Bible

 

ယေဇကျေလ 11

Studie

   

1 ိုနောက် ဝိညာဉ်တော်သည် ငါ့ကိုချီ၍၊ အရှေ့ ဘက်သို့ မျက်နှာပြုသော ာဝရဘုရားအိမ်တော် အရှေ့တံခါးသို့ ဆောင်သွား၍၊ တံခါးဝ၌ လူနှစ်ကျိပ် ငါးယောက်ရှိ၏။ သူတို့တွင်မင်းပြုသောသူ၊ အဇုရသား ယာဇညာ၊ ဗေနာယသားပေလတိတို့ကို ငါမြင်၏။

2 ဗျာဒိတ်တော်အသံကား၊ အချင်းလူသား၊ ဤ သူတို့သည် မကောင်းသောအကြံကို ကြံစည်၍၊ ဤမြို့၌ မတရားသော တိုင်ပင်ခြင်းကို ပြုသောသူဖြစ်ကြ၏။

3 သူတို့က၊ အမှုမရောက်သေး။ အိမ်ဆောက်ကြ ကုန်အံ့။ ဤမြို့သည် အိုးကင်း၊ ငါတို့သည် အမဲသား ဖြစ်သည်ဟု ဆိုတတ်ကြ၏။

4 သို့ဖြစ်၍ အိုလူသား၊ သူတို့တဘက်၌ ပရောဖက် ပြု၍ ဟောပြောလော့ဟု မိန့်တော်မူ၏။

5 ထိုအခါ ထာဝရဘုရား၏ ဝိညာဉ်တော်သည် ငါ့အပေါ်သို့ သက်ရောက်၍၊ သင်သည် ဟောပြောလော့။ ထာဝရဘုရားမိန့်တော်မူသည်ကား၊ အိုဣသရေလ အမျိုး၊ သင်တို့သည် ဤသို့ပြောဆိုကြပြီ။ သင်တို့ကြံစည် သမျှတို့ကို ငါသိ၏။

6 သင်တို့သည် ဤမြို့၌သူရဲတို့ကို များပြားစေ၍၊ မြို့လမ်းတို့ကို သူရဲများနှင့်ပြည့်စေကြပြီ။

7 ထိုကြောင့် အရှင်ထာဝရဘုရား မိန့်တော်မူ သည်ကား၊ သင်တို့ထားသော သူရဲတို့သည် အမဲသား ဖြစ်၏။ ဤမြို့သည် အိုးကင်းဖြစ်၏။ သို့သော်လည်း၊ သင်တို့ကို မြို့ထဲက ငါထုတ်မည်။

8 သင်တို့သည် ထားကို ကြောက်သည်ဖြစ်၍၊ ငါသည် ထိုထားကို သင်တို့အပေါ်သို့ရောက်စေမည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။

9 ငါသည် သင်တို့ကိုမြို့ထဲက ထုတ်ပြီးလျှင်၊ တကျွန်းတနိုင်ငံသား တို့၏လက်သို့အပ်၍ အပြစ်ဒဏ်ကို စီရင်မည်။

10 သင်တို့သည် ထားဖြင့်ဆုံးရှုံးကြ၍၊ ဣသရေလ ပြည်စွန်းမှာ ငါ စစ်ကြောစီရင်သဖြင့်၊ ငါသည် ထာဝရ ဘုရားဖြစ်ကြောင်းကို သင်တို့ သိရကြလိမ့်မည်။

11 ဤမြို့သည် သင်တို့၏ အိုးကင်းမဖြစ်ရ၊ သင်တို့ သည်လည်း၊ အိုးကင်း၌ အမဲသားမဖြစ်ရကြ။ ဣသရေလ ပြည်စွန်းမှာ ငါစစ်ကြောစီရင်သဖြင့်၊ ငါသည် ထာဝရ ဘုရားဖြစ်ကြောင်းကို သင်တို့သိရကြလိမ့်မည်။

