Bible

 

ထွက်မြောက်ရာ 23

Studie

   

1 သင်သည် မှားသော သိတင်းစကားကို မကြားမပြောရ။ မတရားသောသူတို့နှင့် ဝိုင်းညီ၍ မမှန်သော သက်သေကို မခံရ။

2 လူများနောက်သို့ လိုက်၍ မတရားသဖြင့် မပြုရ။ တရားတွေ့သည်အမှုမှာ ကြီးသောသူဘက်၌ နေ၍၊ တရားလမ်းမှ လွဲစေခြင်းငှါ မပြောရ။

3 ဆင်းရဲသောသူဘက်၌လည်း မငဲ့ကွက်ရ။

4 သင်သည် ရန်သူ၏မြင်းနွား လမ်းလွဲသည်ကို တွေ့မြင်လျှင်၊ အမှန်ပြန်ပို့ရမည်။

5 သင့်ကို မုန်းသော သူ၏မြည်းသည်၊ မိမိဆောင်ရွက်သော ဝန်အောက်မှာ လဲနေသည်ကို တွေ့မြင်လျှင်၊ မ မစဘဲ နေနိုင်သလော။ အမှန်ဝိုင်းညီ၍ မစရမည်။

6 သင်၌ ဆင်းရဲသော သူသည် တရားတွေ့သောအခါ၊ သူ့ကို မတရားသဖြင့် မစီရင်ရ။

7 မဟုတ်မမှန်သော အမှုကို ရှောင်ရမည်။ အပြစ်မရှိသောသူ၊ ဖြောင့်မတ်သောသူကို မကွပ်မျက်ရ။ အကြောင်းမူကား၊ ငါသည် မတရားသော သူကို အပြစ်မလွှတ်။

8 သင်သည် တံစိုးမစားရ။ တံစိုးသည် ပညာရှိတို့၏မျက်စိကို ကွယ်စေ၍၊ ဖြောင့်မတ်သောသူတို့၏ စကားကို လွဲစေတတ်၏။

9 တကျွန်းတနိုင်ငံသားဖြစ်သော ဧည့်သည်ကို မညှဉ်းဆဲရ။ သင်တို့သည် အဲဂုတ္တုပြည်၌ ဧည့်သည်ဖြစ်ခဲ့ ဘူးသောကြောင့်၊ ဧည့်သည်၏စိတ်သဘောကို သိကြ၏။

10 ခြောက်နှစ်ပတ်လုံး လယ်လုပ်၍ အသီးကို သိမ်းရမည်။

11 သတ္တမနှစ်တွင် လယ်ကို မလုပ်ဘဲ အလွတ်ထားရမည်။ သို့ပြုလျှင် ဆင်းရဲသောအမျိုးသားချင်းတို့သည်၊ စားရသောအခွင့် ရှိလိမ့်မည်။ ကြွင်းသောအရာကိုလည်း၊ မြေတိရစ္ဆာန်တို့သည် စားရကြလိမ့်မည်။ ထိုနည်းတူ၊ စပျစ်ဥယျာဉ်သံလွင်ဥယျာဉ်ကိုလည်း ပြုရမည်။

12 ခြောက်ရက်ပတ်လုံး အလုပ်လုပ်ရမည်။ သတ္တမနေ့ရက်၌ ငြိမ်ဝပ်စွာနေရမည်။ သို့ပြုလျှင် သင်၏နွား မြည်းတို့သည် ငြိမ်ဝပ်စွာ နေရသောအခွင့် ရှိလိမ့်မည်။ သင်၏ ငယ်သားများ၊ ဧည့်သည်များတို့လည်း သက်သာရ ကြလိမ့်မည်။

13 ငါပညတ်သမျှတို့၌ သတိပြုကြလော့။ အခြားသောဘုရား၏ နာမကို မမြွက်မဆိုနှင့်။ သင်၏နှုတ်ထဲက မြွက်သံကို သူတပါးမကြားစေနှင့်။

