Bible

 

တရားဟောရာကျမ်း 26

Studie

   

1 သင်၏ဘုရားသခင် ထာဝရဘုရားသည်၊ သင့်အမွေခံစရာဘို့ ပေးတော်မူသောပြည်သို့ သင်သည် ဝင်စား၍ နေသောအခါ၊

2 သင်၏ဘုရားသခင် ထာဝရဘုရားပေးတော်မူ သောပြည်၌ အဦးသီးသော အသီးအမျိုးမျိုးကိုယူ၍ ခြင်တောင်း၌ ထည့်ပြီးမှ သင်၏ဘုရားသခင် ထာဝရ ဘုရား၏ နာမတော်တည်စရာဘို့ ရွေးကောက်တော်မူ သော အရပ်သို့ သွား၍၊

3 ထိုကာလ၌ ယဇ်ပုရောဟိတ်လုပ်သော သူထံသို့ ချဉ်းလျက်၊ ထာဝရဘုရားသည် ငါ့အားပေးခြင်းငှာ၊ ဘိုးဘေးတို့အား ကျိန်ဆိုတော်မူသောပြည်သို့ အကျွန်ုပ် ရောက်ပါပြီဟု ကိုယ်တော်၏ဘုရားသခင် ထာဝရဘုရား အား ယနေ့ အကျွန်ုပ်ဝန်ခံပါသည်ဟု ယဇ်ပုရောဟိတ် အား ပြောဆိုရမည်။

4 ယဇ်ပုရောဟိတ်သည်လည်း ခြင်းတောင်းကို သင့်လက်မှယူ၍ သင်၏ဘုရားသခင် ထာဝရဘုရား၏ ယဇ်ပုလ္လင်ရှေ့မှာ ချထားရမည်။

5 သင်ကလည်း၊ အရပ်ရပ်သို့ လှည့်လည်သော ရှုရိအမျိုးသားသည် အကျွန်ုပ်အဘ ဖြစ်ပါ၏။ သူသည် အဲဂုတ္တုပြည်သို့ သွား၍ လူအနည်းငယ်နှင့်တကွ တည်းခို စဉ်တွင် ကြီးမားများပြားသော လူမျိုးဖြစ်ပါ၏။

6 အဲဂုတ္တုလူတို့သည် အကျွန်ုပ်တို့ကို ညှဉ်းဆဲနှိပ် စက်၍ ကျပ်တည်းစွာ ကျွန်ခံစေကြ၏။

7 ဘိုးဘေးတို့ကိုးကွယ်သော ဘုရားသခင် ထာဝရ ဘုရားကို အော်ဟစ်၍ လျှောက်ကြသောအခါ၊ ထာဝရ ဘုရားသည် နားထောင်တော်မူသဖြင့်၊ အကျွန်ုပ်တို့ ခံရသော ညှဉ်းဆဲနှိပ်စက်ခြင်း၊ ပင်ပန်းခြင်းတို့ကို ကြည့်ရှု တော်မူ၏။

8 ထိုအခါ ထာဝရဘုရားသည် တန်ခိုးကြီးသော လက်ရုံးတော်ကို ဆန့်၍ ကြောက်မက်ဘွယ်သော နိမိတ် လက္ခဏာ အံ့ဘွယ်သောအမှုတို့ဖြင့် အကျွန်ုပ်တို့ကို အဲဂုတ္တုပြည်မှ နှုတ်ပြီးလျှင်၊

9 နို့နှင့်ပျားရည်စီးသော ဤပြည်သို့ ပို့ဆောင်၍ ပေးသနားတော်မူ၏။

10 ယခုမှာ အိုထာဝရဘုရား၊ ကိုယ်တော်ပေးသနား တော်မူသောပြည်၌ အဦးသီးသော အသီးကို အကျွန်ုပ် ဆောင်ခဲ့ပါပြီဟု သင်၏ဘုရားသခင် ထာဝရဘုရားအား လျှောက်ဆိုလျက်၊ ထိုအသီးကို သင်၏ဘုရားသခင် ထာဝရဘုရားရှေ့တော်၌ ထားရမည်။ ရှေ့တော်၌လည်း ကိုးကွယ်ခြင်းကို ပြုရမည်။

