၏။ အဘယ်အရပ်သို့ ထွက်သွား သည်ကိုသိပါ။ အလျင်အမြန်လိုက်ကြလော့။ မှီကောင်း မှီပါလိမ့်မည်ဟု ပြန်ပြော၏။

6 သို့ဆိုသော်လည်း ထိုသူတို့ကို အိမ်အပေါ်သို့ တက်စေ၍၊ အမိုးပေါ်မှာဖြန့်ထားသော ပိုက်ဆန်ရိုးထဲ၌ ဝှက်ထားနှင့်ပြီ။

7 မင်းလုလင်တို့သည် ယော်ဒန်မြစ်ကူးရာလမ်းသို့ လိုက်ကြ၏။ မြို့ပြင်သို့ရောက်ကြပြီးမှ မြို့တံခါးများကို ပိတ်ကြ၏။

8 သူလျှိုတို့သည် မအိပ်မှီ မိန်းမသည် သူတို့ရှိရာ အိမ်မိုးပေါ်သို့တက်၍၊

9 ထာဝရဘုရားသည် သင်တို့အား ဤပြည်ကို ပေး တော်မူကြောင်းကို၎င်း၊ သင်တို့ကို ငါတို့ကြောက်လန့်အား ကြီး၍ သင်တို့ကြောင့် ပြည်သူပြည်သားအပေါင်းတို့သည် စိတ်ပျက်ကြောင်းကို၎င်း ကျွန်မသိပါ၏။

10 သင်တို့သည် အဲဂုတ္တုပြည်မှထွက်လာသောအခါ၊ ဧဒုံပင်လယ်ရေကို ထာဝရဘုရား ခန်းခြောက်စေတော်မူ ကြောင်းကို၎င်း၊ ယော်ဒန်မြစ်တဘက်၌နေ၍ သင်တို့ ရှင်းရှင်းဖျက်ဆီးသော အာမောရိရှင်ဘုရင် ရှိဟုန်နှင့် ဩဃတို့၌ သင်တို့ပြုသောအမှုကို၎င်း၊ အကျွန်ုပ်တို့ကြား ရကြပြီ။

11 ထိုသိတင်းကိုကြားသောအခါ၊ အကျွန်ုပ်တို့သည် စိတ်ပျက်၍ သင်တို့ကြောင့် တစုံတယောက်သောသူ၌မျှ ရဲရင့်ခြင်းသတ္တိ အလျှင်းမကျန်ကြွင်းပါ။ အကြောင်းမူ ကား၊ သင်တို့၏ဘုရားသခင် ထာဝရဘုရားသည် အထက် ကောင်းကင်ဘုံ၌၎င်း၊ အောက်အရပ်မြေကြီး၌၎င်း၊ အစိုး ရသော ဘုရားသခင်ဖြစ်တော်မူ၏။

12 သို့ဖြစ်၍ သင်တို့၌ ကျွန်မသည် ကျေးဇူးပြုသော ကြောင့် သင်တို့သည် ကျွန်မပေါက်ဘော်တို့၌ ကျေးဇူးပြု ၍၊

13 ကျွန်မမိဘ၊ ညီအစ်မ၊ မောင်အစရှိသော သူတို့ နှင့်ဆိုင်သမျှသော သူတို့ကို မသတ်ဘဲ အသက်ချမ်းသာ ပေးမည်ဟု ထာဝရဘုရားကို တိုင်တည်၍ ကျိန်ဆိုကြပါ။ မှန်သောလက္ခဏာသက်သေကိုလည်း ပေးခဲ့ကြပါဟုဆို လျှင်၊

14 ထိုသူတို့က၊ သင်သည် ငါတို့အမှုကို မဘော်မပြ လျှင် သင့်အသက်အတွက် ငါတို့အသက်သည် အာမခံ ဖြစ်စေတော့။ ဤပြည်ကို ထာဝရဘုရားပေးတော်မူသော အခါ၊ သင်၌ သစ္စာစောင့်၍ ကျေးဇူးပြုမည်ဟု ဝန်ခံကြ၏။

