Bible

 

ထွက်မြောက်ရာ 19

Studie

   

1 ဣသရေအမျိုးသားတို့သည် အဲဂုတ္တုပြည်မှ ထွက်သွားသောနောက်၊ တတိယ တရက်နေ့၌ သိနာတောသို့ ရောက်ကြ၏။

2 ရေဖိဒိမ်အရပ်က ထွက်သွားပြီးမှ သိနာတောသို့ ရောက်၍၊ ထိုတော၌ တောင်ရှေ့မှာ တပ်ချကြ၏။

3 မောရှေသည် ဘုရားသခင့်ထံတော်သို့ တက်သွားလျှင်၊ ထာဝရဘုရားသည် တောင်ပေါ်က ခေါ်တော်မူ၍၊ သင်သည် ယာကုပ်အမျိုး၊ ဣသရေလသားတို့အား ပြန်ပြောရသော အမိန့်တော်ဟူမူကား၊

4 ငါသည် အဲဂုတ္တုလူတို့၌ ပြုသောအကြောင်း၊ သင်တို့ကို ရွှေလင်းတအတောင်ဖြင့် ထမ်း၍ ကိုယ်ဘို့ သိမ်းယူသောအကြောင်းကို သင်တို့သည် သိမြင်ရကြပြီ။

5 ထိုကြောင့် ယခုတွင် သင်တို့သည် ငါ့စကားကို အမှန်နားထောင်၍ ငါ့ပဋိညာဉ်ကို စောင့်ရှောက်လျှင် အခြားသောလူမျိုးတကာတို့ထက် သင်တို့သည် ငါပိုင်ထိုက်သော ဘဏ္ဍာတော်ဖြစ်ရကြလိမ့်မည်။ မြေကြီးရှိသမျှ သည် ငါ၏ဥစ္စာဖြစ်၏။

6 သင်တို့သည်လည်း မင်းစည်းစိမ်ရှိသော ယဇ်ပုရောဟိတ်မျိုး၊ သန့်ရှင်းသောလူမျိုး ဖြစ်ရကြလိမ့်မည် ဟူသော အမိန့်တော်ကို ဣသရေလအမျိုးသားတို့အား ဆင့်ဆိုလော့ဟု မိန့်တော်မူ၏။

7 မောရှေသည် ပြန်လာ၍ လူတို့တွင် အသကကြီးသူတို့ကို ခေါ်ပြီးလျှင်၊ ထာဝရဘုရားမှာထားတော်မူ သော စကားအလုံးစုံတို့ကို ပြန်ပြောလေ၏။

8 လူအပေါင်းတို့ကလည်း ထာဝရဘုရားမိန့်တော်မူသမျှတို့ကို အကျွန်ုပ်တို့သည် ပြုပါမည်ဟု တညီ တညွတ်တည်း ပြန်ပြောကြ၏။ မောရှေသည်လည်း သူတို့၏စကားကို ထာဝရဘုရားအား ပြန်လျှောက်လေ၏။

9 ထာဝရဘုရားကလည်း ကြည့်ရှုလော့။ သင်နှင့်ငါပြောသောအခါ လူများတို့သည် ကြားအစဉ်အမြဲ သင့်ကို ယုံမည်အကြောင်း၊ မိုဃ်းတိမ်တိုက်၌ သင့်ဆီသို့ ငါလာမည်ဟု မောရှေအား မိန့်တော်မူ၏။ မောရှေသည်လည်း ထာဝရဘုရားစကားတော်ကို လူများတို့အား ပြန်ပြောလေ၏။

10 ထာဝရဘုရားကလည်း လူတို့ရှိရာသို့ သွား၍၊ ယနေ့နှင့်နက်ဖြန်၌ သူတို့ကို သန့်ရှင်းစေလော့။ သူတို့အဝတ်ကို လျှော်စေ၍၊

11 သုံးရက်မြောက်သောနေ့၌ အသင့်ရှိနေစေလော့။ အကြောင်းမူကား၊ သုံးရက်မြောက်သောနေ့၌ ထာဝရဘုရားသည် လူအပေါင်းတို့ရှေ့၊သိနာတောင်ပေါ်သို့ ဆင်းသက်တော်မူမည်။