11 သင်၏ဘုရားသခင် ထာဝရဘုရားသည်၊ သင်နှင့် သင်၏အိမ်သူအိမ်သားတို့အား ပြုတော်မူသမျှ သော ကျေးဇူး၌၊ သင်သည် သင်နှင့်အတူ တည်းခိုသော လေဝိသားမှစ၍ တပါးအမျိုးသားတို့နှင့်တကွ ပျော်မွေ့ ခြင်းကို ပြုရမည်။

12 သုံးနှစ်တွင် ဆယ်ဘို့တဘို့ပေးရသော တတိယ နှစ် ရောက်သောအခါ၊ အစီးအပွားရှိသမျှတို့ကို ဆယ်ဘို့ တဘို့ ကောက်ယူ၍၊ လေဝိသား၊ တပါးအမျိုးသား၊ မိဘမရှိ သောသူ၊ မုတ်ဆိုးမတို့ကို သင့်နေရာမြို့များ၌ ဝစွာကျွေး မွေးပြီးမှ၊

13 သင်၏ဘုရားသခင် ထာဝရဘုရားအား၊ ကိုယ် တော်သည် အကျွန်ုပ်ကို မှာထားတော်မူသမျှအတိုင်း၊ သန့်ရှင်းသောဥစ္စာတို့ကို အိမ်မှထုတ်၍ လေဝိသား၊ တပါး အမျိုးသား၊ မိဘမရှိသောသူ၊ မုတ်ဆိုးမတို့အား ပေးပါပြီ။ ပညတ်တော်တို့ကို မလွန်ကျူး၊ မမေ့လျော့ပါ။

14 မသာအမှုကို ဆောင်စဉ်အခါ ထိုဥစ္စာကို အကျွန်ုပ်မစားပါ။ မစင်ကြယ်သော အသုံးအဆောင်ဘို့ အနည်းငယ်ကိုမျှ မယူပါ။ သေသောသူတို့အဘို့ အနည်း ငယ်ကိုမျှ မပေးပါ။ အကျွန်ုပ်ဘုရားသခင် ထာဝရဘုရား ၏ စကားတော်ကို နားထောင်ပါပြီ။ ကိုယ်တော်မှာထား တော်မူသမျှအတိုင်း ပြုပါပြီ။

15 ကိုယ်တော်၏ သန့်ရှင်းသော နေရာကောင်းကင် ဘုံမှ ငုံ့ကြည့်၍၊ ကိုယ်တော်၏ လူဣသရေလအမျိုးကို၎င်း၊ ဘိုးဘေးတို့အား ကျိန်ဆိုတော်မူသည်အတိုင်း၊ အကျွန်ုပ်တို့ အား ပေးတော်မူသောပြည်နို့နှင့် ပျားရည်စီးသော ပြည်ကို၎င်း ကောင်းကြီးပေးတော်မူပါဟု လျှောက်ဆို ရမည်။

16 ယခုစီရင်ထုံးဖွဲ့သမျှအတိုင်း ကျင့်ရမည်ဟု သင်၏ဘုရားသခင် ထာဝရဘုရား မှာထားတော်မူသည် ဖြစ်၍ စိတ်နှလုံးအကြွင်းမဲ့ ကျင့်စောင့်ရမည်။

17 ထာဝရဘုရားသည် သင်၏ဘုရားသခင် ဖြစ်တော်မူသည်ဟူ၍၎င်း၊ လမ်းတော်သို့ လိုက်ပါမည်၊ စီရင်ထုံးဖွဲ့တော်မူသော ပညတ်တရားတော်ကို စောင့် ရှောက်ပါမည်၊ စကားတော်ကို နားထောင်ပါမည်ဟူ၍ ၎င်း၊ ယနေ့ သင်သည် ဝန်ခံပြီ။

18 ထာဝရဘုရားသည်လည်း ဂတိထားတော်မူသမျှ အတိုင်း၊ သင်သည် ပညတ်တော် အလုံးစုံတို့ကို စောင့် ရှောက်စေခြင်းငှာ၊ အထူးသဖြင့် ကိုယ်တော်၏ လူမျိုး ဖြစ်သည်ဟူ၍၎င်း၊

