Bible

 

ကမ္ဘာ ဦး 42

Studie

   

1 အဲဂုတ္တုပြည်၌ စပါးရှိကြောင်းကို ယာကုပ် ကြားသိလျှင်၊ သင်တို့သည် အဘယ်ကြောင့် တယောက်ကို တယောက် ကြည့်ရှု၍ နေကြသနည်း။

2 အဲဂုတ္တုပြည်၌ စပါးရှိကြောင်းကို ငါကြားရပြီ။ ငါတို့သည်မသေ အသက်ရှင်မည်အကြောင်း၊ ထိုပြည်သို့ သွား၍ ငါတို့အဘို့ကို ဝယ်ကြလော့ဟု မိမိသားတို့အား ဆိုသည်အတိုင်း၊

3 ယောသပ်၏ အစ်ကိုတကျိပ်တို့သည် စပါးကို ဝယ်ခြင်းငှါ အဲဂုတ္တုပြည်သို့ သွားကြ၏။

4 ယောသပ်၏ညီ ဗင်္ယာမိန်ကိုကား အစ်ကိုတို့နှင့် အတူ ယာကုပ်သည်မစေမလွှတ်။ အကြောင်းမူကား၊ သူ၌ ဘေးရောက်ကောင်းရောက်လိမ့်မည်ဟု စိုးရိမ်သတည်း။

5 ထိုအခါ ခါနာန်ပြည်၌ အစာခေါင်းပါးသော ကြောင့်၊ အဲဂုတ္တုပြည်သို့ရောက်လာသော သူတို့တွင်၊ ဣသရေလသားတို့သည် စပါးကိုဝယ်ခြင်းငှါ လာကြ၏။

6 ယောသပ်သည် နိုင်ငံအုပ်ဖြစ်၍ ပြည်သား အပေါင်းတို့အား ရောင်းသောအမှုကို စီရင်လေ၏။ ယော သပ်အစ်ကိုတို့သည်လာ၍ သူ့ရှေ့မှာ ဦးညွှတ်ချကြ၏။

7 ယောသပ်သည် အစ်ကိုတို့ကိုမြင်လျှင်သိ၏။ သို့သော်လည်း မသိဟန်ဆောင်၍ ကြမ်းတမ်းစွာ ပြော လျက်၊ သင်တို့သည် အဘယ်ကလာကြသနည်းဟု မေး၏။ သူတို့ကလည်း၊ အစာကိုဝယ်ခြင်းငှါ ခါနာန်ပြည်က လာကြပါသည် ဟုလျှောက်ကြ၏။

8 ယောသပ်သည် အစ်ကိုတို့ကိုသိသော်လည်း၊ သူတို့သည် ယောသပ်ကို မသိကြ။

9 ယောသပ်သည် သူတို့အကြောင်းနှင့် မြင်ရသော အိပ်မက်တို့ကို အောက်မေ့လျက်၊ သင်တို့သည် သူလျှို ဖြစ်ကြ၏။ ပြည်တော်၌ အားနည်းသောအရပ်ကို ကြည့်ရှု ခြင်းငှါ လာကြပြီဟုဆိုလျှင်၊

10 သူတို့က၊ မဟုတ်ပါသခင်။ ကိုယ်တော်၏ကျွန်တို့ သည် အစာကို ဝယ်ခြင်းငှါသာ လာကြပါ၏။

11 ကျွန်တော်တို့သည် တယောက်တည်းသောသူ၏ သားဖြစ်ကြပါ၏။ ဖြောင့်မတ်သောသူလည်း ဖြစ်ကြပါ၏။ ကိုယ်တော်၏ကျွန်တို့သည် သူလျှိုမဟုတ်ပါဟု လျှောက် ကြ၏။

12 ယောသပ်ကလည်း၊ မဟုတ်ဘူး။ ပြည်တော်၌ အားနည်းသော အရပ်ကိုကြည့်ရှုခြင်းငှါ လာကြပြီဟု ဆိုပြန်၏။

13 သူတို့ကလည်း၊ ကိုယ်တော်ကျွန်တို့သည် ခါနာန် ပြည်၌ တယောက်တည်းသောသူ၏သား၊ ညီအစ်ကို တကျိပ်နှစ်ယောက် ဖြစ်ကြပါ၏။ အငယ်ဆုံးသောသူကား အဘနှင့်အတူ ယခုရှိရစ်ပါ၏။ တယောက်ကားမရှိပါဟု လျှောက်ပြန်လျှင်၊