15 ထိုမိန်းမနေရာ အိမ်သည် မြို့ရိုးနားမှာရှိသော ကြောင့်၊ ထိုသူတို့ကို ပြတင်းပေါက်ကကြိုးနှင့် လျှော့ချ လျက်၊

16 သင်တို့သည် လိုက်၍ရှာသောသူတို့နှင့် လွတ် မည်အကြောင်း တောင်ပေါ်သို့ပြေး၍ သုံးရက်ပုန်းနေကြ ပါ။ ရှာသောသူတို့သည် ပြန်သောနောက်မှ သွားကြပါဟု ဆိုလျှင်၊

17 ထိုသူတို့က၊ သင်သည် ကျိန်ဆိုစေသောအကျိန် ကြောင့်၊ ငါတို့၌ အပြစ်မရောက်ပါစေနှင့်။

18 ပြည်သို့ ငါတို့ရောက်လာသောအခါ၊ ယခု လျှော့ချသော ပြတင်းပေါက်၌ ဤကြိုးနီကို ချည်ထား၍၊ သင့်မိဘ၊ သင့်မောင်များနှင့် ပေါက်ဘော်များအပေါင်းတို့ ကို သင့်အိမ်၌ ခေါ်ထားရမည်။

19 ထိုအခါ သင့်အိမ်ထဲက လမ်းသို့ထွက်သွားသော သူမည်သည်ကား၊ သေလျှင်သေပြစ်ကို ကိုယ်တိုင်ခံစေ၊ ငါတို့သည် အပြစ်လွတ်စေ။ သင့်အိမ်၌ ရှိသောသူမည် သည်ကို အသေသတ်လျှင် သေပြစ်ကို ငါတို့သည် ခံစေ။

20 ငါတို့အမှုကိုလည်း သင်သည် ဘော်ပြလျှင်၊ သင်ယခုကျိန်ဆိုစေသော အကျိန်နှင့် ငါတို့သည် လွတ်စေ ဟုဆိုလျှင်၊

21 မိန်းမက၊ သင်တို့စကားရှိသည်အတိုင်း ဖြစ်ပါ စေတော့ဟု ဝန်ခံလျက် လွှတ်လိုက်၍ သူတို့သည် သွားကြ ၏။ မိန်းမသည်လည်း ထိုကြေးနီကို ပြတင်းပေါက်၌ ချည်ထားလေ၏။

22 ထိုသူတို့သည် တောင်ပေါ်သို့ရောက်အောင် သွား၍ လိုက်ရှာသောသူတို့ မပြန်မှီတိုင်အောင် သုံးရက် နေကြ၏။ ရှာသောသူတို့သည်လည်း လမ်းတရှောက်လုံး ရှာ၍ မတွေ့ကြ။

23 ထိုလူနှစ်ယောက်တို့သည် လှည့်၍ တောင်ပေါ် က ဆင်းပြီးမှ မြစ်ကို ကူးသဖြင့်၊ နုန်၏သား ယောရှုထံသို့ ရောက်၍၊ မိမိတို့၌ ဖြစ်သမျှတို့ကို ပြန်ကြားလျက်၊

24 အကယ်စင်စစ် ထာဝရဘုရားသည် ထိုပြည်ရှောက်လုံးကို ငါတို့လက်သို့ အပ်တော်မူပြီ။ ငါတို့ ကြောင့် ပြည်သူပြည်သားအပေါင်းတို့သည် စိတ်ပျက် လျက် ရှိကြပါ၏ဟု ယောရှုအား လျှောက်ဆို၏။

   

Bible

 

တရားသူကြီးမှတ်စာ 1

Studie

1 ယောရှု အနိစ္စရောက်သောနောက်၊ ဣသရေလအမျိုးသားတို့က၊ အကျွန်ုပ်တို့တွင် အဘယ်သူသည် ခါနနိလူတို့ရှိရာသို့ ရှေ့ဦးစွာ ချီသွားရပါမည်နည်းဟု ထာဝရဘုရားအား မေးလျှောက်ကြလျှင်၊

