Bible

 

ယေရမိ 23

Studie

   

1 ထာဝရဘုရားမိန့်တော်မူသည်ကား၊ ငါ့ထံမှာ ကျက်စားသော သိုးတို့ကို ဖျက်ဆီး၍၊ အရပ်ရပ်သို့ ကွဲပြား စေသော သိုးထိန်းတို့သည် အမင်္ဂလာရှိကြ၏။

2 ထိုကြောင့်၊ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါ၏ လူတို့ကို ကျွေးမွေးရသော သိုးထိန်းတို့အမှုမှာ သင်တို့သည် ငါ၏ သိုးစုကို မကြည့်ရှု၊ မပြုစု၊ အရပ်ရပ်သို့ ကွဲပြားစေ၍ နှင်ထုတ်သောကြောင့်၊ သင်တို့ပြုသော ဒုစရိုက်အပြစ်ကို သင်တို့အပေါ်မှာ ငါသက်ရောက်စေမည်ဟု ထာဝရ ဘုရားမိန့်တော်မူ၏။

3 တဖန်မိန့်တော်မူသည်ကား၊ ငါ၏သိုးစုကို ငါနှင်ထုတ်သော ပြည်ရှိသမျှတို့၌ ကျန်ကြွင်းသော သိုး တို့ကို ငါစုဝေး၍၊ နေရင်းသိုးခြံသို့ တဖန်ငါဆောင်ခဲ့ ဦးမည်။ သူတို့သည်လည်း၊ သားဘွား၍ များပြားကြလိမ့် မည်။

4 သူတို့ကို ကျွေးမွေးသော သိုးထိန်းတို့ကို သူတို့ အပေါ်မှာ ငါခန့်ထားသဖြင့်၊ သူတို့သည် နောက်တဖန် ကြောက်ခြင်း၊ ထိတ်လန့်ခြင်းမရှိ ရကြ။ ဆုံးမခြင်းကိုလည်း မခံရကြဟု ထာဝရဘုရား မိန့်တော်မူ၏။

5 ထာဝရဘုရား မိန့်တော်မူသည်ကား၊ သန့်ရှင်း သော အညွန့်ကို ဒါဝိဒ်အဘို့ ငါပေါက်စေသည်အတိုင်း၊ ဥာဏ်ကောင်းသောရှင်ဘုရင်တဦးသည် စိုးစံ၍၊ မြေကြီး ပေါ်မှာ တရားသဖြင့် ဖြောင့်မတ်စွာ စီရင်ရာ ကာလ သည် ရောက်လိမ့်မည်။

6 ထိုမင်းလက်ထက်၌ ယုဒပြည်သည် ကယ်တင် ခြင်းသို့ရောက်၍၊ ဣသရေလပြည်လည်း ငြိမ်ဝပ်စွာ နေရ လိမ့်မည်။ ထိုမင်းသည် ယေဟောဝါဇေဒကနုဟူသော ဘွဲ့နာမရှိလိမ့်သတည်း။

7 သို့ဖြစ်၍၊ ထာဝရဘုရားမိန့်တော်မူသည်ကား၊ ဣသရေလအမျိုးသားတို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင် သော ထာဝရဘုရားအသက်ရှင်တော်မူသည်ဟူ၍ မကျိန်ဆိုဘဲ၊

8 ဣသရေလအမျိုးသား အစဉ်အဆက်တို့ကို မြောက်ပြည်မှစ၍၊ နှင့်ထုတ်ဘူးသော ပြည်ရှိသမျှတို့မှ ပို့ဆောင်သော ထာဝရဘုရား အသက်ရှင်တော်မူသည် ဟူ၍ ကျိန်ဆိုရသော ကာလသည် နောက်တဖန် ရောက် လိမ့်မည်။ သူတို့သည် နေရင်းပြည်၌ တဖန် နေရကြ လိမ့်မည်။

9 ပရောဖက်များနှင့် ဆိုင်သော စကားဟူမူကား၊ ထာဝရဘုရားကြောင့်၎င်း၊ သန့်ရှင်းသော စကားတော် ကြောင့်၎င်း ငါ့စိတ်ပျက်လျက်ရှိ၏။ ငါ့အရိုးရှိသမျှတို့သည် လှုပ်ရှားကြ၏။ ယစ်မူးသောသူနှင့် စပျစ်ရည်နိုင်သော သူကဲ့သို့ ငါဖြစ်၏။