12 အကြောင်းမူကား၊ သင်တို့သည် ငါ၏ဘုရား လမ်းသို့မလိုက်၊ ငါ့စီရင်ချက်တို့ကို မစောင့်၊ သင်တို့ ပတ်လည်၌နေသော လူမျိုးတို့၏ ထုံးစံဓလေ့တို့ကို လိုက်ကြပြီဟု မိန့်တော်မူ၏။

13 ထိုဗျာဒိတ်တော်စကားကို ငါသည်ဆင့်ဆို၍ ဟောပြောစဉ်တွင်၊ ဗေနာယသားပေလတိသည် သေ၏။ ငါသည်လည်း ပြပ်ဝပ်၍၊ အိုအရှင် ထာဝရဘုရားကျန်ကြွင်းသော ဣသရေလအမျိုးသားတို့ကို ဆုံးရှုံး စေတော်မူမည်လောဟု ကျယ်သောအသံနှင့် ကြွေးကြော် ၏။

14 တဖန်ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊

15 အချင်းလူသားယေရုရှလင်မြို့သူမြို့သားတို့က၊ ထာဝရဘုရားထံတော်မှ ဝေးစွာထွက်သွားကြလော့။ ဤပြည်ကိုငါတို့အား အပိုင်ပေးတော်မူပြီဟု သင်၏ ညီအစ်ကို၊ သင်၏အမျိုးသားချင်း၊ ဣသရေလအမျိုး သားအပေါင်းတို့အား ဆိုတတ်ကြ၏။

16 ထိုကြောင့်၊ အရှင်ထာဝရဘုရား မိန့်တော်မူ သည်ကား၊ သင်၏အမျိုးသားချင်းတို့ကို တပါးအမျိုးသား တို့ နေရာဝေးသောအရပ်သို့ ငါပြောင်းစေ၍၊ အတိုင်း တိုင်းအပြည်ပြည်တို့၌ ဖြန့်ကြဲသော်လည်း၊ သူတို့ ရောက် သောပြည်တို့၌ ငါသည်သူတို့အဘို့ သန့်ရှင်းရာဌာနကဲ့သို့ ခဏ ဖြစ်လိမ့်မည်။

17 အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ သူတို့ ကို ဖြန့်ကြဲသော လူအမျိုးမျိုး နေရာအတိုင်းတိုင်း အပြည်ပြည်တို့မှ ငါသိမ်းယူ၍၊ စုဝေးပြီးလျှင်၊ ဣသရေလ ပြည်ကိုပေးမည်။

18 သူတို့သည် ထိုပြည်သို့ရောက်၍၊ စက်ဆုပ်ရွံရှာ ဘွယ်သော အမှုအရာရှိသမျှတို့ကို ပယ်ရှားကြလိမ့်မည်။

19 ငါသည်လည်း၊ ညီညွတ်သော စိတ်နှလုံးနှင့် အသစ်သောသဘောကို သွင်းပေးမည်။ သူတို့ကိုယ်ခန္ဓာ ထဲက ကျောက်နှလုံးကို နှုတ်၍၊ အသားနှလုံးကို ပေးသော ကြောင့်၊

20 သူတို့သည် ငါစီရင်ထုံးဖွဲ့သော ပညတ်တရား လမ်းသို့လိုက်၍ စောင့်ရှောက်သဖြင့်၊ ငါ၏လူဖြစ်ကြ လိမ့်မည်။ ငါသည်လည်း သူတို့၏ ဘုရားသခင်ဖြစ်မည်။

21 သို့မဟုတ်လျှင်၊ စက်ဆုပ်ရွံ့ရှာဘွယ်သော အမူ အရာတို့၏ အလိုသို့ စိတ်နှလုံးအားဖြင့် လိုက်သော သူတို့၏ အပြစ်ကို၊ သူတို့၏ခေါင်းပေါ်သို့ ငါရောက်စေ မည်ဟု အရှင်ထာဝရဘုရားမိန့်တော်မူ၏။

22 ထိုအခါ ခေရုဗိမ်တို့သည် အတောင်တို့ကို ဖြန့်၍၊ ဘီးတို့သည်လည်း လိုက်ကြ၏။ ဣသရေလအမျိုး၏ ဘုရားသခင့်ဘုန်းတော်သည်လည်း သူတို့အပေါ်၌ ရှိတော်မူ၏။