14 ယောသပ်က၊သင်တို့သည် သူလျှိုဖြစ်ကြ၏ဟု ငါဆိုသည်အရာမှာ၊

15 သင်တို့ကို အဘယ်သို့ စုံစမ်းရမည်နည်းဟူမူ ကား၊ အငယ်ဆုံးသောညီ မလာလျှင်၊ ဖါရောဘုရင် အသက်ရှင်တော်မူသည်အတိုင်း သင်တို့သည် ဤအရပ်မှ မထွက်မသွားရ။

16 သင်တို့စကား မှန်သည်မမှန်သည်ကို စုံစမ်း၍ သိစေခြင်းငှါ သင်တို့တွင် တယောက်သောသူကို စေလွှတ် ၍ ညီကိုဆောင်ခဲ့စေ။ ကြွင်းသောသူတို့ကို ထောင်ထဲမှာ ချထားမည်။ သို့မဟုတ် ဖါရောဘုရင် အသက်ရှင်တော် မူသည်အတိုင်း၊ အကယ်စင်စစ် သင်တို့သည် သူလျှို ဖြစ်ကြ၏ဟုဆိုပြီးလျှင်၊

17 အစ်ကိုအပေါင်းတို့ကို သုံးရက်ချုပ်ထားလေ၏။

18 သုံးရက်မြောက်သောနေ့ယောသပ်သည် သူတို့ကိုခေါ်၍၊ ငါသည် ဘုရားသခင်ကို ကြောက်ရွံ့သော သူဖြစ်၏။ သို့ဖြစ်၍ သင်တို့သည် အသက်ချမ်းသာစေ ခြင်းငှါ ပြုရသောအမှုဟူမူကား၊

19 သင်တို့သည် ဖြောင့်မတ်သောသူမှန်လျှင်၊ သင်တို့ညီအစ်ကိုတို့တွင် တစုံတယောက်ကို ထောင်အိမ်၌ အချုပ်ခံလျက်နေစေပြီးလျှင်၊ ကြွင်းသော သူတို့မူကား သွားကြလော့။ အိမ်သူအိမ်သားတို့၌ အစာခေါင်းပါး သောကြောင့် စပါးကိုယူ၍သွားကြလော့။

20 အငယ်ဆုံးသောညီကို ငါ့ထံသို့ ဆောင်ခဲ့ကြ လော့။ သို့ပြုလျှင် သင်တို့စကားမှန်လိမ့်မည်။ သင်တို့ အသက်လည်း ချမ်းသာရလိမ့်မည်ဟုဆိုသည်အတိုင်း သူတို့သည်ပြုကြ၏။

21 ထိုအခါ သူတို့အချင်းချင်းဆိုကြသည်ကား၊ အကယ်စင်စစ် ငါတို့ သည် ညီ၏အမှု၌ အပြစ်ကြီးကြ၏။ သူသည် ငါတို့ကိုတောင်းပန်သောအခါ၊ သူ့စိတ်ဆင်းရဲ ခြင်းကို ငါတို့သည် မြင်လျက်နှင့် နားမထောင်ဘဲနေကြ ၏။ ထိုကြောင့် ဤအမှုသည် ငါတို့အပေါ်မှာ ယခု ရောက်လာပြီဟု တယောက်ကိုတယောက် ပြောဆိုကြ၏။

22 ရုဗင်ကလည်း၊ သူငယ်ကို မပြစ်မှားပါနှင့်ဟု ကျွန်ုပ်ဆိုသည်မဟုတ် လော။ သင်တို့သည် နားမထောင် ဘဲ နေကြသောကြောင့် သူ၏အသွေးအတွက် ယခု အစစ်ခံရကြသည်ဟု ပြန်၍ဆို၏။

23 ထိုသို့ မိမိတို့ ပြောဆိုကြသောစကားကို ယော သပ် နားလည်သည်ဟု သူတို့မထင်ကြ။ အကြောင်းမူကား၊ ယောသပ်သည် စကားပြန်နှင့်သူတို့ကို ပြောတတ်သော ကြောင့်တည်း။

24 ထိုအခါ ယောသပ်သည် သူတို့ထံမှခဏခွါ၍ ငိုလေ၏။ တဖန် လာပြန်၍ နှုတ်ဆက်ပြီးလျှင်၊ ရှိမောင် ကို သူတို့အစုထဲကယူ၍ သူတို့ရှေ့တွင် ချည်နှောင်လေ၏။