10 အကြောင်းမူကား၊ မတရားသော မေထုန်၌မှီဝဲ သောသူတို့သည် တပြည်လုံး၌ အနှံ့အပြားရှိကြ၏။ ထိုသူတို့ကြောင့် တပြည်လုံးမြည်တမ်းရ၏။ တော၌ ကျက်စားရာအရပ်တို့သည် သွေ့ခြောက်ကြ၏။ ပြည်သား များလိုက်သောလမ်းသည် မဖြောင့်၊ သူတို့အစွမ်းသတ္တိ သည် တရားဘက်၌ မနေတတ်။

11 ပရောဖက်နှင့်ယဇ်ပုရောဟိတ်နှစ်ပါးတို့သည် ဘုရားကို မရိုမသေပြုကြပြီ။ ငါ့အိမ်၌ပင် သူတို့ပြုသော အဓမ္မအမှုကို ငါတွေ့ပြီဟု ထာဝရဘုရား မိန့်တော်မူ၏။

12 ထိုကြောင့်၊ သူတို့သွားသောလမ်းသည် မှောင်မိုက်၌ ချောတတ်သော လမ်းကဲ့သို့ဖြစ်၍၊ သူတို့သည် တွန်းတိုးခြင်းကို ခံရ၍ လဲကြလိမ့်မည်။ အကြောင်းမူကား၊ သူတို့သည် ဆုံးမခြင်းကို ခံရသော ကာလ၌ သူတို့အပေါ်မှာ ဘေးဥပဒ်ကို သင့်ရောက် စေမည်ဟု ထာဝရဘုရား မိန့်တော်မူ၏။

13 ရှမာရိပြည်သား ပရောဖက်တို့၌လည်း၊ မိုက် သောသဘောကို ငါမြင်ပြီ။ သူတို့သည် ဗာလဘုရားကို မှီဝဲ၍ ပရောဖက်ပြုသဖြင့်၊ ငါ၏လူ ဣသရေလ အမျိုးသားတို့ကို မှားယွင်းစေကြပြီ။

14 ယေရုရှလင်မြို့သား ပရောဖက်တို့၌လည်း၊ စက်ဆုပ်ရွံရှာဘွယ်သောသဘောကို ငါမြင်ပြီ။ သူတို့သည် မတရားသော မေထုန်၌မှီဝဲလျက်၊ မုသာကိုလည်း သုံးလျက်၊ အဓမ္မပြုသောသူတို့ကို အားပေးတတ်သဖြင့်၊ အဘယ်သူမျှမိမိပြုသော အဓမ္မအမှုကို မစွန့်။ ထိုသူ ရှိသမျှတို့သည် ငါ၌ သောဒုံမြို့သားကဲ့သို့၎င်း၊ ယေရု ရှလင်မြို့သားတို့သည် ဂေါမောရမြို့သားကဲ့သို့၎င်း ဖြစ်ကြ၏။

15 ထိုကြောင့်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရ ဘုရားသည် ပရောဖက်တို့အမှု၌ မိန့်တော်မူသည်ကား၊ သူတို့ကို ဒေါနနှင့် ငါကျွေးမည်။ ဆေးခါးကိုလည်း သောက်စေမည်။ ယေရုရှလင်မြို့သား ပရောဖက်တို့သည် မူလအမြစ်ဖြစ်၍၊ အဓမ္မအမှုသည် တပြည်လုံးကို နှံ့ပြား လေပြီ။

16 ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ပရောဖက်ပြု၍ သင်တို့အား ဟောတတ်သော ဆရာတို့၏ စကားကို နားမထောင် ကြနှင့်။ သူတို့သည် သင်တို့အား အချည်းနှီးဟောတတ် ကြ၏။ ထာဝရဘုရား၏ နှုတ်တော်ထွက်သို့မလိုက်၊ ကိုယ်အလိုအလျောက် ရူပါရုံကို မြင်သည်အတိုင်း ဟောပြောတတ်ကြ၏။

17 ထာဝရဘုရား၏ နှုတ်ကပတ်တော်ကို မထီမဲ့မြင် ပြုသော သူတို့အား၊ သင်တို့သည် ငြိမ်ဝပ်ခြင်းရှိကြ လိမ့်မည်ဟု ဟောတတ်ကြ၏။ မိမိတို့စိတ်နှလုံးခိုင်မာခြင်း သဘောသို့လိုက်သော သူတို့အား၊ သင်တို့သည် ဘေးဥပဒ် နှင့် မတွေ့ရကြဟု ဟောတတ်ကြ၏။

18 ထိုသူတို့တွင် အဘယ်သူသည် ထာဝရဘုရားနှင့် တိုင်ပင်ဘက်ပြုသနည်း။ အဘယ်သူသည် အမှုတော်ကို ကြားမြင်သနည်း။ အဘယ် သူသည် နှုတ်ကပတ်တော်ကို နားထောင်ကြားသနည်း။

