Bible

 

တရားဟောရာကျမ်း 18

Studie

   

1 လေဝိသားယဇ်ပုရောဟိတ် အစရှိသော လေဝိ သားအပေါင်းတို့သည် ဣသရေလအမျိုးသားတို့နှင့် ရော၍ အဘို့မရှိ အမွေမခံရဘဲ၊ ထာဝရဘုရားအမွေတည်းဟူသော မီးဖြင့်ပြုသော ပူဇော်သက္ကာတို့ကို စားရကြမည်။

2 ထို့ကြောင့်၊ သူတို့သည် ညီအစ်ကိုများနှင့်အတူ အမွေမခံရကြ။ ထာဝရဘုရားသည် အမိန့်တော်ရှိသည် အတိုင်း သူတို့၏ အမွေဖြစ်တော်မူ၏။

3 လူတို့သည် ယဇ်ပူဇော်သောအခါ၊ နွားဖြစ်စေ၊ သိုးဖြစ်စေ၊ ယဇ်ပုရောဟိတ် ခံရသောအဘို့ ပခုံးတဘက်၊ ပါးနှစ်ဘက်၊ အအူများကို၎င်း၊

4 အဦးသိမ်းသော စပါး၊ စပျစ်ရည်၊ ဆီ၊ သိုးမွေးကို ၎င်း လှူရမည်။

5 အကြောင်းမူကား၊ သူမှစ၍ သားစဉ်မြေးဆက် တို့သည် ထာဝရဘုရားအခွင့်နှင့် အမှုတော်ကို အစဉ် ဆောင်ရွက်စေခြင်းငှာ၊ သင်၏ဘုရားသခင် ထာဝရ ဘုရားသည်၊ သင်၏ အမျိုးအနွယ်အပေါင်းတို့တွင် သူ့ကို ရွေးကောက်တော်မူပြီ။

6 ဣသရေလမြို့ရွာတို့၌ တည်းခိုသော လေဝိသား တစုံတယောက်သည်၊ ထာဝရဘုရား ရွေးကောက်တော်မူ သောအရပ်ကို ကြည်ညိုသောစိတ်အားကြီး၍ ရောက်လာ လျှင်၊

7 ထာဝရဘုရားရှေ့တော်၌ နေရာရသော ညီအစ် ကို လေဝိသားအပေါင်းတို့နည်းတူ သူ၏ဘုရားသခင် ထာဝရဘုရားအခွင့်နှင့် အမှုတော်ကို ဆောင်ရွက်ရမည်။

8 သူ၏အမွေကို ရောင်း၍ရသော ဥစ္စာမှတပါး၊ လေဝိသားများတို့နှင့်အတူ အညီအမျှခံရမည်။

9 သင်၏ဘုရားသခင် ထာဝရဘုရားပေးတော်မူ သောပြည်သို့ သင်သည် ဝင်စားသောအခါ၊ ထိုပြည်၌နေ သော လူမျိုးတို့ပြုတတ်သော စက်ဆုပ်ရွံရှာဘွယ်အမှု တို့ကို ပြုခြင်းငှာ မသင်ရ။

10 သင်တို့တွင် မိမိသားသမီးကို မီးဖြင့်ပူဇော်သော သူ၊ ဖြစ်လတံ့သောအမှုကို ကိုယ်ဥာဏ်နှင့် ဟောပြော သောသူ၊ ကာလဗေဒင်ကို ကြည့်သောသူ၊ မကောင်းသော အတတ်ကို ပြုစုသောသူ၊

11 ပြုစားတတ်သောသူ၊ နတ်ဆိုးနှင့်ပေါင်းသောသူ၊ ဝိဇ္ဇာအတတ်ကို ပြုစုသောသူ၊ လူသေကို မေးမြန်းသောသူ တစုံတယောက်မျှ မရှိရ။