2 ထာဝရဘုရားက၊ ယုဒသည် ချီသွားရမည်။ ထိုပြည်ကို သူ၏လက်၌ ငါအပ်မည်ဟု မိန့်တော်မူ၏။

3 ယုဒသည် မိမိအစ်ကိုရှိမောင်အား၊ ခါနနိလူတို့ကို တိုက်ခြင်းငှါ ငါ့အမွေမြေသို့ ငါနှင့်အတူ လိုက်ပါ။ သင့်အမွေမြေသို့လည်း သင်နှင့်အတူ ငါလိုက်သွားမည်ဟုဆိုသည်အတိုင်း ရှိမောင်သည် လိုက်သွား လေ၏။

4 ယုဒ ချီသွား၍ ထာဝရဘုရားသည် ခါနနိလူ၊ ဖေရဇိလူတို့ကို အပ်တော်မူသဖြင့်၊ ဗေဇက်မြို့၌ လူတထောင်ကို သတ်လေ၏။

5 အဒေါနိဗေဇက်မင်းကို ဗေဇက်မြို့၌ တွေ့၍၊ ခါနနိလူ၊ ဖေရဇိလူတို့ကို သတ်သောအခါ၊

6 အဒေါနိဗေဇက်သည် ပြေးလေ၏။ ယုဒလူတို့သည် လိုက်၍ ဘမ်းမိပြီးလျှင် လက်မ၊ ခြေမတို့ကို ဖြတ်ကြ၏။

7 အဒေါနိဗေဇက်ကလည်း၊ လက်မနှင့် ခြေမဖြတ်သော မင်းကြီးခုနစ်ဆယ်တို့သည်၊ အထက်က ငါ့စားပွဲအောက်၌ စားနုပ်စားပေါက်ကို ကောက်၍ စားရကြ၏။ ငါ ပြုဘူးသည်အတိုင်း၊ ဘုရားသခင် သည် ငါ၌ အပြစ်ပေးတော်မူပြီဟု ဆို၏။ထိုမင်းကို ယေရုရှလင်မြို့သို့ ပို့၍ သူသည် ထိုမြို့မှာ သေလေ၏။

8 ယုဒအမျိုးသားတို့သည် ယေရုရှလင်မြို့ကို တိုက်ယူ၍ ထားနှင့် လုပ်ကြံပြီးမှ မီးရှို့ကြ၏

9 ထိုနောက် တောင်ပေါ်၌၎င်း၊ တောင်မျက်နှာ၌၎င်း၊ ချိုင့်ထဲ၌၎င်းနေသော ခါနနိလူတို့ကို အတိုက်သွား ကြ၏။

10 တဖန် ယုဒအမျိုးသည်၊ ကိရယသာဘအမည်ဟောင်းရှိသော ဟေဗြုန်မြို့နေသော ခါနနိလူတို့ ရှိရာသို့ ချီသွား၍၊ ရှေရှဲ၊ အဟိမန်၊ တာလမဲတို့ကို လုပ်ကြံကြ၏။

11 တဖန် ကိရယဿေဖါအမည်ဟောင်းရှိသော ဒေဗိရမြို့သားတို့ရှိရာသို့ ချီပြန်၍၊

12 ကာလက်က၊ ကိရယဿေဖာမြို့ကို တိုက်ယူလုပ်ကြံသောသူအား၊ ငါသည် သမီးအာခသကို ပေးစားမည်ဟု ဆိုလျှင်၊

13 ကာလက်ညီကေနတ်၏ သားဩသံယေလသည် ထိုမြို့ကို တိုက်ယူ၍၊ ကာလက်သည် သမီးအာခသကို သူ့အားပေးစားလေ၏။