25 ထိုနောက် သူတို့အိတ်များကို စပါးနှင့်ပြည့်စေ၍၊ သူတို့ငွေကိုလည်း အသီးအသီးအိတ်တို့တွင် ပြန်ထည့်စေ ခြင်းငှါ၎င်း၊ လမ်းခရီး၌ စားစရိတ်ကိုပေးစေခြင်းငှါ၎င်း စီရင်၍ ထိုသို့လျှင်သူတို့၌ပြုလေ၏။

26 သူတို့သည်လည်း မြည်းများအပေါ်၌ စပါးကို တင်၍ ထွက်သွားကြ၏။

27 စားခန်းသို့ရောက်သောအခါ၊ တယောက်သော သူသည် မြည်းကို အစာကျွေးခြင်းငှါ မိမိအိတ်ကိုဖွင့်လျှင်၊ အိတ်ဝတွင်ရှိသော ငွေကိုမြင်လေ၏။

28 ညီအစ်ကိုတို့အားလည်း ကျွန်ုပ်ငွေကို ပြန်ထား ပြီ။ ကြည့်ပါ အိတ်ထဲမှာရှိသည်ဟုဆိုသော်၊ သူတို့သည် စိတ်နှလုံးလျော့၍ ကြောက်လန့်လျက်၊ ငါတို့၌ ဘုရား သခင်ပြုတော်မူသော ဤအမှုသည် အဘယ်အမှုဖြစ် ပါလိမ့်မည်နည်းဟု တယောက်ကိုတယောက်ဆိုကြ၏။

29 ခါနာန်ပြည် အဘယာကုပ်ထံသို့ရောက်လျှင်၊ မိမိတို့၌ဖြစ်လေသမျှတို့ကို ကြားပြောသည်ကား၊

30 ထိုပြည်ကိုအုပ်စိုးသောသူသည် ကြမ်းတမ်းစွာ ပြောလျက်၊ ကျွန်ုပ်တို့ကို ထိုပြည်သူလျှိုလုပ်သူဟူ၍ မှတ်လေ၏။

31 ကျွနုပ်တို့ကလည်း၊ ကျွန်တော်တို့သည် ဖြောင့် မတ်သောသူဖြစ်ကြပါ၏။ သူလျှိုမဟုတ်ပါ။

32 တဘတည်းသား၊ ညီအစ်ကိုချင်း တကျိပ် နှစ်ယောက်ဖြစ်ကြပါ၏။ တယောက်ကားမရှိပါ။ အငယ် ဆုံးသောသူကား ခါနာန်ပြည်၌ အဘနှင့်အတူ ယခုရှိရစ် ပါသည်ဟု လျှောက်သောအခါ၊

33 ထိုပြည်ကို အုပ်စိုးသောသခင်က၊ သင်တို့သည် ဖြောင့်မတ်သောသူမှန်သည်ကို အဘယ်သို့ ငါသိနိုင်မည် နည်းဆိုသော်၊ သင်တို့ညီအစ်ကိုတို့ တွင် တစုံတယောက်ကို ငါ့ထံ၌ထားရစ်ကြလော့။ သင်တို့အိမ်သူအိမ်သားတို့၌ အစာခေါင်းပါးသောကြောင့် အစာကိုယူ၍သွားကြလော့၊

34 အငယ်ဆုံးသောညီကို ငါ့ထံသို့ ဆောင်ခဲ့ကြ လော့။ သို့ပြုလျှင် သင်တို့သည် သူလျှိုမဟုတ် ဖြောင့်မတ် သောသူဖြစ်သည်ကို ငါသိလိမ့်မည်။ သင်တို့ညီအစ်ကိုကို လည်း ငါပြန်၍အပ်မည်။ သင်တို့သည် ပြည်တော်၌ ဖေါက်ကားရောင်းဝယ်ရကြမည်ဟု ဆိုကြောင်းကို ကြားပြောကြပြီးမှ၊

35 မိမိတို့အိတ်များအထဲက စပါးကို ထုတ်သော အခါ၊ အသီးအသီးဆိုင်သော ငွေထုပ်တို့သည် မိမိတို့အိတ် ၌ ရှိကြ၏။ ငွေထုပ်များကို သူတို့နှင့် အဘသည် မြင်သော အခါ ကြောက်လန့်ကြ၏။