12 ထိုသို့ ပြုတတ်သောသူ အပေါင်းတို့ကို ထာဝရ ဘုရား စက်ဆုပ်ရွံရှာတော်မူ၏။ ထိုစက်ဆုပ် ရွံရှာဘွယ် သော အမှုများတို့ကြောင့် သင်၏ ဘုရားသခင် ထာဝရ ဘုရားသည် ထိုလူမျိုးတို့ကို သင့်ရှေ့မှ နှင်ထုတ်တော်မူ၏။

13 သင်သည်၊ သင်၏ဘုရားသခင် ထာဝရဘုရား ရှေ့တော်၌ စုံလင်ခြင်းရှိရမည်။

14 သင်အစိုးရအံ့သော လူမျိုးတို့သည်၊ ကာလ ဗေဒင်ကို ကြည့်သောသူ၊ ဖြစ်လတံ့သောအမှုကို ကိုယ် ဥာဏ်အားဖြင့် ဟောပြောသောသူတို့ စကားကို နား ထောင်တတ်ကြ၏။ သင်မူကား ထိုသို့ ပြုရအောင် သင်၏ ဘုရားသခင် ထာဝရဘုရားသည် အခွင့်ပေးတော်မမူ။

15 သင်၏ဘုရားသခင် ထာဝရဘုရားသည်၊ သင်၏ အမျိုးသားချင်းတို့အထဲ၌ ငါနှင့်တူသော ပရော ဖက်တပါးကို သင့်အဘို့ ပေါ်ထွန်းစေတော်မူမည်။ ထိုပရောဖက်၏ စကားကို နားထောင်ရမည်။

16 ဟောရပ်အရပ်တွင် စည်းဝေးကြသော နေ့၌ သင်က၊ နောက်တဖန် အကျွန်ုပ်ဘုရားသခင် ထာဝရဘုရား၏ စကားတော်အသံကို မကြားရပါစေနှင့် ထိုကြီးစွာသော မီးကို မမြင်ရပါစေနှင့် အကျွန်ုပ်သေမည် ကို စိုးရိမ်ပါသည်ဟု သင်၏ဘုရားသခင် ထာဝရဘုရား ရှေ့တော်၌ တောင်းပန်သမျှအတိုင်း၊

17 ထာဝရဘုရားက၊ သူတို့ စကားသည် လျောက် ပတ်ပေ၏။

18 သူတို့အမျိုးသားချင်းတို့အထဲ၌ သင်နှင့်တူသော ပရောဖက်တပါးကို သူတို့အဘို့ ငါပေါ်ထွန်းစေ၍၊ ထိုပရောဖက်နှုတ်၌ ငါ့စကားကို ငါအပ်သဖြင့် ငါမှာထား သမျှတို့ကို သူတို့အား ဆင့်ဆိုရလိမ့်မည်။

19 ထိုပရောဖက်သည် ငါ့အခွင့်နှင့် ဟောပြော သော ငါ့စကားတို့ကို အကြင်သူသည် နားမထောင်ဘဲ နေအံ့၊ ထိုသူကို ငါစစ်ကြောမည်။

20 ငါမမှာထားဘဲ ငါ့အခွင့်ကို ဆောင်၍ ရဲရင့်စွာ ဟောပြောသော ပရောဖက်၊ အခြားတပါးသော ဘုရား အခွင့်နှင့် ဟောပြောသော ပရောဖက်သည် အသေသတ် ခြင်းကို ခံရမည်ဟု ငါ့အား မိန့်တော်မူ၏။

21 သင်ကလည်း ထာဝရဘုရား မိန့်တော်မူသည် မမူသည်ကို ငါတို့သည် အဘယ်သို့ သိနိုင်သနည်းဟု တွေး တောလျှင်၊

22 ပရောဖက်သည် ထာဝရဘုရား၏ အခွင့်ကို ဆောင်၍ ဟောပြောသည်အတိုင်း အမှုမဖြစ်၊ ဟောပြော သောစကားမပြည့်စုံလျှင်၊ ထိုစကားကို ထာဝရဘုရား မိန့်တော်မမူ၊ ပရောဖက်သည် ရဲရင့်စွာဟောပြောပြီ။ သူ့ကို မကြောက်ရ။

