Bible

 

ထွက်မြောက်ရာ 21

Studie

   

1 ထာဝရဘုရားကလည်း၊ သင်သည် ဣသရေလအမျိုးသားတို့၌ စီရင်ရသော ဓမ္မသတ်ဟူမူကား၊

2 ဟေဗြဲအမျိုးဖြစ်သောကျွန်ကို ဝယ်လျှင်၊ ခြောက်နှစ်သာ အစေကျွန်ခံစေရမည်။ သတ္တမနှစ်ရောက် သော်၊ ကိုယ်ဘိုးကို မတောင်းဘဲ လွှတ်ရမည်။

3 ကျွန်ခံစက တယောက်တည်းခံလျှင်၊ တယောက်တည်းထွက်ရမည်။ လင်မယားနှစ်ယောက်ခံလျှင်၊ မယားနှင့်တကွ ထွက်စေရမည်။

4 သို့မဟုတ် သခင်ပေးားသောမယားရှိ၍ ထိုမယားသည် သားသမီးကို ဘွားမြင်လျှင်၊ မယားနှင့် သားသမီးတို့ကို သခင်ပိုင်ရမည်။ ကျွန်မူကား၊ တယောက်တည်းထွက်ရမည်။

5 သို့မဟုတ် ကျွန်က၊ ကျွန်တော်သခင်နှင့် မယားသားသမီးတို့ကို ကျွန်တော်ချစ်ပါ၏။ မထွက်မသွားလိုပါ ဟု အတည့်အလင်းပြောဆိုလျှင်၊

6 သခင်သည် ဘုရားသခင်ရှေ့တော်သို့၎င်း၊ အိမ်တံခါးတိုင်သို့၎င်း ဆောင်ယူ၍၊ နားရွက်ကို စူးဖြင့် ဖောက်ပြီးမှ၊ ထိုကျွန်သည် အစဉ်အမြဲ ကျွန်ခံရမည်။

7 အဘသည် သမီးကို ကျွန်ခံစေခြင်းငှာ ရောင်းလျှင် ထိုမိန်းမသည် ကျွန်ယောက်ျားကဲ့သို့ လွတ်ရသည် မဟုတ်။

8 သခင်သည် ထိုမိန်းမကို သိမ်းယူ၍ မကြိုက်လျှင်၊ ရွေးစေခြင်းငှာ အခွင့်ပေးရမည်။ သူ့ကို လှည့်ဖြားမိ သောကြောင့်၊ တပါးအမျိုးသားတို့သို့ ရောင်းချပိုင်သောအခွင့်မရှိ။

9 မိမိသား၌ ပေးစားလျှင်မူကား၊ သမီးကဲ့သို့ ပြုစုရမည်။

10 အခြားမိန်းမကို သိမ်းပြန်လျှင်၊ အရင်သိမ်းသော မိန်းမ၏ အဝတ်အစားနှင့် မယားဝတ်ကို မလျှော့ရ။

11 ထိုသုံးပါးကို မပြုလျှင်၊ ကိုယ်ဘိုးကို မတောင်းဘဲ လွှတ်ရမည်။

12 လူကို အသေသတ်သောသူသည် အသေသတ်ခြင်းကို အမှန်ခံရမည်။

13 အသေသတ်မည် အကြံမရှိဘဲ၊ သူ၏လက်၌ လူအသက်ကို ဘုရားသခင် အပ်တော်မူလျှင်၊ ပြေးရသော အရပ်ကို ငါခန့်ထားမည်။

14 အိမ်နီးချင်းကို သတ်မည်အကြံရှိ၍ အနိုင်တိုက်သောသူကိုကား၊ ငါ့ယဇ်ပလ္လင်၌ ခိုလှုံသော်လည်း၊ ဆွဲယူ၍ သတ်ရမည်။

15 မိဘကို အသေသတ်သောသူသည်၊ အသေသတ်ခြင်းကို အမှန်ခံရမည်။

16 လူကို ခိုးသောသူသည်၊ ရောင်းသည်ဖြစ်စေ၊ သူ၏လက်၌ ရှိသည်ဖြစ်စေ၊ အသေသတ်ခြင်းကို အမှန်ခံရမည်။

17 မိဘကို ကျိန်ဆဲသောသူသည် အသေသတ်ခြင်းကို အမှန်ခံရမည်။

18 လူချင်းခိုက်ရန် ပြု၍ တယောက်သည် ကျောက်ခဲနှင့် ထုသည်ဖြစ်စေ၊ လက်သီးနှင့်ထိုးသည်ဖြစ်စေ၊ အရိုက်ခံရသောသူသည် မသေသော်လည်း၊ အိပ်ရာ၌ တုံးလုံးနေရလျှင်၎င်း၊