19 ထာဝရဘုရား၏ လေဘွေတော်သည် ပူသော အရှိန်နှင့်ထွက်၏။ ပြင်းစွာသော လေဘွေဖြစ်၍၊ မတရား သော သူတို့ခေါင်းပေါ်မှာ ပြင်းစွာ တိုက်လိမ့်မည်။

20 ထာဝရဘုရားသည် လက်စသတ်၍၊ အကြံ အစည်တော်ကို ပြည့်စုံစေတော်မမူမှီ အမျက်တော် မငြိမ်း ရ။ နောက်ကာလ၌ သင်တို့သည် ရှင်းလင်းစွာ နားလည် ကြလိမ့်မည်။

21 ငါမစေလွှတ်ဘဲ ထိုပရောဖက်တို့သည် ပြေးကြ ပြီ။ ငါမမှာထားဘဲ သူတို့သည် ကိုယ်အလိုအလျောက် ဟောပြောကြပြီ။

22 ထိုသူတို့သည် ငါနှင့် တိုင်ပင်ဘက်ပြုလျှင်၊ ငါ့စကားကို ငါ၏ လူမျိုးအားဆင့်ဆို၍၊ ငါ၏လူမျိုးကို မတရားသော လမ်းမှ၎င်း၊ မကောင်း သောအကျင့်ဓလေ့ မှ၎င်း လွဲသွားစေကြပြီ။

23 ငါသည်နီးသော အရပ်၌သာ ဘုရားဖြစ် သလော။ ဝေးသော အရပ်၌လည်း ဘုရားဖြစ်သည် မဟုတ်လောဟု ထာဝရဘုရား မေးတော်မူ၏။

24 ငါမမြင်စေခြင်းငှါ အဘယ်သူသည် မထင်ရှား သော အရပ်၌ ပုန်းရှောင်၍ နေနိုင်သနည်းဟု ထာဝရ ဘုရားမေးတော်မူ၏။ ငါသည် ကောင်းကင်မြေကြီးကို နှံ့ပြားသည် မဟုတ်လောဟု ထာဝရဘုရား မေးတော် မူ၏။

25 ငါသည် အိပ်မက်မြင်ပြီ၊ အိပ်မက်မြင်ပြီဟု၊ ငါ့နာမကို အမှီပြု၍၊ မုသာဖြင့် ဟောပြောသော ပရောဖက်တို့၏ စကားကို ငါကြားပြီ။

26 ထိုပရောဖက်တို့သည် အဘယ်မျှကာလပတ်လုံး ဤသို့ကြံစည် ကြလိမ့်မည်နည်း။ သူတို့သည် မုသာစကား ကို ဟောပြောတတ်ကြ၏။ ကိုယ်စိတ်နှလုံး လှည့်စားသည် အတိုင်း ဟောပြောတတ်ကြ၏။

27 ဘိုးဘေးတို့သည် ဗာလကြောင့် ငါ့နာမကို မေ့လျော့သကဲ့သို့၊ သူတို့သည် အိမ်နီးချင်းတယောက်ကို တယောက်ပြောတတ်သော အိပ်မက်များအားဖြင့် ငါ၏ လူမျိုးသည် ငါ့နာမကို မေ့လျော့စေမည်ဟု အကြံရှိကြ သည်တကား။

28 အိပ်မက်မြင်သော ပရောဖက်သည် အိပ်မက် စကားကို ပြောပါလေစေ။ ငါ၏နှုတ်ကပတ်တော်ကို ခံရ သော သူသည် နှုတ်ကပတ်စကားတော်ကို မှန်ကန်စွာ ဟောပြောပါလေစေ။ အဖျင်းသည်စပါးနှင့် အဘယ်သို့ ဆိုင်သနည်းဟု ထာဝရဘုရား မိန့်တော်မူ၏။

29 ငါ၏ နှုတ်ကပတ်တော်သည် မီးကဲ့သို့၎င်း၊ ကျောက်ကို ထုချေသောသံတူကဲ့သို့၎င်း ဖြစ်သည်မဟုတ် လောဟု ထာဝရဘုရား မေးတော်မူ၏

30 သို့ဖြစ်၍၊ ငါ့စကားတော်ကို အိမ်နီးချင်း တယောက်မှတယောက်ခိုးသော ပရောဖက်တို့ကို ငါသည် ဆန့်ကျင်ဘက်ပြုမည်ဟု ထာဝရဘုရား မိန့်တော်မူ၏။

31 မိမိတို့အလိုအလျောက် ဟောပြောလျက်နှင့် အမိန့်တော်ရှိသည်ဟုဆိုသော ပရောဖက်တို့ကို ငါသည် ဆန့်ကျင်ဘက်ပြုမည်ဟု ထာဝရဘုရားမိန့်တော်မူ၏။