   

Bible

 

ဝတ်ပြုရာကျမ်း 7

Studie

   

1 ဒုစရိုက်ဖြေသော ယဇ်ပူဇော်ခြင်းတရားဟူမူကား၊ အလွန်သန့်ရှင်းပေ၏။

2 မီးရှို့ရာယဇ်ကောင်ကို သတ်ရာအရပ်၌ ဒုစရိုက်ဖြေသော ယဇ်ကောင်ကို သတ်၍ အသွေးကို ယဇ်ပလ္လင်အပေါ်၌ ပတ်လည်ဖြန်းရမည်။

3 အမြီးနှင့်တကွ အအူကို ဖုံးသောဆီဥ၊

4 ခါးအတွင်းနား၌ ရှိသော ကျောက်ကပ်နှစ်ခုနှင့် ကျောက်ကပ်ဆီဥ၊ ကျောက်ကပ်နှင့်တကွ အသည်း ပေါ်၌ရှိသော အမြှေးတည်းဟူသော ဆီဥရှိသမျှကိုယူ၍ ဆက်လျှင်၊-

5 ယဇ်ပုရောဟိတ်သည် ယဇ်ပလ္လင်ပေါ်မှာ မီးရှို့၍ ထာဝရဘုရားအား မီးဖြင့် ပူဇော်သက္ကာပြုရမည်။ ဒုစရိုက်ဖြေရာယဇ် ဖြစ်သတည်း။

6 အသားကို ယဇ်ပုရောဟိတ် ယောက်ျားအပေါင်းတို့သည်၊ သန့်ရှင်းရာဌာန၌ စားရကြမည်။ အလွန်သန့်ရှင်းပေ၏။

7 အပြစ်ဖြေရာယဇ်၊ ဒုစရိုက်ဖြေရာယဇ်၏ တရားတပါးတည်းဖြစ်၍၊ ဒုစရိုက်အပြစ် ဖြေခြင်းကို ပြုသော ယဇ်ပုရောဟိတ်သည် ယူရမည်။

8 လူတစုံတယောက် ပြုသော မီးရှို့ရာယဇ်ကို ပူဇော်သော ယဇ်ပုရောဟိတ်သည်၊ မိမိပူဇော်သော ယဇ်ကောင်အရေကိုယူရမည်။

9 မီးဖို၌ ဖုတ်သော ဘောဇဉ်ပူဇော်သက္ကာ၊ အိုးကင်း၊ သံပြားပူနှင့် လုပ်သော အရာရှိသမျှကို ပူဇော် သော ယဇ်ပုရောဟိတ်သည် ယူရမည်။

10 ဆီထည့်သည်ဖြစ်စေ၊ မထည့်သည်ဖြစ်စေ၊ ဘောဇဉ် ပူဇော်သက္ကာရှိသမျှကို အာရုန်၏ သားအပေါင်း တို့သည် အညီအမျှ ယူရကြရမည်။

11 ထာဝရဘုရားအား ပြုရသော မိဿဟာယယဇ် ပူဇော်ခြင်းတရားဟူမူကား၊

12 ကျေးဇူးတော်ဝန်ခံဘို့ရာ ပူဇော်လျှင်၊ ကျေးဇူးတော် ဝန်ခံရာယဇ်နှင့်တကွ ဆီရောသော တဆေးမဲ့ မုန့်ပြား၊ ဆီနှင့်လုပ်သော တဆေးမဲ့မုန့်ကြွပ်၊ ဆီရောသော မုန့်ညက်နှင့် လုပ်၍ ကြော်သော မုန့်ပြားတို့ကို ပူဇော်ရမည်။

13 ထိုမုန့်ပြားမှ တပါး၊ မိဿဟာယ ပူဇော်သက္ကာနှင့်ဆိုင်သော ကျေးဇူးတော်ဝန်ခံရာယဇ်နှင့်တကွ၊ တဆေးပါသော မုန့်ကိုလည်း ပူဇော်ရမည်။