14 ထိုမိန်းမသည် ခရီးသွားစဉ်အခါ၊ လယ်တကွက်ကို အဘ၌ တောင်းခြင်းငှါ လင်နှင့် တိုင်ပင်ပြီးမှ မြည်းပေါ်က ဆင်းလေ၏။ အဘကာလက်က၊ အဘယ်အလိုရှိသနည်းဟုမေးလျှင်၊

15 သမီးက၊ ကောင်းကြီးပေးစေချင်ပါ၏။ ကိုယ်တော်သည် တောင်မျက်နှာအရပ်ကို ပေးပါပြီ။ စမ်းရေတွင်းတို့ကိုလည်း ပေးတော်မူပါဦးဟု တောင်းသည်အတိုင်း အဘသည် အထက်စမ်းရေတွင်း၊ အောက်စမ်းရေတွင်းတို့ကို ပေးလေ၏။

16 မောရှေယောက္ခမ၏သားမြေးဖြစ်သော ကေနိအမျိုးသားတို့သည်၊ ယုဒအမျိုးသားတို့နှင့်အတူ စွန်ပလွံ မြို့မှ အာရဒ်မြို့ တောင်ဘက်ယုဒတောသို့ လိုက်သွား၍ နေရာကျကြ၏။

17 တဖန် ယုဒသည် အစ်ကိုရှိမောင်နှင့်အတူ သွား၍ ဇေဖတ်မြို့နေသော ခါနနိလူတို့ကို လုပ်ကြံ၍ မြို့ကို ရှင်းရှင်းဖျက်ဆီးပြီးလျှင်၊ ထိုမြို့ကို ဟော်မာအမည်ဖြင့် သမုတ်ကြ၏။

18 ယုဒသည် ဂါဇမြို့နှင့် မြို့နယ်၊ အာရှကေလုန်မြို့နှင့် မြို့နယ်၊ ဧကြုန်မြို့နှင့် မြို့နယ်တို့ကိုလည်း တိုက်ယူလေ၏။

19 ထာဝရဘုရားသည် ယုဒနှင့်အတူရှိတော်မူ၍၊ သူသည် တောင်ပေါ်မှာနေသော သူတို့ကို နှင်ထုတ်လေ၏။ ချိုင့်သားတို့ကို မနှင်ထုတ်နိုင်။ အကြောင်းမူကား၊ သူတို့သည် သံရထား ရှိကြ၏။

20 မောရှေမှာထားသည်အတိုင်း ဟေဗြုန်မြို့ကို ကာလက်အား ပေးကြ၍၊ သူသည် အာနက သားသုံးယောက်တို့ကို ထိုမြို့မှ နှင်ထုတ်လေ၏။

21 ဗင်္ယာမိန်အမျိုးသားတို့သည်၊ ယေရုရှလင်မြို့နေသော ယေဗုသိလူတို့ကို မနှင်ထုတ်ဘဲ၊ သူတို့သည် ယနေ့တိုင်အောင် ဗင်္ယာမိန်အမျိုးသားတို့နှင့်အတူ ယေရုရှလင်မြို့နေကြသတည်း။

22 ယောသပ်အမျိုးသားတို့သည်လည်း၊ ဗေသလမြို့သို့ ချီသွား၍၊ ထာဝရဘုရားသည် သူတို့နှင့်အတူ ရှိတော်မူ၏။

23 လုဇအမည်ဟောင်းရှိသော ထိုမြို့ကို စူးစမ်းစေခြင်းငှါ စေလွှတ်သော သူလျှိုတို့သည်၊

24 မြို့ထဲက ထွက်လာသောလူတယောက်ကို တွေ့မြင်၍၊ မြို့ထဲသို့ ဝင်သောလမ်းကို ပြပါတော့။ သို့ပြလျှင် သင့်ကို ချမ်းသာပေးမည်ဟု ဆိုသော်၊