36 အဘယာကုပ်ကလည်း၊ သင်တို့သည် ငါ့သား တို့ကို လုယူကြပြီ။ ယောသပ်မရှိ၊ ရှိမောင်မရှိ၊ ဗင်္ယာမိန် ကိုလည်း ယူသွားချင်သည်တကား။ ဤအမှုအလုံးစုံတို့ သည် ငါနှင့်ဆန့်ကျင်ဘက်ဖြစ်သည်တကားဟု သူတို့အား ဆို၏။

37 ရုဗင်ကလည်း၊ ကျွန်ုပ်သည် ဗင်္ယာမိန်ကို အဘ ထံသို့ပြန်၍ မဆောင်ခဲ့လျှင်၊ ကျွန်ုပ်သားနှစ်ယောက်တို့ကို သတ်ပါလော့။သူ့ကိုကျွန်ုပ် လက်၌အပ်ပါ။ ကျွန်ုပ်တဖန် အဘထံသို့ပြန်၍ ဆောင်ခဲ့ပါမည်ဟု အဘအား ဆို၏။

38 အဘကလည်း၊ သင်တို့နှင့်အတူ ငါ့သားမသွား ရ။ သူ၏အစ်ကိုသေပြီ။ သူသည် တယောက်တည်း ကျန် ရစ်၏။ သင်တို့သွားရာလမ်းခရီးတွင် သူ၌ ဘေးရောက် လျှင်၊သင်တို့သည် ငါ့ဆံပင်ဖြူကို ဝမ်းနည်းခြင်းနှင့်တကွ မရဏာနိုင်ငံသို့ သက်ရောက်စေကြလိမ့်မည်ဟု ဆိုလေ ၏။

   

Bible

 

၃ ဓမ္မရာဇဝင် 2

Studie

   

1 ဒါဝိဒ်သည်အနိစ္စရောက်ရသော အချိန်နီးသော အခါ၊ သားတော်ရှောလမုန်ကို ပညတ်ထားတော်မူသည် ကား၊

2 မြေကြီးသားအပေါင်းတို့၏ သွားရာလမ်းသို့ ငါသွားရမည်။ သို့ဖြစ်၍အားယူလော့။ ယောက်ျား၏ ဂုဏ်သတ္တိရှိလော့။

3 ထာဝရဘုရားသည် ငါ့အားဗျာဒိတ်ပေးတော် မူသည်ကား၊

4 သင်၏သားမြေးတို့သည် စိတ်နှလုံးအကြွင်းမဲ့ ငါ့ရှေ့မှာ သမ္မာတရား၌ ကျင်လည်ခြင်းငှါ မိမိတို့သွားရာ လမ်းကို သတိပြုလျှင်၊ ဣသရေ လနိုင်ငံရာဇပလ္လင်ပေါ် မှာ ထိုင်ရသော သင်၏အမျိုးမင်းရိုးမပြတ်ရဟု မိန့်တော် မူသော စကားတော်တည်၍၊ သင်သည်ပြုလေရာရာ၊ သွားလေရာရာ၌ အောင်မြင်မည်အကြောင်းသင်၏ ဘုရားသခင်ထာဝရဘုရားလမ်းတော်သို့ လိုက်၍၊ မောရှေ၏ပညတ္တိကျမ်း၌ပါသော စီရင်ထုံးဖွဲ့ချက်၊ သက်သေခံချက်၊ ပညတ်တရားတော်တို့ကို စောင့်ရှောက် စေခြင်းငှါ မှာထားတော်မူသော စကားကို နားထောင် လော့။

5 ဇေရုယာသားယွာဘသည် ငါ၌ပြုသောအမှု၊ ဣသရေလဗိုလ်ချုပ်နှစ်ပါးနေရ၏သားအာဗနာ၊ ယေသာ ၏ သားအာမသ၌ ပြုသောအမှုတည်းဟူသော သူတို့ကို သတ်၍ စစ်မတိုက်ဘဲ စစ်သွေးကို သွန်းလောင်း သဖြင့်၊ မိမိဝတ်သောခါးစည်း၊ မိမိနင်းသောခြေနင်းတို့ကို စစ်သွေးနှင့် လူးသောအမှုကို သင်သိသည်ဖြစ်၍၊