23 ထာဝရဘုရား၏ ဘုန်းတော်သည် မြို့ထဲက တက်၍၊ မြို့အရှေ့မှာ ရှိသောတောင်ပေါ်၌ ရပ်တော်မူ၏။

24 ဝိညာဉ်တော်သည်လည်း၊ ဘုရားသခင်၏ ဗျာဒိတ်ရူပါရုံအားဖြင့် ငါ့ကိုချီ၍ သိမ်းသွားသော သူတို့ နေရာ၊ ခါလဒဲပြည်သို့ ဆောင်သွားတော်မူ၏။ ငါမြင်ခဲ့ပြီး သော ဗျာဒိတ်ရုံသည်လည်း ငါနှင့်ကွာ၍ တက်သွား၏။

25 ထာဝရဘုရားပြတော်မူခဲ့ပြီးသော အမှုအရာ ရှိသမျှတို့ကို ငါသည်သိမ်းသွားခြင်းကိုခံရသော သူတို့အား ကြားပြောလေ၏။

   

Komentář

 

Hills

  

'Hills' signify the goods of charity.

(Odkazy: Arcana Coelestia 6435, 10438)

Bible

 

၂ ကောရိန္သု 3

Studie

   

1 ငါတို့သည် တဖန်ကိုယ်ကိုကိုယ် ချီးမွမ်းကြ သလော။ သို့မဟုတ်ချီးမွမ်းသောစာကို သင်တို့ထံသို့ သူတပါးပေးစေခြင်းငှါ၎င်း၊ သင်တို့သည်သူတပါးထံသို့ ပေးစေခြင်းငှါ၎င်း၊ ငါတို့သည်အချို့သောသူကဲ့သို့ အလိုရှိကြသလော။

2 သင်တို့သည် ငါတို့စိတ်နှလုံးပေါ်၌ ရေးထားသောစာ၊ လူအပေါင်းတို့သိ၍ ဘတ်တတ်သောငါတို့ စာပင်ဖြစ်ကြသတည်း။

3 အဘယ်သို့နည်းဟူမူကား၊ သင်တို့သည် မှင်နှင့် ရေးထားသော စာမဟုတ်။ အသက်ရှင်တော်မူသော ဘုရားသခင်၏ ဝိညာဉ်တော်နှင့်ရေး၍၎င်း၊ ကျောက်ပြားပေါ်၌မရေးဘဲ အသားနှင့်ပြည့်စုံသော နှလုံးပြားပေါ်၌ ရေး၍၎င်း၊ ငါတို့ပြုစုသော ခရစ်တော်၏စာ ထင်ရှားစွာဖြစ်ကြ၏။

4 ငါတို့သည် ခရစ်တော်အားဖြင့် ဘုရားသခင့် ရှေ့တော်၌ ထိုသို့သော ယုံမှတ်စွဲလမ်းခြင်းရှိ၏။

5 သို့ရာတွင် ငါတို့သည်ကိုယ်တန်ခိုးကိုအမှီပြု၍၊ ကိုယ်အလိုအလျောက် တစုံတခုကိုကြံစည်ခြင်းငှါ တတ်နိုင်သည်မဟုတ်။ ဘုရားသခင်ကိုအမှီပြု၍သာ တတ်နိုင်သည်နှင့်အညီ၊

6 ပဋိညာဉ်တရားသစ်၏ ဆရာဖြစ်နိုင်သော အစွမ်းသတ္တိကို ဘုရားသခင်သည် ငါတို့အားပေးတော် မူ၏။ ထိုသို့ဆိုသော် ကျမ်းဟောင်းတရားကိုမဆိုလို၊ ဝိညာဉ်တော်တရားကိုဆိုလို၏။ ကျမ်းဟောင်းတရားသည် အသက်ကိုသတ်တတ်၏။ ဝိညာဉ်တော်တရားမူကား ရှင်စေတတ်၏။