32 မှားသာအိပ်မက်ကိုဟောပြော၍၊ မုသာစကား နှင့် အချည်းနှီးစကားအားဖြင့် ငါ၏လူမျိုးကိုမှားယွင်း စေသော ပရောဖက်တို့ကို ငါသည် ဆန့်ကျင်ဘက်ပြုမည်။ သူတို့ကို ငါမစေလွှတ်၊ မမှာထားသောကြောင့်၊ ဤလူမျိုး သည် ကျေးဇူးမရှိဟု ထာဝရဘုရား မိန့်တော်မူ၏။

33 ဤလူမျိုးတွင် ဆင်းရဲသားဖြစ်စေ၊ ပရောဖက် ဖြစ်စေ၊ ယဇ်ပုရောဟိတ်ဖြစ်စေ၊ တစုံတယောက်က၊ ထာဝရဘုရား၏ ဗျာဒိတ်တော်အဘယ်သို့နည်းဟု သင့်ကို မေးလျှင်၊ ပြန်ပြောရမည်မှာ၊ သင်တို့နှင့်ဆိုင်သော ဗျာဒိတ်တော်ဟူမူကား၊ သင်တို့ကို ငါစွန့်ပစ်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။

34 ထာဝရဘုရား၏ ဗျာဒိတ်တော်ရှိသည်ဟု ပြော ဆိုသော ပရောဖက်၊ ယဇ်ပုရောဟိတ်၊ ပြည်သူပြည်သား ကို၎င်း၊ ထိုသူ၏ အိမ်သူအိမ်သားတို့ကို၎င်း၊ ငါသည် ဒဏ်ပေးမည်။

35 သင်တို့က၊ ထာဝရဘုရားသည် အဘယ်သို့ ပြန်ပြောတော်မူသနည်းဟူ၍၎င်း၊ အဘယ်သို့ မိန့်တော်မူသနည်းဟူ၍၎င်း၊ အိမ်နီးချင်း၊ ညီအစ်ကို ချင်း တယောက်ကိုတယောက် မေးမြန်းရမည်။

36 ထာဝရဘုရား၏ ဗျာဒိတ်တော်ရှိသည်ဟူ၍ နောက်တဖန် မဆိုရ။ လူတိုင်းမိမိစကားမှတပါး အခြား သောဗျာဒိတ်တော်မရှိရ။ အကြောင်းမူကား၊ သင်တို့သည် အသက်ရှင်တော်မူသောဘုရား၊ ငါတို့၏ ဘုရားသခင် တည်းဟူသော ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား ၏ စကားတော်ကို ဖျက်ကြပြီ။

37 ထာဝရဘုရားသည် သင့်အား အဘယ်သို့ ပြန်ပြောတော်မူသနည်း။ ထာဝရဘုရားသည် အဘယ်သို့ မိန့်တော်မူသနည်းဟု ပရောဖက်ကို မေးလော့။

38 သင်တို့က၊ ထာဝရဘုရား၏ ဗျာဒိတ်တော်ဟု ဆိုကြသည်ဖြစ်၍၊ ထာဝရဘုရားမိန့်တော်မူသည်ကား၊ ထာဝရဘုရား၏ ဗျာဒိတ်တော်ရှိသည်ဟု မဆိုရမည် အကြောင်း၊ ငါ ပညတ်သော်လည်း၊ သင်တို့သည် ထာဝရ ဘုရား၏ ဗျာဒိတ်တော်ရှိသည်ဟူသော စကားကို သုံးကြ သောကြောင့်၊

39 ငါသည် သင်တို့ကို၎င်း၊ သင်တို့နှင့် ဘိုးဘေးတို့ အား ငါပေးသော မြို့ကို၎င်း၊ ငါ့ထံမှ အကုန်အစင် ကျုံး၍ ပစ်လိုက်မည်။

40 အစဉ်အမြဲမေ့လျော့နိုင်သော ထာဝရကဲ့ရဲ့ ခြင်းနှင့် အရှက်ကွဲခြင်းကို သင်တို့အပေါ်မှာ သက်ရောက် စေမည်။

   

Bible

 

၂ ရာချုပ် 6

Studie

   

1 ရှောလမုန်ကလည်း၊ ထာဝရဘုရားသည်၊ ထူထပ်သော မှောင်မိုက်ထဲမှာ နေတော်မူသည်ဟု စကား တော်ရှိ၏။

2 သို့ရာတွင် ကိုယ်တော်ကျိန်းဝပ်တော်မူရာအိမ်အစဉ်အမြဲနေတော်မူရာ ဌာနတော်ကို အကျွန်ုပ်တည် ဆောက်ပါပြီဟု မြွက်ဆို၏။