14 တနှစ်တွင် သုံးကြိမ် ငါ့အဘို့ ပွဲခံရမည်။ ငါမှာထားခဲ့ပြီးသည်အတိုင်း၊ အဗိဗလချိန်းချက်သော နေ့ရက်အချိန်၌ အဇုမပွဲကိုခံ၍၊ ခုနစ်ရက် ပတ်လုံး တဆေးမဲ့သောမုန့်ကို စားရမည်။

15 ငါမှာထားခဲ့ပြီးသည်အတိုင်း၊ အဗိဗ ချိန်းချက်သော နေ့က်အချိန၌ အဇုမပွဲကိုခံ၍၊ ခုနစ်ရက်ပတ်ုံး တဆေးမဲ့သော မုန့်ကို စားရမည်။ အကြောင်းမူကား၊ ထိုတွင် သင်သည် အဲဂုတ္တုပြည်က ထွကာသတည်း။ ထိုပွဲကို ခံစဉ် ငါ့ထံသို့ အဘယ်သူမျှ က်ချည်းမပေါ်မာရ။

16 လယ်လုပ်၍ အသီးအနှံကို သိမ်းစရှိသည်ကာလ၊ သိမ်းပွဲကို၎င်း၊ လယ်လုပ်၍ အသီးအနှံကို သိုထားသည်ကာလ၊ နှစ်လဲသောအခါ၊ သိုထားပွဲကို၎င်း ခံရမည်။

17 သင်တို့တွင် ယောက်ျားအပေါင်းတို့သည်၊ တနှစ်လျှင်သုံးကြိမ် ထာဝရအရှင်ဘုရားသခင့် ရှေ့တော်၌ မျက်နှာပြရကြမည်။

18 ငါ့ယဇ်ကောင်၏ အသွေးကို၊ တဆေးပါသောမုန့်နှင့် ရော၍ မပူဇော်ရ။ ငါ့ယဇ်ကောင် ဆီဥကို နံနက်တိုင်အောင် မကြွင်းစေရ။

19 သင်၏မြေ၌ အဦးသီးသော အသီးအနှံ အကောင်းဆုံးကို၊ သင်၏ဘုရားသခင် ထာဝရဘုရားအိမ်တော်ထဲသို့ ဆောင်သွင်းရမည်။ ဆိတ်သငယ်ကို အမိနို့ရည်နှင့် မပြုတ်မချက်ရ။

20 ကြည့်ရှုလော့။ လမ်းခရီး၌ သင့်ကို စောင့်ရှောက်၍၊ ငါပြင်ဆင်နှင့်သောအရပ်သို့ ပို့စေခြင်းငှာ၊ ကောင်းကင်တမန်ကို သင့်ရှေ့၌ ငါစေလွှတ်၏။

21 ထိုတမန်ကို ရိုသေစွာပြုလော့။ စကားတော်ကို နားထောင်လော့။ အာဏာတော်ကို မဆန်နှင့်။ သင်တို့ပြစ်မှားသောအပြစ်ကို သူသည် မလွှတ်။ ငါ့နာမသည် သူ၌တည်ရှိ၏။

22 အကယ်စင်စစ် သင်သည် သူ့စကားကို နားထောင်၍ ငါပညတ်သမျှအတိုင်းပြုလျှင်၊ သင်၏ ရန်သူတို့ကို ငါသည် ရန်ဘက်ပြုမည်။ သင့်ကို ဆီးတားသောသူတို့ကိုလည်း ငါဆီးတားမည်။

23 ငါ့တမန်သည် သင့်ရှေ့၌သွား၍ သင့်ကို အာမောရိလူ၊ ဟိတ္တိလူ၊ ဖေရဇိလူ၊ ခါနနိလူ၊ ဂိရဂါရှိလူ၊ ဟိဝိလူ၊ ယေဗုသိလူတို့ရှိရာသို့ ဆောင်သွင်း၍၊ သူတို့ကို ပယ်ရှင်းမည်။