6 သင်၌ပညာရှိသည်အတိုင်း စီရင်လျက်၊ ဆံပင် ဖြူသော ထိုသူ၏ဦးခေါင်းကို မရဏာနိုင်ငံသို့ ငြိမ်ဝပ်စွာ မဆင်းစေနှင့်။

7 ဂိလဒ်ပြည်သားဗာဇိလဲ၏သားတို့ကိုကား ကျေးဇူးပြု၍ စားပွဲတော်၌ စားသောလူစုထဲသို့ ဝင်စေ လော့။ သင့်အစ်ကိုအဗရှလုံကြောင့် ငါပြေးရသောအခါ၊ သူတို့သည် ထိုသို့သောကျေးဇူးကိုပြု၍ ငါ့ထံသို့ လာကြ၏။

8 ငါသည်မဟာနိမ်မြို့သို့သွားသော နေ့၌ ငါ့ကို ကြမ်းတမ်းစွာ ကျိန်ဆဲသောသူ၊ ဗင်္ယာမိန်အမျိုးဗာဟု ရိမ်ရွာသား၊ ဂေရ၏သားရှိမိသည် သင့်လက်၌ရှိ၏။ သူသည်ငါ့ကိုခရီးဦးကြိုပြုအံ့သောငှါ ယော်ဒန်မြစ်နားသို့ လာသောအခါ၊ သင့်ကို ငါမကွပ်မျက်ဟု ထာဝရဘုရားကို တိုင်တည်၍ ငါကျိန်ဆိုသော်လည်း၊

9 ထိုသူကို အပြစ်မရှိသော သူကဲ့သို့မမှတ်ရဘဲ၊ သင်သည် လိမ္မာသော သူဖြစ်၍ သူ၌အဘယ်သို့ စီရင် သင့်သည်ကို သိသည်နှင့်အညီ၊ ဆံပင်ဖြူသော ထိုသူ၏ ခေါင်းကို အသေသတ်ခြင်းအားဖြင့် မရဏာနိုင်ငံသို့ ဆင်းစေလော့ဟု မှာထားတော်မူပြီးမှ၊

10 ဒါဝိဒ်သည်ဘိုးတော်ဘေးတော်တို့နှင့် အိပ်ပျော် ၍ ဒါဝိဒ်မြို့၌ သင်္ဂြိုဟ်ခြင်းကို ခံတော်မူ၏။

11 ဟေဗြုန်မြို့၌ခုနစ်နှစ်၊ ယေရုရှလင်မြို့၌ သုံး ဆယ်သုံးနှစ် မင်းပြု၍ ဣသရေလနိုင်ငံကို အနှစ် လေးဆယ်စိုးစံတော်မူ၏။

12 ရှောလမုန်သည် ခမည်းတော်ဒါဝိဒ်၏ ရာဇ ပလ္လင်ပေါ်မှာ ထိုင်တော်မူ၍၊ အာဏာတော်သည် အမြဲတည်၏။

13 ထိုနောက် ဟဂ္ဂိတ်၏သား အဒေါနိယသည် ရှောလမုန်၏ မယ်တော်ဗာသရှေဘထံသို့သွား၍၊ ဗာသရှေဘက သင်သည်မိတ်ဆွေဖွဲ့လျက် လာသလော ဟုမေးလျှင်၊ မိတ်ဆွေဖွဲ့လျက် လာပါ၏။

14 ပြောစရာတစုံတခုရှိပါသည်ဟု ဆိုသော်၊ မယ်တော်က ပြောပါဟု ပြန်ဆို၏။

15 အဒေါနိယကလည်း၊ နိုင်ငံတော်သည် ကျွန်ုပ် လက်သို့ရောက်သည်ကို၎င်း၊ ဣသရေလအမျိုးသား အပေါင်းတို့သည် ကျွန်ုပ်ကို ရှင်ဘုရင်အဖြစ်၌ ချီးမြှောက် ချင်သည်အကြောင်းကို၎င်း မယ်တော်သိပါ၏။ သို့သော် လည်းနိုင်ငံတော်သည် ကျွန်ုပ်လက်မှလွဲ၍ ညီတော်လက် သို့ ရောက်ပါပြီ။ ထိုသို့ထာဝရဘုရားအလိုတော်ရှိ၏။