3 တဖန်ရှင်ဘုရင်သည် လှည့်ကြည့်၍ ဣသရေလ အမျိုးပရိသတ်အပေါင်းကို ကောင်းကြီးပေးတော်မူ၏။ ဣသရေလအမျိုးပရိသတ်အပေါင်းတို့သည် မတ်တတ် နေကြ၏။

4-6 ရှင်ဘုရင်ကလည်း၊ ထာဝရဘုရား၏ ဗျာဒိတ် တော်စကားဟူမူကား၊ ငါ၏လူဣသရေလအမျိုးသားတို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်သော နေ့ကစ၍။ ငါ့နာမ တည်ရာအိမ်ကို ဆောက်စေခြင်းငှါ၊ ဣသရေလခရိုင် များတို့တွင် မြို့ကို ငါမရွေး၊ ငါ၏လူဣသရေလအမျိုးသား တို့ကို အုပ်စိုးရသော်သူကိုလည် ငါမရွေးသေး။ ယခုမူ ကား၊ ငါ့နာမတည်ရာ ယေရုရှလင်မြို့ကို၎င်း၊ ငါ၏လူ ဣသရေလအမျိုးသားတို့ကို အုပ်စိုးစေခြင်းငှါ ဒါဝိဒ်ကို ၎င်း၊ ငါရွေးပြီဟု ငါ့ခမည်းတော်ဒါဝိဒ်အား ဗျာဒိတ် တော်ရှိသည်အတိုင်း၊ ပြုတော်မူသော ဣသရေလအမျိုး ၏ဘုရားသခင်ထာဝရဘုရားသည် မင်္ဂလာရှိတော်မူစေ သတည်း။

7 ဣသရေလအမျိုး၏ဘုရားသခင် ထာဝရဘုရား ၏နာမတော်အဘို့ အိမ်တော်ကို တည်ဆောက်ခြင်းငှါ၊ ငါ့ခမည်းတော်ဒါဝိဒ်သည် အကြံရှိသောအခါ၊

8 ထာဝရဘုရားက၊ သင်သည် ငါ့နာမအဘို့ အိမ်ကို တည်ဆောက်ခြင်းငှါ အကြံရှိသောကြောင့်၊ ကောင်းသောအမှုကိုပြုပြီ။

9 သို့သော်လည်း သင်သည် အိမ်တော်ကို မဆောက်ရ။ သင်၏သားရင်းသည် ငါ့နာမအဘို့ အိမ်တော်ကို ဆောက်ရမည်ဟု ငါ့ခမည်းတော်ဒါဝိဒ်အား မိန့်တော်မူ၏။

10 ထာဝရဘုရားသည် အမိန့်တော်ရှိသည်အတိုင်း ပြုတော်မူသဖြင့်၊ ငါသည် ငါ့ခမည်းတော်ဒါဝိဒ်၏ အရိပ် အရာကိုခံရ၍၊ ထာဝရဘုရားဂတိတော်ရှိသည်အတိုင်း ဣသရေလနိုင်ငံ၏ ရာဇပလ္လင်ပေါ်မှာ ထိုင်လျက်၊ ဣသ ရေလအမျိုး၏ဘုရားသခင် ထာဝရဘုရား၏ နာမတော် အဘို့ အိမ်တော်ကို တည်ဆောက်လေပြီ။

11 ဣသရေလအမျိုးသားတို့နှင့် ထာဝရဘုရား ဖွဲ့တော်မူသော ပဋိညာဉ်ကျောက်စာပါသော သေတ္တာ တော်ကို ထိုအိမ်တော်၌ တင်ထားလေပြီဟု မြွက်ဆို၏။

12 ထိုအခါရှောလမုန်သည် အလျားငါးတောင်၊ အနံငါးတောင်၊

13 အမြင့်သုံးတောင်ရှိသောပလ္လင်ကိုလုပ်၍၊ တန်တိုင်းအလယ်၌ ထားနှင့်သော ထိုပလ္လင်ပေါ်သို့ တက်ပြီးလျှင်၊ ထာဝရဘုရား၏ယဇ်ပလ္လင်ရှေ့၊ ဣသရေလ အမျိုးပရိသတ်အပေါင်းတို့ အလယ်မှာဒူးထောက်၍၊ လက်ဝါးတို့ကို ကောင်းကင်သို့ဖြန့်လျက်၊