19 တဖန်၍ တောင်ဝေးနှင့်သွားလျှင်၎င်း၊ ရိုက်သောသူကို အပြစ်လွှတ်ရမည်။ သို့ရာတွင် နာသော သူသည် အလုပ်ပျက်ရသည်အတွက်၊ အနာပျောက်စေခြင်းငှါ ကုသရသည်အတွက်၊ ငွေကို လျော်ရမည်။

20 သခင်သည် ကျွန်ယောက်ျားကျွန်မိန်းမကို ဒုတ်နှင့်ရိုက်၍ထိုကျွန်သေလျှင်၊ သခင်သည် လေးသော ဒဏ်ကို ခံရမည်။

21 သို့ရာတွင် ကျွန်သည် တရက်နှစ်ရက်နာ၍ မသေဘဲနေလျှင်၊ သခင်သည် ထိုကျွန်ကို ပိုင်သောကြောင့် ဒဏ်နှင့် လွတ်ရမည်။

22 လူချင်းခိုက်ရန် ပြုကြ၍၊ ကိုယ်ဝန်ဆောင်သော မိန်းမကို ထိခိုက်သဖြင့် ကိုယ်ဝန်ပျက်၍ အခြားသော အနာမဖြစ်လျှင်၊ မိန်းမလင်စီရင်သည်အတိုင်း ဒဏ်ခံရမည်။ မင်းစီရင်သည်အတိုင်းလည်း ငွေကို လျော်ရမည်။

23 အခြားသော အနာဖြစ်လျှင်၊ အသက်အတွက် အသက်ကို၎င်း၊

24 မျက်စိအတွက် မျက်စိကို၎င်း၊ သွားအတွက် သွားကို၎င်း၊ လက်အတွက် လက်ကို၎င်း၊ ခြေအတွက် ခြေကို၎င်း၊

25 မီးလောင်ခြင်းအတွက် မီးလောင်ခြင်းကို၎င်း၊ ရှနခြင်းအတွက် ရှနခြင်းကို၎င်း၊ ဒဏ်ချက်ရာအတွက် ဒဏ်ချက်ရာကို၎င်း ခံရမည်။

26 သခင်သည် ကျွန်ယောက်ျား ကျွန်မိန်းမ၏ မျက်စိကို ပျက်အောင်ရိုက်လျှင်၊ မျက်စိပျက်သည်အတွက် လွှတ်ရမည်။

27 ထိုအတူ ကျွန်ယောက်ျား ကျွန်မိန်းမ၏ သွားကို ကျိုးအောင်ရိုက်လျှင်၊ သွားကျိုးသည်အတွက် လွှတ်ရမည်။

28 နွားသည် လူယောက်ျားမိန်းမကို ခွေ့၍ လူသေလျှင်၊ စင်စစ်ထိုနွားကို ကျောက်ခဲနှင့် ပစ်၍ သတ်ရမည်။ အသားကိုလည်း မစားရ။ နွားရှင်ကိုကား၊ အပြစ်လွှတ်ရမည်။

29 ၎င်းနည်းနွားသည် အထက်က ခွေ့ဘူး၍၊ ခွေ့ကြောင်းကို နွားရှင်ကြားသိလျက် မချည်မနှောင် အလွတ်ထား၍၊ နွားသည် ယောက်ျားမိန်းမကို သတ်မိလျှင်၊ ထိုနွားကို ကျောက်ခဲနှင့် ပစ်သတ်ရမည်။ နွားရှင်ကို လည်း အသေသတ်ရမည်။

30 သို့မဟုတ် ငွေလျော်စေဟု စီရင်လျှင်၊ စီရင်သည်အတိုင်း မိမိအသက်ရွေးရန် အဘိုးကို လျော်ရမည်။

31 သူတပါး၏ သားသမီးကို ခွေ့လျှင်၊ စီရင်သည်အတိုင်း ခံရမည်။

32 ကျွန်ယောက်ျားကျွန်မိန်းမကို ခွေ့လျှင်မူကား၊ နွားရှင်သည် ကျွန်ရှင်အား ငွေကျပ်သုံးဆယ်ကို လျော်ရမည်။ နွားကိုလည်း ကျောက်ခဲနှင့် ပစ်သတ်ရမည်။

33 လူသည် တွင်းကို ဖွင့်၍ ထားသည်ဖြစ်စေ၊ တွင်းကိုတူး၍ မပိတ်ဘဲ ထားသည်ဖြစ်စေ၊ သူတပါး၏ မြင်း၊ နွားသည် ထိုတွင်းကျလျှင်၊