12 လူတို့မကျော်ရသော အဆီးအကာတို့ကို တောင်ပတ်လည်၌ စီရင်၍၊ သင်တို့သည် တောင်ပေါ်သို့ မတက်၊ တောင်ခြေရင်းကို မထိရအောင် သတိပြုကြဟု ပြောလော့။ တောင်ကို ထိမိသောသူမည်သည်ကား၊ ဧကန်အမှန် အသေခံစေ။

13 ထိုသူကို လက်နှင့်မထိရ။ အကယ်စင်စစ် ကျောက်ခဲနှင့်ပစ်ရမည်။ သို့မဟုတ် လှံနှင့်ထိုးရမည်။ လူဖြစ်စေ၊ တိရစ္ဆာန်ဖြစ်စေ၊ အသက်မရှင်ရ။ တံပိုးသည် ကြာကြာမြည်သောအခါ၊ လူများတို့သည် တောင်သို့လာရ ကြမည်ဟု မောရှေအား မိန့်တော်မူ၏။

14 မောရှေသည် တောင်ပေါ်မှ လူတို့ရှိရာသို့ ဆင်းသက်၍၊ သူတို့ကို သန့်ရှင်းစေ၏။ သူတို့သည် မိမိအဝတ်များကို လျှော်ကြ၏။

15 မောရှေကလည်း၊ သုံးရက်မြောက်သောနေ့၌ အသင့်ရှိစေကြလော့။ မယားကို မချဉ်းကြနှင့်ဟု လူတို့အား ဆိုလေ၏။

16 သုံးရက်မြောက်သောနေ့နံနက်အချိန်၌ တောင်ပေါ်မှာ မိုဃ်းချုန်းခြင်း၊ လျပ်ပြက်ခြင်းနှင့်တကွ မိုဃ်းတိမ်တိုက်လွှမ်းမိုး၍ ကြီးသောအသံနှင့် တံပိုးမြည်သဖြင့်၊ တပ်၌ရှိသောလူအပေါင်းတို့သည် တုန်လှုပ်ကြ၏။

17 မောရှေသည်လည်း ဘုရားသခင်နှင့် တွေ့စေခြင်းငှာ၊ လူများတို့ကို တပ်ထဲကဆောင်ခဲ့သဖြင့်၊ သူတို့သည် တောင်ခြေရင်းအောက်၌ ရပ်နေကြ၏။

18 ထာဝရဘုရားသည် မီးဖြင့်လွှမ်းလျက်၊ သိနာတောင်ပေါ်သို့ ဆင်းသက်တော်မူသောကြောင့်၊ တတောင်လုံး မီးခိုးထွက်လေ၏ မီးခိုးသည်လည်း မီးဖို၏မီးခိုးကဲ့သို့ တက်၍ တတောင်လုံး ပြင်းစွာလှုပ်လေ၏

19 တံပိုးမြည်သံသည် ကြာကြာမြည်လျက်၊ အသံတိုး၍ ကြီးသောအခါ၊ မောရှေသည် ခေါ်၍၊ ဘုရားသခင်သည် စကားသံနှင့် ထူးတော်မူ၏။

20 ထာဝရဘုရားသည်လည်း သိနာတောင်ထိပ်ပေါ်သို့ ဆင်းသက်၍၊ မောရှေကို တောင်ထိပ်ပေါ်သို့ ခေါ်တော်မူလျှင်၊ မောရှေသည် တက်လေ၏။

21 ထာဝရဘုရားကလည်း၊ လူတို့သည် ကြည့်ရှုခြင်းငှာ ထာဝရဘုရားထံသို့ ကျော်ဝင်၍၊ အများတို့သည် သေကြလိမ့်မည်ဟု စိုးရိမ်စရာရှိသောကြောင့် ဆင်း၍ သတိပေးလော့။

22 ထာဝရဘုရားထံသို့ ချဉ်းကပ်သော ယဇ်ပုရောဟိတ်တို့သည်လည်း၊ ကိုယ်ကိုကိုယ် သန့်ရှင်းစေရမည်။ သို့မဟုတ် ထာဝရဘုရားသည် ဒဏ်ခတ်တော်မူမည်ဟု မောရှေအား မိန့်တော်မူ၏။