14 အိုဣသရေလအမျိုး၏ ဘုရားသခင်ထာဝရ ဘုရား၊ ကောင်းကင်ပေါ်မြေကြီးပေါ်မှာကိုယ်တော်နှင့် တူသောဘုရားတဆူမျှ မရှိပါ။ ရှေ့တော်၌ စိတ်နှလုံး အကြွင်းမဲ့ ကျင့်သောကိုယ်တော်၏ ကျွန်တို့အဘို့ ပဋိညာဉ်တရားနှင့် ကရုဏာတရားကို စောင့်ရှောက် တော်မူပြီ။

15 ကျွန်ုပ်အဘဒါဝိဒ်၌ ထားတော်မူသော ဂတိ တော်ကိုမဖျက်၊ မိန့်တော်မူသည်အတိုင်း ယနေ့ပြုတော် မူပြီ။

16 အိုဣသရေလအမျိုး၏ ဘုရားသခင် ထာဝရ ဘုရား၊ ကိုယ်တော်က၊ သင်သည်ငါ့ရှေ့မှာ ကျင့်သကဲ့သို့ သင်၏သားမြေးတို့သည်ငါ့တရားကို ကျင့်လိုသောငှါ၊ မိမိတို့သွားရာလမ်းကို သတိပြုလျှင်၊ ငါ့မျက်မှောက်၌ ဣသရေလနိုင်ငံ၏ ရာဇပလ္လင်ပေါ်မှာ ထိုင်ရသော သင် ၏အမျိုး မင်းရိုးမပြတ်ရဟု ကိုယ်တော်ကျွန်ကျွန်ုပ် အဘဒါဝိဒ်၌ ထားတော်မူသော ဂတိတော်ကို ယခု စောင့်တော်မူပါ။

17 အိုဣသရေလအမျိုး၏ဘုရားသခင် ထာဝရ ဘုရား၊ ကိုယ်တော်ကျွန်ကျွန်ုပ်အဘ ဒါဝိဒ်အား မိန့်တော်မူသော စကားတော်ကို ယခုပြည့်စုံစေတော် မူပါ။

18 သို့ရာတွင်ဘုရားသခင်သည် မြေကြီးပေါ်မှာ လူတို့တွင် ဧကန် အမှန်ကျိန်းဝပ်တော်မူမည်လော။ ကောင်းကင်နှင့် ကောင်းကင်တကာတို့၏အထွဋ်၊ အမြင့် ဆုံးသော ကောင်းကင်သည်ကိုယ်တော်ကို မဆံ့မခံနိုင် သည်ဖြစ်၍၊ အကျွန်ုပ်တည်ဆောက်သော ဤအိမ်ကို အဘယ်ဆိုဘွယ်ရာ ရှိပါသနည်း။

19 သို့သော်လည်း အိုအကျွန်ုပ်ဘုရားသခင် ထာဝရ ဘုရား၊ ကိုယ်တော်ကျွန်သည် ရှေ့တော်၌ ယနေ့ကြွေး ကြော်လျက် ပဌနာပြု၍ တောင်းလျှောက်သော စကားကို နားခံနာယူတော်မူပါ။

20 ဤမ်သောအရပ်၌ ငါ့နာမတ်ရမ်ဟု မိန့် တော်မူသ်အတိုင်း၊ ဤအရပ်ဌာနနှင့် ဤအိမ်တော်ကို နေ့ဉ့်မပြတ်ကြ့်ရှု၍ ကိုယ်တော်ကျွန်် ဤအရပ်ဌာန၌ ဆုတောင်းသော စကားကို နားထောင် တော်မူပါ။

21 ကိုယ်တော်ကျွန်မှစ၍ကိုယ်တော်၏ လူဣသ ရေလအမျိုးသားတို့သည် ဤအရပ်ဌာန၌ ဆုတောင်း ပဌနာပြုကြသောအခါ၊ ကျိန်းဝပ်တော်မူရာကောင်းကင် ဘုံ၌နားထောင်၍ အပြစ်မှလွှတ်တော်မူပါ။

22 လူသည်မိမိအိမ်နီးချင်းကို ပြစ်မှားသောကြောင့်၊ အကျိန်ခံရမည်ဟုအိမ်နီးချင်းဆိုလျက်၊ ဤအိမ်တော်၌ ကိုယ်တော်၏ ယဇ်ပလ္လင်ရှေ့မှာ အကျိန်တိုက်လျှင်၊

23 ကောင်းကင်ဘုံ၌ နားထောင်တော်မူပါ။ မတရားသော သူသည် မိမိအပြစ်နှင့်အလျောက် ရှုံးစေ ခြင်းငှါ၎င်း၊ ဖြောင့်မတ်သောသူသည် မိမိဖြောင့်မတ်ခြင်း နှင့် အလျောက်အကျိုးကိုခံရ၍ အပြစ်မှ လွတ်စေခြင်း ငှါ၎င်း၊ ကိုယ်တော်ကျွန်တို့ကို တရားစီရင်တော်မူပါ။