19 ဖန်ဆင်းတော်မူသော လူမျိုးတကာတို့ထက် သင်၏ဂုဏ်အသရေကျော်စော ကိတ္တိကို လွန်ကဲစေတော် မူမည်ဟူ၍၊ ၎င်းဂတိတော်ရှိသည်အတိုင်း၊ သင်၏ဘုရား သခင် ထာဝရဘုရားအဘို့ သန့်ရှင်းသောလူမျိုး ဖြစ်စေ ခြင်းငှာ၎င်း ယနေ့ ဝန်ခံတော်မူပြီဟု ဣသရေလအမျိုး သားတို့အား ဟောပြောလေ၏။

   

Bible

 

တရားဟောရာကျမ်း 7

Studie

   

1 သင်၏ ဘုရားသခင် ထာဝရဘုရားသည် သင် သွား၍ ဝင်စားလတံ့သောပြည်သို့ သင့်ကို ဆောင်သွင်း လျက်၊ ဟိတ္တိလူ၊ ဂိရဂါရှိလူ၊ အာမောရိလူ၊ ခါနာနိလူ၊ ဖေရဇိလူ၊ ဟိဝိလူ၊ ယေဗုသိလူတည်းဟူသော၊ သင့်ထက်ကြီးမြင့် များပြားသော လူမျိုးခုနစ်မျိုးတို့ကို သင့်ထံက နှင်ထုတ်၍၊

2 တဖန်သင့်လက်၌ အပ်တော်မူသောအခါ၊ သူတို့ ကို လုပ်ကြံ၍ အကုန်အစင် သုတ်သင်ပယ်ရှင်းရမည်။ သူတို့နှင့် မိဿဟာယမဖွဲ့ရ၊ ကရုဏာကို မပြရ။

3 သူတို့နှင့် စုံဘက်ခြင်းကို မပြုရ။ သင်၏သမီးကို သူ၏သားနှင့်၎င်း၊ သင်၏သားကို သူ၏သမီးနှင့်၎င်း ထိမ်းမြားပေးစားခြင်းကို မပြုရ။

4 အကြောင်းမူကား၊ သူတို့သည် သင်၏သားကို ငါ၌ မဆည်းမကပ်စေဘဲ၊ အခြားတပါးသော ဘုရားအား ဝတ်ပြုစေခြင်းငှာ သွေးဆောင်ကြလိမ့်မည်။ ထိုအခါ အမျက်ထွက်၍ သင်တို့ကို ချက်ခြင်း ဖျက်ဆီးတော်မူ လိမ့်မည်။

5 သို့ဖြစ်၍၊ သူတို့၌ အဘယ်သို့ပြုရမည်နည်း ဟူမူကား၊ သူတို့ယဇ်ပလ္လင်များကို ဖျက်ရမည် ရုပ်တု များကို ဖြိုချရမည် အာရှိရပင်များကို ခုတ်လှဲရမည် ထုသောရုပ်တု ဆင်းတုများကို မီးရှို့ရမည်

6 အကြောင်းမူကား၊ သင်သည် သင်၏ ဘုရား သခင် ထာဝရဘုရားအဘို့ သန့်ရှင်းသောအမျိုး ဖြစ်၏။ မြေကြီးပေါ်မှာ ရှိသမျှသော လူမျိုးထက် သင်၏ဘုရား သခင် ထာဝရဘုရားပိုင်ထိုက်သော အမျိုးဖြစ်စေခြင်းငှာ သင့်ကို ရွေးချယ်တော်မူပြီ။

7 သင်သည် အခြားသောလူမျိုးထက် သာ၍ များသောကြောင့်၊ ထာဝရဘုရားသည် သင့်ကို ချစ်၍ ရွေးချယ်တော်မူသည်မဟုတ်။ သင်သည် အခြားသော လူမျိုးတကာတို့ထက် သာ၍နည်း၏။

8 ထာဝရဘုရားသည် သင့်ကိုချစ်သောကြောင့် ၎င်း၊ သင်၏ဘိုးဘေးတို့အား ကျိန်ဆိုတော်မူသော အကျိတ်ကို မဖျက်လိုသောကြောင့်၎င်း၊ ကျွန်ခံနေရာ အဲ ဂုတ္တုပြည်ကို အစိုးရသော ဖါရောဘုရင်လက်မှ အားကြီး သော လက်တော်နှင့် သင့်ကို ရွေးနှုတ်ဆောင်ယူခဲ့တော် မူပြီ။