23 မောရှေကလည်း၊ လူတို့သည် သိနာတောင်သို့ မတက်နိုင်ကြပါ။ အကြောင်းမူကား၊ မကျော်ရသော အဆီးအကာတို့ကို တောင်ပတ်လည်၌ စီရင်၍၊ သန့်ရှင်းစေလော့ဟု မှာထားတော်မူပြီဟု ထာဝရဘုရားအား ပြန်လျှောက်လေ၏။

24 ထာဝရဘုရားကလည်း၊ ဆင်းသွားလော့။ သင်နှင့်အာရုန်သာလျှင် တက်ရမည်။ ယဇ်ပုရောဟိတ်များ၊ လူများတို့သည် ထာဝရဘုရားထံသို့ တက်ခြင်းငှာ မကျော်မဝင်စေနှင့်။ သို့မဟုတ် သူတို့ကို ဒဏ်ခတ်တော်မူမည် ဟု မိန့်တော်မူ၏။

25 မောရှေသည်လည်း လူများတို့ရှိရာသို့ ဆင်း၍ ကြားပြောလေ၏။

   

Bible

 

၁ သက်သာလောနိတ် 4

Studie

   

1 ကြွင်းသေးသော စကားဟူမူကား၊ ညီအစ်ကိုတို့၊ သင်တို့သည် အဘယ်သို့ ကျင့်ရမည်၊ ဘုရားသခင်ကို အဘယ်သို့နှစ်သက်စေရမည်ကို ငါတို့ထံ၌ နည်းခံကြသည်နှင့်အညီ တိုးပွါး၍ ကြွယ်ဝပြည့်စုံမည်အကြောင်း၊ သခင်ယေရှုကိုအမှီပြုလျက်၊ ငါတို့သည် တောင်းပန်၍ တိုက်တွန်းသွေးဆောင်ကြ၏။

2 အဘယ်သို့သော ပညတ်တို့ကို သခင်ယေရှု၏အခွင့်တော်နှင့် ငါတို့သည်အပ်ပေးသည်ကို သင်တို့သိကြ ၏။

3 ဘုရားသခင်၏ အလိုတော်ဟူမူကား၊ သင်တို့သည် မတရားသောမေထုန်ကို ကြဉ်ရှောင်၍ သန့်ရှင်းစေ ခြင်းငှါ၎င်း၊

4 ဘုရားသခင်ကို မသိသော သာသနာပလူတို့သည် ကိလေသာ တပ်မက်ခြင်းရှိသကဲ့သို့မရှိ၊

5 သင်တို့အပေါင်းသည် သန့်ရှင်းခြင်း၊ အသရေတင့်တယ်ခြင်းနှင့် မိမိကိုယ်ကို မိမိထိန်းတက်စေခြင်း ငှါ၎င်း၊

6 ဤအမှုအရာ၌ လွန်ကျူး၍ ညီအစ်ကိုကို ပရိယာယ်အားဖြင့် မပြစ်မှားစေခြင်းငှါ၎င်း၊ အလိုတော် ရှိ၏။ ငါတို့သည် အထက်က ဟောပြော၍ သစ္စာပေးနှင့်သည်အတိုင်း၊ သခင်ဘုရားသည် ထိုသို့သော ပြစ်မှားခြင်းကိုခံသောသူအပေါင်းတို့ဘက်၌ တရားစီရင်တော်မူလိမ့်မည်။

7 ဘုရားသခင်သည် ညစ်ညူးစေခြင်းငှါ ငါတို့ကို ခေါ်တော်မူသည်မဟုတ်၊ သန့်ရှင်းစေခြင်းငှါ ခေါ်တော်မူ၏။

8 ထိုကြောင့်၊ ငါတို့ကိုငြင်းပယ်သောသူသည် လူကိုသာ ငြင်းပယ်သည်မဟုတ်၊ ကိုယ်တော်၏ သန့်ရှင်း သောဝိညာဉ်တော်ကို ငါတို့အား ပေးတော်မူသော ဘုရားသခင်ကို ငြင်းပယ်၏။