16 ယခုမှာ တစုံတခုသော ဆုကို မယ်တော်၌ တောင်းချင်ပါ၏။ မငြင်းပါနှင့်ဟုဆိုလျှင်၊ မယ်တော်က ပြောပါဟုဆို၏။

17 သူကလည်းရှောလမုန်မင်းကြီးသည် ရှုနင်မြို့သူ အဘိရှက်ကို ကျွန်ုပ်အား ပေးစားတော်မူမည်အကြောင်း လျှောက်ပါတော့။ မင်းကြီးသည် မယ်တော်ကို ငြင်းတော် မမူနိုင်ဟု ဆိုလေသော်၊

18 ဗာသရှေဘကကောင်းပြီ။ သင့်အဘို့နားတော် လျှောက်မည်ဟု ဆိုပြီးမှ၊ အဒေါနိယအဘို့ နားတော် လျှောက်မည်ဟုဆိုပြီးမှ၊ အဒေါနိယအဘို့ နားတော် လျှောက်အံ့သောငှါ ရှောလမုန်မင်းကြီးထံတော်သို့သွား၏။

19 ရှင်ဘုရင်သည် မယ်တော်ကို ခရီးဦးကြိုပြုအံ့ သောငှါ ၍ ဦးချပြီးမှ၊ ပလ္လင်တော်ပေါ်မှ ထိုင်တော် မူ၏။ မယ်တော်ထိုင်စရာဘို့ စီရင်၍ သူသည် လက်ျာ တော်ဘက်မှာ ထိုင်လေ၏။

20 ထိုအခါ မယ်တော်က၊ ငယ်သောဆု တစုံတခုကို တောင်းချင်သည်ဖြစ်၍ မငြင်းပါနှင့်ဟု လျှောက်လျှင်၊ ရှင်ဘုရင်ကမိခင်၊ တောင်းပါ၊ ကျွန်ုပ်မငြင်းပါဟု မိန့်တော် မူ၏။

21 မယ်တော်ကလည်း၊ ရှုနင်မြို့သူ အဘိရှက်ကို နောင်တော်အဒေါနိယအား ပေးစားတော်မူပါဟု တောင်း လေသော်၊

22 ရှောလမုန်မင်းကြီးက၊ အဒေါနိယအဘို့ ရှုနင် မြို့သူ အဘိရှက်ကိုသာ အဘယ်ကြောင့် တောင်းရ သနည်း။ နိုင်ငံတော်ကိုလည်း သူအဘို့ တောင်းပါလော့။ သူသည်ကျွန်ုပ်နောင်တော်ဖြစ်၏။ သူနှင့်ယဇ်ပုရောဟိတ် အဗျာသာ၊ ဇေရုယာ၏ သားယွာဘအဘို့ တောင်းပါလော့ ဟု မယ်တော်အား ပြန်ပြောပြီးမှ၊

23 တဖန်အဒေါနိယသည် ထိုသို့တောင်းသော်၊ မိမိ အသက်သေစေခြင်းငှါ မတောင်းမိလျှင်၊ ဘုရားသခင် သည် ငါ့အားထိုမျှမက ပြုတော်မူစေသတည်း။

24 ငါ့ကိုမြဲမြံစေသဖြင့်၊ ငါ့ခမည်းတော် ဒါဝိဒ်၏ ရာဇပလ္လင်တော်ပေါ်မှာ တင်၍ဂတိတော်နှင့်အညီ ငါ့နေရာနန်းတော်ကို ပေးတော်မူသော ထာဝရဘုရား အသက်ရှင်တော်မူသည်အတိုင်း၊ အဒေါနိယသည် ယနေ့ အသေခံရမည်ဟု ထာဝရဘုရားကိုတိုင်တည်၍ ကျိန်ဆို ပြီးမှ၊

25 ယောယဒသား ဗေနာယကိုစေလွှတ်၍၊ အဒေါ နိယကို သေအောင်လုပ်ကြံလေ၏။

26 ယဇ်ပုရောဟိတ် အဗျာသာကိုလည်းရှင်ဘုရင် ခေါ်၍၊ သင်သည် အာနသုတ်မြို့၊ သင်ပိုင်သော မြေသို့ သွားလော့။ သင်သည် အသေခံထိုက်သော်လည်း ယခု ငါမစီရင်။ အကြောင်းမူကား၊ ထာဝရ အရှင်ဘုရားသခင် ၏သေတ္တာတော်ကို ငါ့ခမည်းတော် ဒါဝိဒ်ရှေ့မှာ ထမ်း လေပြီ။ ငါ့ခမည်းတော်ဆင်းရဲခံလေရာရာ၌ သင်သည် ဆင်းရဲခံလေပြီဟု မိန့်တော်မူ၏။