9 သို့ဖြစ်၍ သင်၏ဘုရားသခင် ထာဝရဘုရား သည် မှန်သောဘုရား၊ သစ္စာစောင့်သောဘုရား၊ ကိုယ် တော်ကို ချစ်၍ ပညတ်တော်တို့ကို စောင့်ရှောက်သော သူတို့၏ အမျိုးအစဉ်အဆက် အထောင်အသောင်း တိုင်အောင် ပဋိညာဉ်စကားတည်၍ ကရုဏာကို ပြသောဘုရား

10 ကိုယ်တော်ကို မုန်းသောသူတို့ကို ဖျက်ဆီးခြင်း ငှာ၊ သူတို့မျက်မှောက်၌ အပြစ်ပေးသော ဘုရားဖြစ်တော် မူကြောင်းကို သိမှတ်လော့။ ကိုယ်တော်ကို မုန်းသော သူတို့ကို အားမနာဘဲ၊ သူတို့မျက်မှောက်၌ အပြစ်ပေး တော်မူမည်။

11 သို့ဖြစ်၍ ယနေ့ငါထားသော စီရင်ထုံးဖွဲ့ချက်၊ ပညတ်တရားတို့ကို ကျင့်အံ့သောငှာ စောင့်ရှောက်ရမည်။

12 ထိုပညတ်တို့ကို သင်သည် ကျင့်ဆောင်အံ့သော ငှာ နားထောင်လျှင်၊ သင်၏ဘုရားသခင် ထာဝရဘုရား သည် သင်၏ဘိုးဘေးတို့အား ကျိန်ဆိုတော်မူသော ပဋိညာဉ်နှင့် ကရုဏာတော်ကို စောင့်တော်မူမည်။

13 သင့်ကိုချစ်သဖြင့် ကောင်းကြီးပေး၍ များပြား စေတော်မူမည်။ သင့်အား ပေးခြင်းငှာ၊ သင်၏ဘိုးဘေးတို့ အား ကျိန်ဆိုတော်မူသောပြည်၌ သင်ဘွားမြင်သော သားတို့ကို ၎င်း၊ သင်၏မြေ အသီးအနှံ၊ စပါး၊ စပျစ်ရည်၊ ဆီ၊ နွား အစီးအပွား၊ သိုးစုတို့ကို၎င်း ကောင်းကြီးပေး တော်မူမည်။

14 သင်သည် လူမျိုးတကာတို့ထက် သာ၍ ကောင်း ကြီးခံရသောသူ ဖြစ်၍၊ သင်၌မြုံသော ယောက်ျားမိန်းမ တယောက်မျှ၊ တိရစ္ဆာန်တွင်မြုံသော အထီးအမ တကောင်မျှမရှိရ။

15 ထာဝရဘုရားသည်လည်း၊ အနာရောဂါရှိသမျှ တို့ကို သင့်ဆီက ပယ်ရှား၍၊ သင်သိသော အဲဂုတ္တုပြည်၏ အနာဆိုးကို သင်၌ စွဲစေတော်မမူ။ သင့်ကိုမုန်းသောသူ မပေါင်းတို့၌ စွဲစေတော်မူမည်။

16 သင်၏ ဘုရားသခင် ထာဝရဘုရားသည် သင်၌ အပ်ပေးတော်မူသော လူမျိုးအပေါင်းကို ဖျက်ဆီး ရမည်။ သင်၏မျက်စိသည် သူတို့ကို မသနားရ။ သူတို့ ဘုရားအား ဝတ်မပြုရ။ ဝတ်ပြုလျှင်၊ ထိမိ၍ လဲစရာ အကြောင်း ဖြစ်လိမ့်မည်။-

17 ထိုလူမျိုးတို့သည် ငါ့ထက်သာ၍များ၏။ ငါသည် သူတို့ကို အဘယ်သို့ နှင်ထုတ်နိုင်မည်နည်းဟု သင်သည် စိတ်ထဲမှာ အောက်မေ့လျက်၊