14 ပူဇော်သက္ကာရှိမျှအထဲက မုန့်တလုံးကို ထာဝရဘုရားအား ချီမြှောက်သော ပူဇော်သက္ကာပြု၍ ထိုမုန့်ကို မိဿဟာယယဇ် အသွေးဖြန်းသောယဇ် ပုရောဟိတ်ယူရမည်။

15 ကျေးဇူးတော်ဝန်ခံဘို့ရာ ပူဇော်သော မိဿဟာယယဇ်အသားကို၊ ပူဇော်သော နေ့ခြင်းတွင် စားရမည်။ နံနက်တိုင်အောင် မကြွင်းစေရ။

16 သို့မဟုတ် သစ္စာပြု၍ ယဇ်ပူဇော်သည်ဖြစ်စေ၊ ကိုယ်အလိုအလျောက် ပူဇော်သည်ဖြစ်စေ၊ ပူဇော်သော နေ့ခြင်းတွင်၊ ယဇ်အသားကို စား၍ အကြွင်းကိုလည်း နက်ဖြန်နေ့စားရမည်။

17 ကြွင်းသေးသော အသားကိုလည်း သန်ဘက်နေ့မီးရှို့ရမည်

18 မိဿဟာယယဇ် အသားအနည်းငယ်ကို၊ သန်ဘက်နေ့၌ စားမိလျှင် စိတ်တော်နှင့်မတွေ့။ ပူဇော်သော သူသည် အကျိုးကိုမရ။ ရွံရှာဘွယ် ဖြစ်လိမ့်မည်။ စားသောသူသည် ကိုယ်အပြစ်ကို ခံရလိမ့်မည်။

19 မစင်ကြယ်သောအရာနှင့် ထိမိသောယဇ်သားကို မစားရ မီးရှို့ရမည် စင်ကြယ်သော သူတို့သာ လျှင် ထိုယဇ်သားကို စားရကြမည်

20 ထာဝရဘုရားနှင့်ဆိုင်သော မိဿဟာယယဇ်သားကို အကြင်သူသည် မစင်ကြယ်သော အပြစ်ရှိ လျက်နှင့် စားမိ၏။ ထိုသူကို သူ၏ အမျိုးမှ ပယ်ရှင်းရမည်။

21 အကြင်သူသည်လည်း၊ လူ၌ မစင်ကြယ်သော အရာ၊ မစင်ကြယ်သောသား၊ မစင်ကြယ်သော ပိုးရွအစ ရှိသော၊ မစင်ကြယ်သောအရာ တစုံတခုကို ထိမိ၍၊ ထာဝရဘုရားနှင့်ဆိုင်သော မိဿဟာယ ယဇ်သားကို စား၏ ထိုသူကို သူ၏ အမျိုးမှ ပယ်ရှင်းရမည်ဟု မိန့်တော်မူ၏။

22-23 တဖန် မောရှေအား ထာဝရဘုရားက၊ - သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊ သင်တို့သည် သိုး၊ ဆိတ်၊ နွားဆီဥကို အလျှင်မစားရ၊

24 အလိုလိုသေသော တိရစ္ဆာန်ဆီဥ၊ သားရဲကိုက်၍ သေသော တိရစ္ဆာန်ဆီဥကို အခြားသို့ သုံးရသော် လည်း၊ အလျှင်းမစားရ။-

25 အကြင်သူသည် ထာဝရဘုရားအား မီးဖြင့် ပူဇော်သက္ကာပြုသော တိရစ္ဆာန်ဆီဥကို စား၏။ ထိုသူကို သူ၏ အမျိုးမှ ပယ်ရှင်းရမည်။

26 သင်တို့သည် နေလေရာရာ၌ ငှက်သွေး၊ သားသွေးမှစ၍ အသွေးမည်မျှကို မစားရ။

27 အကြင်သူသည် တစုံတခုသော အသွေးကို စား၏။ ထိုသူကို သူ၏ အမျိုးမှ ပယ်ရှင်းရမည်ဟု မိန့်တော်မူ၏။