24 သူတို့ဘုရားများကို ဦးမချဝတ်မပြုရ။ သူတို့ဘာသာအတိုင်း မကျင့်ရ။ သူတို့ကို အကုန်အစင် မှောက်လှဲ၍၊ ရုပ်တုဆင်းတုများကိုလည်း ရှင်းရှင်းဖြိုဖျက်ရမည်။

25 သင်တို့၏ဘုရားသခင် ထာဝရဘုရားကို ဝတ်ပြုရမည်။ သင်၏မုန့်ကို၎င်း၊ ရေကို၎င်း၊ ကောင်းကြီးပေး တော်မူမည်။ အနာရောဂါကိုလည်း သင်၏အထဲက နှုတ်ယူပယ်ရှားတော်မူမည်။

26 သင်၏ပြည်တွင် ကိုယ်ဝန်ပျက်သော သတ္တဝါ၊ မြုံသောသတ္တဝါနှင့် ကင်းလွတ်လိမ့်မည်။ သင်၏အသက်တန်းကို ငါစုံလင်စေမည်။

27 ငါ့ကိုကြောက်တတ်သော သဘောကို သင့်ရှေ့သို့ ငါစေလွှတ်၍၊ သင်ရောက်လေရာရာအရပ်၌ ခပ်သိမ်းသောလူမျိုးကို ငါဖျက်ဆီးမည်။ သင်၏ရန်သူအပေါင်းတို့ကို နောက်သို့ လှည့်စေမည်။

28 ပျားတူများကိုလည်း သင့်ရှေ့သို့ ငါစေလွှတ်၍၊ သူတို့သည် ဟိဝိလူ၊ ခါနနိလူ၊ ဟိတ္တိလူတို့ကို သင့်ရှေ့မှာ နှင်ထုတ်ကြလိမ့်မည်။

29 ထိုလူများကို တနှစ်ခြင်းတွင် သင့်ရှေ့မှာ ငါမနှင်ထုတ်။ သို့ပြုလျှင် ပြည်သည် လူဆိတ်ညံ၍ သားရဲသည် သင့်တဘက်၌ များပြားလိမ့်မည်။

30 သင်သည် တိုးပွား၍ တပြည်လုံးကို ဝင်စားသည်တိုင်အောင်၊ သူတို့ကို သင့်ရှေ့မှာ ဖြည်းဖြည်းငါနှင် ထုတ်မည်။

31 သင့်နေရာ နယ်အပိုင်းအခြားကို၊ ဧဒုံပင်လယ်မှသည် ဖိလိတ္တိပင်လယ်တိုင်အောင်၎င်း၊ တောမှသည် မြစ်တိုင်အောင်၎င်း ငါမှတ်သားမည်။ ထိုအရပ်သားများကို သင့်လက်သို့ ငါအပ်၍၊ သင်သည် နှင်ထုတ်ရလိမ့် မည်။

32 သူတို့နှင့်၎င်း၊ သူတို့ဘုရားများနှင့်၎င်း၊ သင်သည် မိဿဟာယမဖွဲ့ရ။

33 သင်သည် ငါ့ကို ပြစ်မှားစေခြင်းငှာ၊ သူတို့သည် ပြုမည်ကို စိုးရိမ်စရာရှိသောကြောင့်၊ သူတို့သည် သင့်ပြည်၌ မနေရကြ။ သင်သည် သူတို့ဘုရားကို ဝတ်ပြုလျှင်၊ ထိမိ၍ လဲစရာအကြောင်းအမှန် ဖြစ်လိမ့်မည်ဟု မောရှေအား မိန့်တော်မူ၏။

   

Bible

 

ဝတ်ပြုရာကျမ်း 19

Studie

   