34 တွင်းရှင်သည် မြင်း၊ နွားအဘိုးကို လျော်၍ အသေကောင်ကို ယူရမည်။

35 အကြင်သူ၏ နွားသည်၊ သူတပါး၏ နွားကို အသေခွေ့လျှင်၊နွားရှင်နှစ်ဦးတို့သည်၊ အသက်ရှင်သော နွားကို ရောင်း၍ အဘိုးကို ဝေယူရမည်။ သေသောနွားကိုလည်း ဝေယူရမည်။

36 ၎င်းနည်းနွားသည် အထက်က ခွေ့ဘူးကြောင်းကို၊ နွားရှင်သိလျက်နှင့် မချည်မနှောင် အလွတ် ထားလျှင်၊ နွားသေကောင်ကို ကိုယ်တိုင်ယူရမည်။ ထိုနွားတကောင်အတွက် တကောင်ကို အမှန်လျော်ရမည်။

   

Bible

 

တရားဟောရာကျမ်း 24

Studie

   

1 တစုံတယောက်သောသူသည် မယားနှင့်ထိမ်း မြား၍ ဆက်ဆံပြီးမှ တဖန် အပြစ်တင်စရာ အကြောင်း ရှိသောကြောင့် စိတ်မတွေ့လျှင်၊ ဖြတ်စာကို ရေး၍ သူ၌ အပ်ပေးသဖြင့် လွှတ်လိုက်ရမည်။

2 ထိုမိန်းမသည် လင်အိမ်မှထွက်သွားသော နောက်၊ အခြားသော သူ၏မယား ဖြစ်ရသောအခွင့်ရှိ၏။

3 နောက်နေသောလင်သည်လည်း သူ့ကိုမုန်းလျှင်၊ ဖြတ်စာကို ရေး၍ သူ၌အပ်သဖြင့် လွှတ်လိုက်သည် ဖြစ်စေ၊ ထိုလင်သေသည်ဖြစ်စေ၊

4 အရင်လွှတ်လိုက်သော လင်ဟောင်းသည် ညစ်ညူးခြင်းရှိသော ထိုမိန်းမကို နောက်တဖန်မသိမ်းရ။ ထာဝရဘုရားရှေ့တော်၌ စက်ဆုပ်ဘွယ်သောအမှုဖြစ် ၏။ သင်၏ဘုရားသခင် ထာဝရဘုရားသည် သင့်အမွေခံ စရာဘို့ ပေးတော်မူသောပြည်၌ အပြစ်မရောက်စေရ။

5 အိမ်ထောင်ဘက်ပြုစရှိသောသူသည် စစ်တိုက် မသွားရ။ မင်းအမှုကို မဆောင်ရ။ တနှစ်ပတ်လုံး ကိုယ်အိမ်၌ မလွတ်နေ၍ မယားကို ကျွေးမွေးပြုစုရမည်။

6 ကြိတ်ဆုံအပေါ် ကျောက်ပြားကို ဖြစ်စေ၊ အောက်ကျောက်ပြားကို ဖြစ်စေ၊ အဘယ်သူမျှ အပေါင် မယူရ။ ထိုသို့ယူလျှင်၊ သူ့အသက်ကို အပေါင်ယူသည်နှင့် တူ၏။

7 လူသည် မိမိအမျိုးသားချင်းဖြစ်သော ဣသရေ လအမျိုးသားကို ခိုးကျွန်အရာ၌ ထားသည်ဖြစ်စေ၊ ရောင်းသည်ဖြစ်စေ၊ ထိုသူခိုးကို တွေ့မိလျှင် အသေသတ် ရမည်။ သင်တို့တွင် ဒုစရိုက်အပြစ်ကို ထိုသို့ ပယ်ရှားရကြ မည်။

8 နူနာဘေးရောက်သောအခါ၊ လေဝိသား ယဇ် ပုရောဟိတ်တို့ သွန်သင်သမျှအတိုင်း သတိပြု၍ စေ့စေ့ စောင့်ရှောက်လော့။ သူတို့ကို ငါမှာထားသည်အတိုင်း ကျင့်စောင့်ကြလော့။

9 သင်တို့သည် အဲဂုတ္တုပြည်မှထွက်၍ ခရီးသွားကြ စဉ်တွင်၊ သင်တို့၏ဘုရားသခင် ထာဝရဘုရားသည်၊ မိရိအံ၌ ပြုတော်မူသောအမှုကို အောက်မေ့ကြလော့။

10 သင်သည် အမျိုးသားချင်း၌ တစုံတခုကို ချေး ငှားလျှင်၊ အပေါင်ထားသောဥစ္စာကို ယူခြင်းငှာ သူ့အိမ်ထဲ သို့ မဝင်ရ။