9 ညီအစ်ကိုချင်း ချစ်ခြင်းအရာကို သင်တို့အား ရေး၍ပေးလိုက်စရာအကြောင်းမရှိ။ အဘယ်ကြောင့် နည်းဟူမူကား ၊ သင်တို့သည် အချင်းချင်းချစ်စေခြင်းငှါ၊ ဘုရားသခင် ဆုံးမသွန်သင်တော်မူသော သူဖြစ်ကြ၏။

10 ထိုမျှမက၊ မာကေဒေါနိပြည်တွင် အရပ်ရပ်၌ရှိသော ညီအစ်ကိုအပေါင်းတို့ကို ထိုသို့ပြုကြ၏။ သို့သော် လည်း၊ ညီအစ်ကိုတို့၊ သင်တို့သည် တိုးပွါး၍ ကြွယ်ဝပြည့်စုံမည်အကြောင်းနှင့် ၊

11 ပြင်ပလူတို့ရှေ့၌ လျောက်ပတ်စွာကျင့်၍ အဘယ်မျှ မလိုရအောင်၊

12 ငါတို့သည် အထက်က မှာထားသည်နှင့်အညီ ငြိမ်ဝပ်စွာနေ၍၊ ကိုယ်အမှုကို ဆောင်ရွက်လျက်၊ ကိုယ်လက်နှင့် လုပ်ဆောင်ခြင်းငှါ စေတနာစိတ်နှင့် ကြိုးစားအားထုတ်မည်အကြောင်းကို၊ ငါတို့သည် တိုက်တွန်း သွေးဆောင်ကြ၏။

13 ညီအစ်ကိုတို့၊ မြော်လင့်ခြင်းမရှိသော အခြားသူတို့သည် ဝမ်းနည်းသကဲ့သို့၊ သင်တို့သည် ဝမ်းမနည်းမည်အကြောင်း၊ အိပ်ပျော်သော သူတို့၏ အမှုအရာကို မသိဘဲနေစေခြင်းငှါ ငါတို့အလိုမရှိ၊

14 ယေရှုသည် သေပြီးမှ တဖန်ထမြောက်တော်မူသည်ကို ငါတို့သည် ယုံလျှင်၊ ထိုနည်းတူ ယေရှု၌ အိပ်ပျော်သောသူတို့ကိုလည်း၊ ထိုသခင်နှင့်အတူ ဘုရားသခင် ပို့ဆောင်တော်မူလိမ့်မည်။

15 သခင်ဘုရား၏ ဗျာဒိတ်တော်အားဖြင့် တဖန် ငါတို့ဆိုသည်ကား၊ သခင်ဘုရား ကြွလာတော်မူသော အခါ၊ အသက်ရှင်၍ ကျန်ကြွင်းသော ငါတို့သည် အိပ်ပျော်ပြီးသော သူတို့၏ အရင်အဦးနေရာ ကျရကြ မည်မဟုတ်။

16 သခင်ဘုရားသည် ကြွေးကြော်ခြင်း၊ ကောင်းကင်တမန်မင်းအသံပေးခြင်း၊ ဘုရားသခင်၏ တံပိုးတော် ကို မှုတ်ခြင်းနှင့်တကွ၊ ကောင်းကင်ဘုံမှ ကိုင်တိုင် ဆင်းသက်တော်မူ၍၊ ခရစ်တော်၌ သေလွန်သောသူတို့သည် အဦးထမြောက်ကြလိမ့်မည်။

17 ထိုအခါ အသက်ရှင်၍ ကျန်ကြွင်းသော ငါတို့သည် အာကာသကောင်းကင်၌ သခင်ဘုရားထံတော်သို့ ရောက်စေခြင်းငှါ၊ ထိုသူတို့နှင့်တကွမိုဃ်းတိမ်ပေါ်သို့ ချီဆောင်ခြင်းကို ခံရသောအားဖြင့် သခင်ဘုရားနှင့် အတူ အစဉ်မပြတ် နေရကြလိမ့်မည်။

18 သို့ဖြစ်၍၊ ဤစကားများအားဖြင့် အချင်းချင်း တယောက်ကိုတယောက် သက်သာစေကြလော့။