1 တဖန်မောရှေအား ထာဝရဘုရားက၊

2 သင်သည် ဣသရေလအမျိုးသား ပရိသတ်အပေါင်းတို့အား ဆင့်ဆိုရမည်မှာ၊ သင်တို့၏ ဘုရားသခင် ငါထာဝရဘုရားသည် သန့်ရှင်းသောကြောင့်၊ သင်တို့လည်း သန့်ရှင်းခြင်းရှိကြလော့။

3 လူတိုင်း ကိုယ်မိဘကို ရိုသေရမည်။ ငါ့ဥပုသ်နေ့တို့ကိုလည်း စောင့်ရမည်။ ငါသည် သင်တို့၏ ဘုရားသခင် ထာဝရဘုရားဖြစ်၏။

4 ရုပ်တုဆင်းတုကိုလည်း မချဉ်းမကပ်ရ။ ကိုယ်အဘို့သွန်းသော ဘုရားတို့ကို မလုပ်ရ။ ငါသည် သင်တို့၏ ဘုရားသခင် ထာဝရဘုရားဖြစ်၏။

5 မိဿဟာယယဇ်ကို ထာဝရဘုရားအား ပူဇော်လျှင်၊ စိတ်တော်နှင့်တွေ့အောင် ပူဇော်ရမည်။

6 ပူဇော်သောနေ့နှင့် နက်ဖြန်နေ့စားရမည် သန်ဘက်နေ့တိုင်အောင် ကျန်ကြွင်းလျှင် မီးရှို့ရမည်

7 သန်ဘက်နေ့၌ အနည်းငယ်ကိုမျှ စားလျှင် ရွံရှာဘွယ်ဖြစ်၏။ စိတ်တော်နှင့်မတွေ့။

8 စားသောသူသည် ထာဝရဘုရား၏ သန့်ရှင်းသောအရာကို ရှုတ်ချသောကြောင့် မိမိအပြစ်ကို ခံရမည်။ ထိုသူကို သူ၏အမျိုးမှ ပယ်ရှင်းရမည်။

9 ကိုယ်မြေ၌ဖြစ်သော စပါးကိုရိတ်သောအခါ၊ လယ်ထောင့်တို့ကို အကုန်အစင် မရိတ်ရ။ သိမ်းရာတွင် ကျန်ကြွင်းသော အရာကို ပြန်၍ မကောက်မသိမ်းရ။

10 ကိုယ်စပျစ်သီးကိုလည်း အကုန်အစင် မသိမ်းရ။ ကျန်ကြွင်းသော အသီးကို ပြန်၍ မဆွတ်ရ။ ထိုအသီးကို ဆင်းရဲသောသူ ဧည့်သည် အာဂန္တုအဘို့ ချန်ခြွင်းရမည်။ ငါသည် သင်တို့၏ ဘုရားသခင် ထာဝရဘုရား ဖြစ်၏။

11 သူ့ဥစ္စာကို မခိုးရ။ သူတပါးကို မလှည့်စားရ။ တယောက်ကိုတယောက် မုသာစကားမပြောရ။

12 ငါ့နာမကို တိုင်တည်၍ မဟုတ်မမှန်ဘဲ ကျိန်ဆိုခြင်းကို မပြုရ။ သင်၏ ဘုရားသခင်နာမကို မရှုတ် မချရ။ ငါသည် ထာဝရဘုရား ဖြစ်၏။

13 ကိုယ်နှင့်စပ်ဆိုင်သော သူ၏ဥစ္စာကို မတရားသဖြင့် မသိမ်းရ။ အနိုင်အထက်ပြု၍ မယူရ။ သူငှါးခံ ထိုက်သော အခကို တညဉ့်လုံး နံနက်တိုင်အောင် မထားရ။