18 သူတို့ကို မကြောက်ရ။ သင်၏ဘုရားသခင် ထာဝရဘုရားသည် ဖါရောဘုရင်နှင့် အဲဂုတ္တုပြည် တပြည်လုံး၌ ပြုတော်မူသော အမှုကို၎င်း၊

19 ကိုယ်တိုင်မြင်၍ ကြီးစွာသော စုံစမ်းခြင်းတို့ကို ၎င်း၊ သင်၏ ဘုရားသခင် ထာဝရဘုရားသည် သင့်ကို နှုတ်ဆောင်သောအခါ၊ ပြတော်မူသော နိမိတ်လက္ခဏာ အံ့ဘွယ်သော အမှုတို့ကို၎င်း၊ အားကြီးသော လက်ရုံး တော်ကို ဆန့်တော်မူခြင်းကို၎င်း စေ့စေ့အောက်မေ့ ရမည်။ ထိုနည်းတူ၊ သင်ကြောက်တတ်သော လူမျိုး ရှိသမျှတို့၌ သင်၏ ဘုရားသခင် ထာဝရဘုရား ပြုတော်မူ မည်။

20 ထိုမှတပါး၊ ကျန်ကြွင်း၍ ပုန်းရှောင်လျက်နေ သော သူတို့သည် မပျက်စီးမှီတိုင်အောင်၊ သင်၏ ဘုရား သခင် ထာဝရဘုရားသည် ပျားတူများကို သူတို့တွင် စေလွှတ်တော်မူမည်။

21 သူတို့ကြောင့် ထိတ်လန့်ခြင်း မရှိရ။ အကြောင်း မူကား၊ တန်ခိုးကြီး၍ ကြောက်မက်ဘွယ်သော သင်၏ ဘုရားသခင် ထာဝရဘုရားသည် သင်တို့တွင် ရှိတော် မူ၏။

22 သင်၏ ဘုရားသခင် ထာဝရဘုရားသည် ထိုလူ မျိုးတို့ကို သင့်ထံက တရွေ့ရွေ့နှင် ထုတ်တော်မူလိမ့်မည်။ တောသားရဲတို့သည် သင့်တဘက်၌ များပြားမည်ကို စိုးရိမ်၍၊ သူတို့ကို ချက်ခြင်းမပယ်မရှားသင့်။

23 သို့ရာတွင် သင်၏ ဘုရားသခင် ထာဝရဘုရား သည် သူတို့ကို သင်၌အပ်၍၊ သူတို့ မပျက်စီးမှီတိုင်အောင်၊ ကြီးစွာသော ပျက်စီးခြင်းကို စီရင်တော်မူမည်။

24 သူတို့ရှင်ဘုရင်များကိုလည်း သင့်လက်၌ အပ်တော်မူသဖြင့်၊ သူတို့ဘွဲ့နာမကိုပင် ကောင်းကင် အောက်မှာ ပယ်ရှင်းရမည်။ သူတို့ကို မဖျက်ဆီးမှီ တိုင်အောင် သင့်ရှေ့ မှာ အဘယ်သူမျှ မရပ်မနေနိုင်ရာ။

25 သူတို့ထုသော ရုပ်တုဆင်းတုဘုရားများကို မီးရှို့ ရမည် ရုပ်တုဆင်းတု၌ ပါသော ရွှေငွေကို မတပ်မက်ရ၊ မသိမ်းမယူရ ယူလျှင် အပြစ်ရောက်မည်ဟု စိုးရိမ်စရာ ရှိ၏ သင်၏ ဘုရားသခင် ထာဝရဘုရားသည် စက်ဆုပ် ရွံရှာတော်မူ၏

26 စက်ဆုပ်ရွံရှာဘွယ်သောအရာကို သင့်အိမ်ထဲသို့ မသွင်းရ။ သွင်းလျှင်၊ သင်သည် ထိုအရာကဲ့သို့ ကျိတ်အပ် သောအရာ ဖြစ်မည်ဟု စိုးရိမ်စရာရှိ၏။ ထိုသို့သောအရာ ကို သင်သည် အကြွင်းမဲ့ စက်ဆုပ်ရွံရှာရမည်။ ကျိန်အပ် သော အရာပင်ဖြစ်ပေ၏။