27 ထာဝရဘုရားသည် ဧလိအမျိုးကို အကြောင်း ပြု၍၊ ရှိလောမြို့၌ မိန့်တော်မူသော စကားပြည့်စုံမည် အကြောင်း၊ ရှောလမုန်သည် အဗျာသာကို ထာဝရဘုရား ထံတော်၌ ယဇ်ပုရောဟိတ်မဖြစ်စေခြင်းငှါ နှင်ထုတ်တော် မူ၏။

28 ယွာဘမူကား၊ အဗရှလုံ နောက်သို့မလိုက်သော် လည်း၊ အဒေါနိယနောက်သို့ လိုက်သောသူဖြစ်၍၊ ထို သိတင်းကို ကြားသောအခါ၊ ထာဝရဘုရားတဲတော်သို့ ပြေး၍ ယဇ်ပလ္လင်ဦးချိုတို့ကို ကိုင်လျက်နေ၏။

29 ယွာဘသည် ထာဝရဘုရားတဲတော်သို့ ပြေးပါပြီ။ ယဇ်ပလ္လင် အနားမှာရှိပါသည်ဟု ရှောလမုန် မင်းကြီးအား လျှောက်သောအခါ၊ ယွာဘကို လုပ်ကြံ လော့ဟု ယောယဒသား ဗေနာယကို စေလွှတ်တော်မူ၏။

30 ဗေနာယသည် ထာဝရဘုရားတဲတော်သို့ သွား၍၊ ရှင်ဘုရင်ခေါ်တော်မူသည်ဟုဆိုလျှင်၊ ယွာဘက ငါမသွား၊ ဤအရပ်မှာ အသေခံမည်ဟုဆို၏။ ဗေနာယ ကလည်း၊ ယွာဘသည်ဤသို့ပြန်ပြောပါ၏ဟု နားတော် လျှောက်လေသော်၊

31 ရှင်ဘုရင်က၊ အပြစ်မရှိသော သူ၏အသက်ကို ယွာဘသတ်သောအပြစ်နှင့် ငါမှစ၍ ငါ့အဆွေအမျိုး ကင်းစင်မည်အကြောင်း သူ့စကားအတိုင်းပြုလော့။ သူ့ကို လုပ်ကြံ၍ သင်္ဂြိုဟ်လော့။

32 သူသည် မိမိထက်သာ၍ ဖြောင့်မတ် ကောင်း မြတ်သောသူ၊ ဣသရေလဗိုလ်ချုပ်နေရ၏သား အာဗနာ နှင့်ယုဒဗိုလ်ချုပ်ယေသာ၏သားအာမသကို ငါ့ခမည်း တော် ဒါဝိဒ်မသိဘဲ တိုက်၍ထားနှင့် သတ်သော အပြစ် ကို ထာဝရဘုရားသည် သူ၏ခေါင်းပေါ်သို့ သက်ရောက် စေတော်မူမည်။

33 ထိုသူတို့၏ အသွေးသည် ယွာဘခေါင်း၊ သားမြေးတို့၏ ခေါင်းပေါ်မှာ အစဉ်သက်ရောက်ပါစေ။ ဒါဝိဒ်နှင့် သူ၏ဆွေတော်မျိုးတော်၊ နန်းတော်၊ ရာဇပလ္လင် တော်၌ ထာဝရဘုရားပေးတော်မူသော ငြိမ်ဝပ်ခြင်း အမြဲသက်ရောက်ပါစေဟု မိန့်တော်မူသည်အတိုင်း၊

34 ယောယဒသား ဗေနာယသည် သွားပြီးလျှင်၊ ယွာဘကို တိုက်သတ်၍ တောအရပ်၊ ယွာဘနေရာအိမ်၌ သင်္ဂြိုဟ်လေ၏။

35 ဗိုလ်ချုပ်ယွာဘအရာ၌ ယောယဒသား ဗေနာယကို၎င်း၊ အဗျာသာအရာ၌ ယဇ်ပုရောဟိတ် ဇာဒုတ်ကို၎င်း ရှင်ဘုရင်ခန့်ထားတော်မူ၏။