7 ထိုမှတပါး ပျောက်တတ်သော ရောင်ခြည်တည်းဟူသော မောရှေ၏မျက်နှာမှ ထွက်သောရောင်ခြည် ကြောင့်၊ ဣသရေလအမျိုးသားတို့သည် သူ၏မျက်နှာကို စေ့စေ့မကြည့်ရှုနိုင်သည်တိုင်အောင်၊ ကျောက်ပြားပေါ်၌ အက္ခရာတင်၍ ရေးထားသောသေခြင်း၏တရားသည် ဘုန်းအာနုဘော်နှင့် ပြည့်စုံသည်မှန်လျှင်၊

8 ထိုမျှမက ဝိညာဉ်တော်တရားသည် ဘုန်းအာနုဘော်နှင့် အလွန်ပြည့်စုံရလိမ့်မည် မဟုတ်လော။

9 အပြစ်စီရင်တတ်သောတရားသည် ဘုန်းအာနုဘော်ရှိလျှင်၊ ထိုမျှမက ဖြောင့်မတ်စေတတ်သော တရား သည် ဘုန်းအာနုဘော်နှင့် သာ၍ ကြွယ်ဝပြည့်စုံလိမ့်မည်။

10 နောက်ဖြစ်သော ဘုန်းသည် အလွန်မြတ်သောကြောင့်၊ ဘုန်းရှိဘူးသော အရာသည် ဘုန်းကွယ်လျက် ရှိ၏။

11 ပယ်ရှင်းရသောအရာသည် ဘုန်းရှိလျှင်၊ တည်နေသောအရာသည်သာ၍ ဘုန်းရှိလိမ့်မည်။

12 ထိုသို့သော ယုံကြည်မြော်လင့်ခြင်းရှိသည်ဖြစ်၍ ငါတို့သည် တိမ်ဝှက်ခြင်း အလျှင်းမရှိ။ အတည်အလင်း ဟောပြောကြ၏။

13 ပယ်ရှင်းသောအရာ၏အဆုံးကို ဣသရေလအမျိုးသားတို့သည် စေ့စေ့မကြည့်ရှုစေခြင်းငှါ မောရှ သည် မိမိမျက်နှာကို ဖုံးအုပ်သကဲ့သို့ ငါတို့သည်မပြုကြ။

14 သူတို့စိတ်နှလုံးသည် မိုက်မဲလျက်ရှိ၍၊ ယခုတိုင်အောင် စမ္မကျမ်းစာကို ဘတ်ကြသောအခါ အနက် အဓိပ္ပါယ်သည် ဖုံးအုပ်လျက်ရှိ၏။ အကြောင်းမူကား၊ ခရစ်တော်အားဖြင့်သာ ထိုဖုံးအုပ်ခြင်း အကြောင်းကို ပယ်ရှင်းရ၏။

15 ယခုတိုင်အောင်လည်း၊ မောရှ၏ကျမ်းစာကို ဘတ်ကြသောအခါ၊ သူတို့စိတ်နှလုံးသည် ဖုံးအုပ်လျက်ရှိ သေး၏။

16 သို့သော်လည်း သခင်ဘုရားထံတော်သို့ ပြောင်းလဲသောအခါ၊ ထိုဖုံးအုပ်ခြင်းအကြောင်းကို ပယ်ရှင်း လိမ့်မည်။

17 သခင်ဘုရားဟုဆိုသော် ဝိညာဉ်တော်တရားကို ဆိုလိုသတည်း။ သခင်ဘုရား၏ ဝိညာဉ်တော်တရားသည် လွှတ်ခြင်းချမ်းသာကို ပေးတတ်၏။

18 ငါတို့ရှိသမျှသည် မျက်နှာဖုံးကိုဖွင့်လျက် မှန်ကို ကြည့်သကဲ့သို့၊ သခင်ဘုရား၏ ဘုန်းအသရေတော်ကို ကြည့်မြင်၍၊ ဝိညာဉ်တော်တရား၏ အရှင်သည် ရောင်ခြည်တော်ကို လွှတ်တော်မူသည့်အတိုင်း၊ ငါတို့သည် ဘုန်းအသရေ တိုးပွါး၍ ပုံသဏ္ဌာန်တော်နှင့်အညီ ပြောင်းလဲ ခြင်း ရှိရကြ၏။