28 တဖန် မောရှေအား ထာဝရဘုရားက၊ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊ ထာဝရဘုရားအား မိဿဟာယ ယဇ်ကို ပူဇော်သောသူသည်၊

29 မိမိပူဇော်သော ယဇ်အထဲက၊ ထာဝရ ဘုရားအား ဆက်ဘို့ရာ ဆောင်ခဲ့ရမည်။

30 ထာဝရဘုရားရှေ့တော်၌ ရင်ပတ်ကိုချီလွှဲ၍၊ ချီလွှဲသော ပူဇော်သက္ကာ ပြုစေခြင်းငှါ၊ ရင်ပတ်နှင့် ဆီဥတည်းဟူသော မီးဖြင့် ထာဝရဘုရားအား ပူဇော်သောအရာကို ကိုယ်တိုင် ဆောင်ခဲ့ရမည်။ -

31 ယဇ်ပုရောဟိတ်သည်၊ ဆီဥကို ယဇ်ပလ္လင်ပေါ်မှာ မီးရှို့၍၊ ရင်ပတ်ကို အာရုန်နှင့် သူ၏သားတို့သည် ယူရကြမည်။

32 မိဿဟာယယဇ်ထဲက လက်ျာပခုံးကို ချီမြှောက်သော ပူဇော်သက္ကာဘို့ ယဇ်ပုရောဟိတ်အား ပေးရ မည်။

33 မိဿဟာယယဇ် အသွေးနှင့်ဆီဥကို၊ အာရုန်၏သားတို့တွင် ပူဇော်သောသူသည်၊ လက်ျာပခုံးကို မိမိအဘို့ယူရမည်။

34 ဣသရေလ အမျိုးသားတို့ပြုသော မိဿဟာယယဇ်များထဲက ချီလွှဲသော ရင်ပတ်၊ ချီမြှောက်သော ပခုံးကို ငါနှုတ်ယူ၍ ဣသရေလအမျိုးသားတို့တွင် ယဇ်ပုရောဟိတ် အာရုန်နှင့် သူ၏သားတို့အား ထာဝရ ပညတ်တော်အားဖြင့် ငါပေးပြီဟု မိန့်တော်မူ၏။

35 ထိုသို့ အာရုန်နှင့် သူ၏သားတို့သည်၊ ထာဝရဘုရားရှေ့တော်မှာ ယဇ်ပုရောဟိတ်အမှုကို ဆောင် ရွက်မည်အကြောင်း၊ သူတို့ကို ခန့်ထားသောနေ့၌၊ ထာဝရဘုရားအား မီးဖြင့်ပြုသော ပူဇော်သော သက္ကာများထဲက၊ သူတို့ခံရသောအဘို့ ဖြစ်၏။

36 ဣသရေလအမျိုးသားတို့လက်မှ ထိုသို့သောအဘို့ကို ခံရမည်အကြောင်း၊ သူတို့ကို ဘိသိကပေးသော မူနေ့၌၊ ထာဝရဘုရားမှာထားတော်မူ၏။ သူတို့အမျိုးအစဉ်အဆက် စောင့်ရသော ပညတ် ဖြစ်သတည်း။

37 ဤရွေ့ကား၊ ဣသရေလအမျိုးသားတို့သည်၊ သိနာတော၌ ထာဝရဘုရားအား ပူဇော်သက္ကာပြုရမည် အကြောင်း မှာထားသောမူသောနေ့၌ သိနာတောင်ပေါ်မှာ ထာဝရဘုရားသည် မောရှေအား ပေးတော်မူသော မီးရှို့ရာယဇ်တရား၊ ဘောဇဉ် ပူဇော်သက္ကတရား၊ အပြစ်ဖြေရာယဇ်တရား၊ ဒုစရိုက် ဖြေရာ ယဇ်တရား၊ အရာ၌ ခန့်ထားရာ ယဇ်တရား၊

38 မိဿဟာယယဇ်တရား ဖြစ်သတည်းဟု မိန့် တော်မူ၏။