36 တဖန်ရှင်ဘုရင်သည် ရှိမိကို ခေါ်ပြီးလျှင်၊ သင်သည် ယေရုရှလင်မြို့ထဲမှာ အိမ်ကိုဆောက်နေရ မည်။ မြို့ပြင်သို့ထွက်၍ အဘယ်အရပ်ကို မျှမသွားနှင့်။

37 မြို့ပြင်သို့ထွက်၍ ကေဒြုန်ချောင်းကို ကူးလျှင်၊ ကူးသောနေ့၌ အသေသတ်ခြင်းကို အမှန်ခံရမည်ဟု သတိနှင့်မှတ်လော့။ သင့်အသွေးသည် သင့်ခေါင်းပေါ်မှာ သက်ရောက်စေဟု မိန့်တော်မူသော်၊

38 ရှိမိက၊ အမိန့်တော်ကောင်းပါ၏။ အရှင်မင်းကြီး မိန့်တော်မူသည်အတိုင်း ကိုယ်တော်ကျွန်ပြုပါမည်ဟု ပြန် လျှောက်၍ ယေရုရှလင်မြို့၌ ကြာမြင့်စွာနေလေ၏။

39 သို့ရာတွင် သုံးနှစ်လွန်သောအခါ၊ ရှိမိ၏ကျွန် နှစ်ယောက်တို့သည် ဂါသမင်းကြီးမာခါသား အာခိတ်ထံ သို့ပြေး၍ ဂါသမြို့၌ရှိကြောင်းကို ရှိမိသည်ကြားလေသော်၊

40 မြည်းကို ကုန်းနှီးတင်ပြီးလျှင်၊ ကျွန်တို့ကို ရှာအံ့သောငှါ ဂါသမြို့၊ အာခိတ်ံသို့သွား၍ ကျွန်တို့ကို ခေါ်လေ၏။

41 ထိုသို့ရှိမိသည် ယေရုရှလင်မြို့မှ ဂါသမြို့သို့ သွား၍ ပြန်လာကြောင်းကို ရှောလမုန်မင်းကြီး ကြား လေသော်၊

42 ရှိမိကို ခေါ်ပြီးလျှင်၊ သင်သည် မြို့ပြင်သို့ ထွက် ၍ အခြားတပါးသော အရပ်သို့သွားလျှင်၊ သွားသောနေ့၌ အသေသတ်ခြင်းအမှန်ခံရမည်ကို သတိနှင့်မှတ်လော့ဟု ထာဝရဘုရားကိုတိုင်တည်လျက် သင့်ကို ငါကျိန်ဆိုစေ၍ သတိပေးသည်မဟုတ်လော။ သင်ကလည်း ကျွန်တော် ကြားရသော အမိန့်တော်ကောင်းပါသည်ဟု ဝန်ခံသည် မဟုတ်လော။

43 သို့ဖြစ်၍ ထာဝရဘုရား၏သစ္စာတော်ကို၎င်း၊ ငါမှာထားသော ပညတ်ကို၎င်း၊ ငါမှာထားသော ပညတ် ကို၎င်း အဘယ်ကြောင့် မစောင့်သနည်းဟု မိန့်တော် မူပြီးမှ၊

44 တဖန်သင်သည် ကိုယ်နှစ်သက်သည်အတိုင်း ငါ့ခမည်းတော်ဒါဝိဒ်၌ ပြုဘူးသော ဒုစရိုက်ရှိသမျှကို သင်သိ၏။ သင်၏ဒုစရိုက်အပြစ်ကို ထာဝရဘုရားသည် သင့်ခေါင်းပေါ်သို့ ရောက်စေတော်မူ၏။

45 ရှောလမုန်မင်းကြီးသည် မင်္ဂလာရှိ၍ ဒါဝိဒ်၏ ရာဇပလ္လင်တော်သည် ထာဝရဘုရားရှေ့တော်၌ အစဉ် အမြဲတည်ပါစေသတည်းဟု မိန့်တော်မူပြီးလျှင်၊

46 ယောယဒသား ဗေနာယသည် အမိန့်တော်ကို ခံ၍ ပြင်သို့ထွက်ပြီးလျှင် ရှိမိကိုသေအောင်လုပ်ကြံ လေ၏။ ထိုသို့နိုင်ငံတော်သည် ရှောလမုန်လက်၌ တည်၏။