24 ကိုယ်တော်၏လူ ဣသရေလ အမျိုးသားတို့သည် ကိုယ်တော်ကို ပြစ်မှားသောအပြစ်ကြောင့်၊ ရန်သူရှေ့မှာ ရှုံးရသောအခါ၊ ကိုယ်တော်ထံသို့ပြန်လာ၍ နာမတော်ကို ဝန်ခံလျက်၊ ဤအိမ်တော်ကိုမှီခိုလျက်၊ ဆုတောင်းပဌနာ ပြုလျှင်၊

25 ကောင်းကင်ဘုံ၌နားထောင်၍၊ ကိုယ်တော်၏လူ ဣသရေလအမျိုးသားတို့ကို အပြစ်မှလွှတ်တော်မူပါ။ ဘိုးဘေးတို့အား ပေးသနားတော်မူသော ပြည်သို့ တဖန် ပို့ဆောင်တော်မူပါ။

26 ကိုယ်တော်ကို ပြစ်မှားသောအပြစ်ကြောင့် မိုဃ်းမရွာ၊ မိုဃ်းခေါင်သဖြင့်၊ ကိုယ်တော်သည် ဆုံးမ တော်မူသောအခါ၊ သူတို့သည် ဤအရပ်ဌာနတော်ကို မှီခိုလျက် ဆုတောင်း၍၊ နာမတော်ကို ဝန်ခံလျက် မိမိ ဒုစရိုက်ကို စွန့်ပယ်လျှင်၊

27 ကောင်းကင်ဘုံ၌နားထောင်၍ ကိုယ်တော်၏ ကျွန်၊ ကိုယ်တော်၏လူဣသရေလအမျိုးတို့ကို အပြစ်မှ လွှတ်တော်မူပါ။ သူတို့လိုက်ရသော လမ်းကောင်းကို ပြညွှန်၍၊ ကိုယ်တော်၏ လူတို့အား အမွေပေးသော မြေ ပေါ်မှာ မိုဃ်းရွာစေတော်မူပါ။

28 ပြည်တော်၌ အစာအာဟာရ ခေါင်းပါးသော် ၎င်း၊ လေထိ၍ အပင်သေသော်၎င်း၊ အရည်ယို၍သေ သော်၎င်း၊ အရာဘကျိုင်း၊ ခါသိလကျိုင်းကိုက်စား သော်၎င်း၊ ရန်သူတိုက်လာ၍ မြို့ကိုဝိုင်းထားသော်၎င်း၊ ဘေးဥပဒ် အနာရောဂါ တစုံတခုရောက်သောခါ၊

29 ကိုယ်တော်၏လူ ဣသရေလအမျိုးသားအချို့တို့ သည် အသီးအသီးခံရသောဘေးဒဏ်ကိုသိလျက်၊ ဤအိမ် တော်သို့ မိမိတို့လက်ဝါးကို ဖြန့်၍ တစုံတခုသော ပဌနာ စကားအားဖြင့် ဆုတောင်းလျှင်၊

30 ကျိန်းဝပ်တော်မူရာ ကောင်းကင်ဘုံ၌၊ နား ထောင်တော်မူပါ။

31 ဘိုးဘေးတို့အားပေးသနားတော်မူသော ပြည်၌ သူတို့သည် အသက်ရှင်သောကာလပတ်လုံး ကိုယ်တော် ကို ကြောက်ရွံ့၍၊ တရားတော်လမ်းသို့ လိုက်ပါမည် အကြောင်း၊ ကိုယ်တော်သာလျှင် လူသတ္တဝါအပေါင်း တို့၏စိတ်နှလုံးသဘောကို သိလျက် သူတို့အပြစ်ကို လွှတ်တော်မူပါ။ အသီးအသီးပြုကြသည်အတိုင်း စီရင်တော် မူပါ။

32 ကိုယ်တော်၏လူဣသရေလအမျိုးမဟုတ်၊ တပါးအမျိုးသားတို့ သည်ကြီးမြတ်သောနာမတော်နှင့် တန်ခိုးကြီး၍ ဆန့်တော်မူသော လက်ရုံးတော်ကို ထောက် သဖြင့်၊ ဝေးသောပြည်မှ ရောက်လာ၍ ဤအိမ်တော်ကို မှီခိုလျက်ဆုတောင်းလျှင်၊