11 သင်သည် အိမ်ပြင်မှာရပ်နေ၍၊ ထိုသူသည် အပေါင်ထားသော ဥစ္စာကို သင့်ရှိရာအိမ်ပြင်သို့ ဆောင်ခဲ့ ရမည်။

12 ထိုသူသည် ဆင်းရဲလျှင်၊ ပေါင်၍ထားသော ဥစ္စာကို ပြန်မအပ်ဘဲ ညဉ့်ကိုမလွန်စေရ။

13 သူသည် မိမိအဝတ်ကို ဝတ်ခြုံလျက် အိပ်ပျော်၍ သင့်ကိုကောင်းကြီးပေးမည် အကြောင်း၊ သူပေါင်၍ထား သော ဥစ္စာကို နေဝင်လျှင် ဆက်ဆက်ပြန်အပ်ရမည်။ ထိုသို့ပြုသော အမှုသည် သင်၏ဘုရားသခင် ထာဝရ ဘုရားရှေ့တော်၌ ဖြောင့်မတ်သောအမှု ဖြစ်လိမ့်မည်။

14 အမျိုးသားချင်းဖြစ်စေ၊ သင့်နေရာမြို့ရွာတို့၌ တည်းခိုသော တပါးအမျိုးသားဖြစ်စေ၊ ဆင်းရဲငတ်မွတ် သောသူငှားကို မညှဉ်းဆဲရ။

15 နေ့စဉ်မပြတ် သူ့အခကို ပေးရမည်။ မပေးဘဲ နေမဝင်စေနှင့်။ သူသည် ဆင်းရဲသောကြောင့် ရထိုက် သော အခကိုလည်း စိတ်စွဲလမ်းလျက် ရှိလိမ့်မည်။ မပေးဘဲနေလျှင် သူသည် သင့်ကို အပြစ်တင်၍ ထာဝရ ဘုရားကို အော်ဟစ်သဖြင့် သင်၌ အပြစ်ရောက်မည်ဟု စိုးရိမ်စရာရှိ၏။

16 အဘသည် သား၏အပြစ်ကြောင့်၎င်း၊ သား သည် အဘ၏အပြစ်ကြောင့်၎င်း၊ အသေမခံရ။ လူတိုင်း မိမိအပြစ်ကြောင့်သာ အသေခံရမည်။

17 တရားရှာတွေ့ခြင်းအမှုမှာ တပါးအမျိုးသားနှင့် မိဘမရှိသောသူကို အရှုံးမပေးရ။ မုတ်ဆိုးမအဝတ်ကို အပေါင်မယူရ။

18 သင်သည် အဲဂုတ္တုပြည်၌ ကျွန်ခံခဲ့ဘူးကြောင်းကို ၎င်း၊ သင်၏ဘုရားသခင် ထာဝရဘုရားသည် သင့်ကို ထိုပြည်မှ ရွေးနှုတ်တော်မူကြောင်းကို၎င်း အောက်မေ့ရ မည်။ ထို့ကြောင့် ဤပညတ်ကို ငါထား၏။

19 သင်သည် ကိုယ်လယ်၌ အသီးအနှံကို ရိတ် သောအခါ၊ မေ့လျော့သောကောက်လှိုင်းကို ပြန်၍ မယူရ။ သင်ပြုလေရာရာ၌ သင်၏ဘုရားသခင် ထာဝရဘုရား သည် သင့်ကို ကောင်းကြီးပေးတော်မူမည်အကြောင်း၊ ထိုကောက်လှိုင်းကို တပါးအမျိုးသား၊ မိဘမရှိသောသူ၊ မုတ်ဆိုးမအဘို့ ထားရမည်။

20 သင်၏သံလွင်သီးကို ရိုက်ချွေသောအခါ၊ ကျန် ကြွင်းသောအသီးကို ပြန်၍ မရိုက်ချွေရ။ တပါးအမျိုး သား၊ မိဘမရှိသောသူ၊ မုတ်ဆိုးမအဘို့ ထားရမည်။

21 သင်၏စပျစ်ဥယျာဉ်၌ စပျစ်သီးကို ဆွတ်ယူ သောအခါ ပြန်၍ ကောက်သိမ်းခြင်းကို မပြုရ။ ကျန်ကြွင်း သောအသီးသည် တပါးအမျိုးသား၊ မိဘမရှိသောသူ၊ မုတ်ဆိုးမအဘို့ ဖြစ်ရမည်။

22 သင်သည် အဲဂုတ္တုပြည်၌ ကျွန်ခံခဲ့ဘူးကြောင်းကို အောက်မေ့ရမည်။ ထို့ကြောင့် ဤပညတ်ကို ငါထား၏။