14 နားပင်းသော သူကို မကျိန်ဆဲရ။ မျက်စိမမြင်သောသူရှေ့မှာ ထိမိ၍ လဲစရာကို မထားရ။ သင်၏ ဘုရားသခင်ကို ကြောက်ရွံ့ရမည်။ ငါသည် ထာဝရဘုရားဖြစ်၏။

15 တရားတွေ့သည်အမှုမှာ မတရားသဖြင့် မစီရင်ရ။ ဆင်းရဲသောသူဘက်၌ မငဲ့ကွက်၊ ကြီးသောသူ၏ မျက်နှာကို မထောက်ဘဲ၊ ကိုယ်အမျိုးသားချင်းကို တရားသဖြင့် စီရင်ရမည်။

16 သူ့အသရေပျက်သော သိတင်းကို ကြားပြောခြင်းငှါ၊ ကိုယ်အမျိုးသားချင်းတို့တွင် မလှည့်လည်ရ။ ကိုယ်နှင့်စပ်ဆိုင်သောသူကို သေစေခြင်းငှါ မကြံစည်ရ။ ငါသည် ထာဝရဘုရား ဖြစ်၏။

17 သင်၏ ညီအစ်ကိုကို စိတ်အခုအခံမရှိရ။ ကိုယ်နှင့် စပ်ဆိုင်သော သူ၌ရှိသော အပြစ်ကို တတ်တိုင်း မရှိစေဘဲ၊ သူ့ကို အမှန်ဆုံးမရမည်။

18 သင့်အမျိုးသားချင်းသည် သင့်ကို ပြစ်မှားလျှင်၊ ကိုယ်တိုင် အပြစ်ပြန်၍ မတုံ့ရ။ အငြိုးမထားရ။ ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှ ချစ်ရမည်။ ငါသည် ထာဝရဘုရားဖြစ်၏။

19 ငါ၏ ပညတ်တရားကို သင်တို့သည် စောင့်ရကြမည်။ အမျိုးခြားသော တိရစ္ဆာန် အထီးအမတို့ကို မရှက်မတင်စေရ။ ခြားနားသော မျိုးစေ့ကို ရောနှော၍ လယ်၌ မကြဲရ။ ဝါနှင့်သိုးမွေး ရော၍ ရက်သောအဝတ်ကို မဝတ်ရ။

20 ထိမ်းမြားဆောင်နှင်းလျက်၊ မရွေးမလွှတ်သေးသော ကျွန်မိန်းမနှင့် သင့်နေသောသူသည် ရိုက်နှက် ခြင်းကို ခံရမည်။ ထိုမိန်းမသည် သူ့ကျွန်ဖြစ်သောကြောင့် သေပြစ်နှင့် လွတ်ရမည်။

21 ယောက်ျားသည်လည်း၊ ဒုစရိုက်ဖြေရာယဇ်ဘို့ သိုးထီးတကောင်ကို ပရိသတ်စည်းဝေးရာ တဲတော် တံခါးနား ထာဝရဘုရားထံတော်သို့ ဆောင်ခဲ့ရမည်။

22 ထိုယောက်ျားပြုမိသောအပြစ်ကို ဖြေခြင်းငှါ၊ ဒုစရိုက်ဖြေရာယဇ် သိုးကို၊ ယဇ်ပုရောဟိတ်သည် ထာဝရဘုရားရှေ့မှာ ပူဇော်ရမည်။ ထိုယောက်ျားသည် အပြစ်လွတ်ခြင်းသို့ ရောက်လိမ့်မည်။

23 သင်တို့သည် ငါပေးသောပြည်သို့ ရောက်၍၊ စားအပ်သော အပင်အမျိုးမျိုးကို စိုက်ပြီးမှ၊ သုံးနှစ်ပတ် လုံးသီးသော အသီးကို၊ အရေဖျားလှီးခြင်းကို မခံသော အသီးဟူ၍ မှတ်ရမည်။ ထိုအသီးကို မစားရ