33 ကျိန်းဝပ်တော်မူရာ ကောင်းကင်ဘုံ၌ နား ထောင်တော်မူပါ။ ကိုယ်တော်၏ လူဣသရေလ အမျိုးသားတို့သည်ကိုယ်တော်ကို ကြောက်ရွံ့သကဲ့သို့၊ မြေကြီးသားအပေါင်းတို့သည် ကြောက်ရွံ့လျက် နာမ တော်ကို သိစေခြင်းငှါ၎င်း၊ အကျွန်ုပ်တည်ဆောက်သော ဤအိမ်တော်ကို နာမတော်ဖြင့် သမုတ်ကြောင်းကို သိစေ ခြင်းငှါ၎င်း၊ ထိုတပါးအမျိုးသားတို့သည် ဆုတောင်းသမျှ အတိုင်း ကျေးဇူးပြုတော်မူပါ။

34 ကိုယ်တော် စေခိုင်းတော်မူသည်အတိုင်း၊ ကိုယ် တော်၏လူတို့သည် ရန်သူတို့ရှိရာသို့ စစ်ချီသောအခါ ရွေးတော်မူသောမြို့၊ နာမတော်အဘို့ အကျွန်ုပ် တည် ဆောက်သော အိမ်တော်ကို မှီခိုလျက် ကိုယ်တော်အား ဆုတောင်းကြလျှင်၊

35 သူတို့ ဆုတောင်းပဌနာပြုသော စကားကို ကောင်းကင်ဘုံ၌ နားထောင်၍ သူတို့အမှုကို စောင့် တော်မူပါ။

36 မပြစ်မှားတတ်သော သူတယောက်မျှမရှိသည် ဖြစ်၍၊ ကိုယ်တော်၏လူတို့သည် ကိုယ်တော်ကို ပြစ်မှား သောကြောင့်၊ အမျက်တော်ထွက်၍ ရန်သူလက်သို့ အပ်တော်မူသဖြင့်၊ ရန်သူတို့သည် ဝေးသောပြည်၊ နီး သောပြည်၊ အခြားတပါးသော ပြည်သို့သိမ်းသွားလျှင် ၎င်း၊

37 ထိုပြည်၌အချုပ်ခံစဉ်၊သူတို့သည် သတိရ၍ အကျွန်ုပ်တို့သည် ပြစ်မှားပါပြီ။ မဖြောင့်သောအမှု၊ ဆိုးညစ်သောအမှုကို ပြုမိပါပြီဟု စိတ်ပြောင်းလဲ၍ တောင်းပန်သဖြင့်၊

38 သိမ်းသွားသော ရန်သူတို့၏ ပြည်၌နေစဉ်၊ စိတ်နှလုံးအကြွင်းမဲ့အထံတော်သို့ပြန်လာ၍၊ ဘိုးဘေးတို့ အား ပေးတော်မူသောပြည်၊ ရွေးတော်မူသောမြို့၊ နာမ တော်အဘို့ အကျွန်ုပ်တည်ဆောက်သော အိမ်တော်ကို မှီခိုလျက် ဆုတောင်းလျှင်၎င်း၊

39 သူတို့ဆုတောင်း ပဌနာပြုသောစကားကို ကျိန်း ဝပ်တော်မူရာ ကောင်းကင်ဘုံ၌ နားထောင်၍ သူတို့ အမှုကို စောင့်တော်မူပါ။ ကိုယ်တော်ကို ပြစ်မှားသော ကိုယ်တော်လူတို့၏အပြစ်ကို ဖြေရှင်းတော်မူပါ။

40 အိုအကျွန်ုပ်ဘုရားသခင် ကြည့်ရှုတော်မူပါ။ ဤအရပ်ဌာန၌ ဆုတောင်းသော စကားကို နားထောင် တော်မူပါ။

41 အိုထာဝရအရှင် ဘုရားသခင်၊ ကျိန်းဝပ်တော်မူ ရာသို့ တန်ခိုးတော်နှင့်ယှဉ်သော ဓမ္မသေတ္တာနှင့်တကွ တတ်တော်မူပါ။ အိုထာဝရအရှင်ဘုရားသခင်၊ ကိုယ်တော် ၏ ယဇ်ပုရောဟိတ်တို့သည် ကယ်တင်ခြင်းတန်ဆာကို ဆင်၍၊ ကိုယ်တော်၏ သန့်ရှင်းသူတို့သည် ကျေးဇူးတော်၌ ဝမ်းမြောက်ကြပါစေသော၊

42 အိုထာဝရ အရှင်ဘုရားသခင်၊ ဘိသိက်ပေး တော်မူသော သူ၏မျက်နှာကို လွှဲစေတော်မမူပါနှင့်။ ကိုယ်တော်ကျွန်ဒါဝိဒ်ခံရသော ကျေးဇူးတော်ကို အောက် မေ့တော်မူပါဟု ပဌနာပြုလေ၏။