25 ထိုသူသည် မြို့ထဲသို့ ဝင်သောလမ်းကို ပြသဖြင့်၊ သူတို့သည် မြို့သားတို့ကို ထားနှင့် လုပ်ကြံ၍၊ ထိုလူနှင့် သူ၏အိမ်သားအပေါင်းတို့ကို လွှတ်ကြ၏။

26 ထိုသူသည် ဟိတ္တိပြည်သို့ သွားပြီးလျှင်၊ မြို့ကို တည်ထောင်၍ လုဇအမည်ဖြင့် သမုတ်လေ၏။ ယနေ့ တိုင်အောင် ထိုသို့ ခေါ်ဝေါ်ကြသတည်း။

27 မနာရှေအမျိုးသည်၊ ဗက်ရှန်မြို့ရွာများ၊ တာနက်မြို့ရွာများ၊ ဒေါရမြို့ရွာများ၊ ဣဗလံမြို့ရွာများ၊ မေဂိဒ္ဒေါမြို့ရွာများ၌ နေသောသူတို့ကို မနှင်ထုတ်ဘဲ၊ ခါနနိလူတို့သည် အနိုင်နေကြ၏။

28 တဖန် ဣသရေလအမျိုးသားတို့သည် အားကြီးသောအခါ၊ ခါနနိလူတို့ကို မနှင်ထုတ်သော်လည်း အခွန်ကို ဆက်သွင်းစေကြ၏။

29 ထိုအတူ ဧဖရိမ်အမျိုးသည် ဂေဇာမြို့၌နေသော ခါနနိလူတို့ကို မနှင်ထုတ်ဘဲ သူတို့သည် ဂေဇာမြို့၌ ရောနှောလျက် နေကြ၏။

30 ထိုအတူ ဇာဗုလုန်အမျိုးသည် ကိတရုန်မြို့သား၊ နဟာလောလမြို့သားတို့ကို မနှင်ထုတ်ဘဲ၊ ခါနနိလူတို့ သည် ရောနှောလျက်နေ၍၊ အခွန်ပေးကြ၏။

31 ထိုအတူ အာရှာအမျိုးသည် အက္ခောမြို့သား၊ ဇိဒုန်မြို့သား၊ အာလပ်မြို့သား၊ အာခဇိပ်မြို့သား၊ ဟေလဗမြို့သား၊ အာဖိတ်မြို့သား၊ ရဟောဘမြို့သားတို့ကို မနှင်ထုတ်ဘဲ၊

32 အာရှာအမျိုးသားတို့သည် ပြည်သား ခါနနိလူတို့နှင့် ရောနှော၍ နေကြ၏။

33 ထိုအတူ နဿလိအမျိုးသည် ဗက်ရှေမက်မြို့သား၊ ဗေသနတ်မြို့သားတို့ကို မနှင်ထုတ်ဘဲ၊ ပြည်သားခါနနိလူတို့နှင့် ရောနှော၍ နေကြ၏။ သို့ရာတွင် ဗက်ရှေမက်မြို့သား၊ ဗေသနတ်မြို့သားတို့ သည် အခွန်ပေးလျက် နေကြ၏။

34 အာမောရိလူတို့သည်လည်း ဒန်အမျိုးသားတို့ကို တောင်ပေါ်သို့ နှင်သဖြင့်၊ ချိုင့်ထဲမှာ နေရသောအခွင့်ကို မပေးကြ။

35 အာမောရိလူတို့သည် ဟေရက်တောင်ပေါ်မြို့၊ အာဇလုန်မြို့၊ ရှာလဗိမ်မြို့၌ အနိုင်နေကြ၏။ သို့ရာတွင် ယောသပ်အမျိုးသားတို့သည် အားကြီးသဖြင့် အာမောရိလူတို့သည် အခွန်ပေးရကြ၏။

36 အာမောရိလူနေရသောအရပ်သည် အကရဗ္ဗိမ်ကုန်းနား၊ သေလမြို့မှစ၍ အထက်အရပ်ပေတည်း။