24 စတုတ္ထနှစ်တွင် သီးသောအသီးရှိသမျှသည် သန့်ရှင်း၍၊ ထာဝရဘုရား၏ ကျေးဇူးတော်ကို ချီးမွမ်း ဘို့ရာ ဖြစ်ရမည်။

25 ပဥ္စမနှစ်တွင် သီးသောအသီးကို စားရမည်။ ထိုသို့ပြုလျှင် အပင်တို့သည် သာ၍ သီးကြလိမ့်မည်။ ငါသည် သင်တို့၏ဘုရားသခင် ထာဝရဘုရားဖြစ်၏။

26 သွေးပါသော အသေကောင်ကို မစားရ။ မကောင်းသော အတတ်ကို မပြုစုရ။ ကာလဗေဒင်ကို မကြည့်ရ။

27 ဦးခေါင်းအနားပတ်လည်၌ ဆံပင်ကိုဝန်း၍ မရိတ်ရ။ ပါးမုန်းကိုလည်း မရိတ်ရ။

28 သေသောသူအတွက် ကိုယ်အသားကို မခုတ်မရှရ။ သံပူမထိုးရ။ ငါသည် ထာဝရဘုရားဖြစ်၏။

29 ကိုယ်သမီးကို ပြည်တန်ဆာဖြစ်စေခြင်းငှါ မရှုတ်မချရ။ သို့ပြုလျှင် တပြည်လုံးသည် မတရားသော မေထုန်သို့လိုက်၍၊ အဓမ္မအမှုနှင့် ပြည့်လိမ့်မည်။

30 ငါ့ဥပုသ်နေ့တို့ကို စောင့်၍၊ ငါ့သန့်ရှင်းရာဌာနတော်ကို ရိုသေရမည်။ ငါသည် ထာဝရဘုရားဖြစ်၏။

31 ကိုယ်ကိုကိုယ် ညစ်ညူးစေခြင်းငှါ၊ နတ်ဝင်သူကို မမှိဝဲရ။ စုန်းလုပ်သူကိုလည်း မရှာဖွေရ။ ငါသည် သင်တို့၏ ဘုရားသခင် ထာဝရဘုရားဖြစ်၏။

32 ဆံပင်ဖြူသောသူရှေ့မှာ ရမည်။ အသက်ကြီးသောသူ၏ မျက်နှာကို ရိုသေရမည်။ သင်၏ ဘုရားသခင်ကို ကြောက်ရွံရမည်။ ငါသည် ာဝရဘုရားဖြစ်၏။

33 သင်၏ ပြည်၌ တည်းနေသော ဧည့်သည်ကို မညှဉ်းဆဲရ။

34 သင်နှင့်အတူနေသော ဧည့်သည်ကို ကိုယ်အမျိုးသားချင်းကဲ့သို့ မှတ်ရမည်။ ကိုယ်နှင့်အမျှ ချစ်ရမည်။ သင်တို့သည် အဲဂုတ္တုပြည်၌ ဧည့်သည်ဖြစ်ကြဘူးပြီ။ ငါသည် သင်တို့၏ ဘုရားသခင် ထာဝရဘုရား ဖြစ်၏။

35 တိုင်းထွာသောအမှု၊ ချိန်တွယ်သောအမှု၊ ခြင်တွက်သောအမှု၌ မတရားစွာ မပြုရ။

36 မှန်သောချိန်ခွင်မှန်သောအလေး၊ မှန်သောဧဖာ၊ မှန်သောဟိန်တို့ကို သုံးရမည်။ ငါသည်သင်တို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်သော သင်တို့၏ ဘုရားသခင်ထာဝရဘုရားဖြစ်၏။

37 သင်တို့သည် ငါ့စီရင်ထုံးဖွဲ့ချက် အလုံးစုံတို့ကို စောင့်ရှောက်ရကြမည်။ ငါသည် ထာဝရဘုရား ဖြစ်သည်ဟု မိန့်တော်မူ၏။