Bible

 

ဒံယေလ 9

Studie

   

1 ယေရုရှလင်မြို့ပျက်စီး၍ အနှစ်ခုနစ်ဆယ် လွန် စေမည်ဟု၊

2 ထာဝရဘုရား၏ ဗျာဒိတ်တော်ကို ပရောဖက် ယေရမိ ခံဘူးသည်ဖြစ်၍၊ ခါလာဒဲနိုင်ငံကို အစိုးရသော မေဒိအမျိုး၊ အာရွှေရုသားဒါရိနန်းစံပဌမနှစ်တွင်၊ ငါ ဒံယေလသည် ထိုနှစ်ပေါင်းအရေအတွက်ကို ကျမ်းစာ အားဖြင့် သိရသောကြောင့်၊

3 အစာကိုရှောင်လျက်၊ လျှော်တေအဝတ်ကို ဝတ် လျက်၊ ပြာနှင့်လူးလျက်၊ အရှင်ဘုရားသခင့်ထံတော်သို့ ချဉ်းကပ်၍ ဆုတောင်းပဌနာပြု၏။

4 ထိုသို့ အပြစ်ကို ဘော်ပြတောင်းပန်၍ ငါ ကိုးကွယ်သော ဘုရားသခင် ထာဝရဘုရားထံ ငါပြုသော ပဌနာဟူမူကား၊ ကိုယ်တော်ကိုချစ်၍ ပညတ်တော်တို့ကို စောင့်သော သူတို့အား သစ္စာတော်မပျက်၊ ကရုဏာ တရားကိုစောင့်တော် မူထသော၊ အလွန်ကြီးမြတ်၍ ကြောက်ရွံ့ဘွယ်ဖြစ်တော်မူသော အရှင်ဘုရားသခင်၊

5 ကျွန်ုပ်တို့သည် ပြစ်မှားမိပါပြီ။ ဒုစရိုကကို ပြုမိ ပါပြီ။ မတရားသဖြင့် ကျင့်မိပါပြီ။ ပုန်ကန်မိပါပြီ။ စီရင် ထုံးဖွဲ့တော်မူသော တရားလမ်းမှ လွှဲမိပါပြီ။

6 ကျွန်ုပ်တို့၏ရှင်ဘုရင်၊ မင်းသား အသက်ကြီး သူမှစ၍ ပြည်သူပြည်သားအပေါင်းတို့အား ကိုယ်တော်၏ ကျွန်၊ ပရောဖက်တို့၏စကားများကို အကျွန်ုပ်တို့သည် နား မထောင်ပဲနေကြပါပြီ။

7 အိုဘုရားရှင်၊ ကိုယ်တော်သည် တရားနှင့် ဆိုင် တော်မူ၏။ ကိုယ်တော်ကို ပြစ်မှားသောအပြစ်ကြောင့် နှင်ထုတ်တော်မူ၍ နီးသောပြည်၊ ဝေးသောပြည်၊ အရပ် ရပ်တို့၌နေရသော ယုဒပြည်သူ၊ ယေရုရှလင်မြို့သားမှ စ၍ ဣသရေလလူအပေါင်းတည်းဟူသော အကျွန်ုပ်တို့ သည် ယနေ့၌ရှိသည်အတိုင်း၊ မျက်နှာပျက်ခြင်းနှင့် ဆိုင်ကြပါ၏။

8 အိုဘုရားရှင်၊ ကိုယ်တော်ကို ပြစ်မှားသော ကြောင့်၊ အကျွန်ုပ်တို့၏ရှင်ဘုရင်၊ မင်းသား၊ အသက်ကြီး သူမှစ၍ အကျွန်ုပ်တို့သည် မျက်နှာပျက်ခြင်းနှင့် ဆိုင်ကြ ပါ၏။

9 အကျွန်ုပ်တို့သည် ကိုယ်တော်ကို ပုန်ကန်သော် လည်း၊ အကျွန်ုပ်တို့အရှင်ဘုရားသခင်သည် ကရုဏာကို ပြခြင်း၊ အပြစ်ကို ဖြေရှင်းခြင်းအခွင့်နှင့် ဆိုင်တော်မူ၏။

10 ကျွန်ုပ်တို့၏ ဘုရားသခင်ထာဝရဘုရားသည် ကျွန်တော်ရင်း၊ ပရောဖက်တို့ဖြင့် အကျွန်ုပ်တို့၌ ထားတော် မူသော ပညတ်တရားတော်လမ်းသို့ လိုက်ခြင်းငှါ၊ ဗျာဒိတ် တော်အသံကို အကျွန်ုပ်တို့သည်နားမထောင်ဘဲ နေကြ ပါပြီ။

11 အကယ်စင်စစ် ဣသရေလအမျိုးသားအပေါင်းတို့ သည် ဗျာဒိတ်တော်အသံကို နားမထောင်၊ လွှဲသွား၍ ပညတ်တရားတော်ကို လွန်ကျူးကြပါပြီ။ သို့ဖြစ်၍၊ ကိုယ်တော်ကို ပြစ်မှားသော အပြစ်ကြောင့်၊ ကျိန်ဆိုတော် မူခြင်းတည်းဟူသော ဘုရားသခင်၏ ကျွန်မောရှေ၏ ပညတ္တိကျမ်း၌ မှတ်သားသော အကျိန်ကို အကျွန်ုပ်တို့ အပေါ်သို့ သွန်းလောင်းတော်မူ၏။

12 အကျွန်ုပ်တို့တဘက်၊ အကျွန်ုပ်တို့ကို အုပ်သော တရားသူကြီးတို့ တဘက်၌ မိန့်တော်မူသော စကားတော် ကို တည်စေ၍၊ အကျွန်ုပ်တို့အပေါ်မှာ ကြီးစွာသော ဘေး ဥပဒ်ကို ရောက်စေတော်မူပြီ။ အကြောင်းမူကား၊ ယေရု ရှလင်မြို့၌ ဘေးရောက်သကဲ့သို့ ကောင်းကင်အောက် တွင် အဘယ်အရပ်၌မျှ မရောက်စဖူးပါ။

13 မောရှေ၏ ပညတ္တိကျမ်းစာ၌ မှတ်သားသည် အတိုင်း၊ ဤဘေးဥပဒ်ရှိသမျှသည် အကျွန်ုပ်တို့အပေါ်မှာ ရောက်ပါပြီ။ အကျွန်ုပ်တို့သည် ဒုစရိုက်များကိုရှောင်၍ သမ္မာတရားတော်ကို နားလည်ခြင်းအလိုငှါ၊ အကျွန်ုပ်တို့ ဘုရားသခင်ထာဝရဘုရားထံတော်၌ မတောင်းပန်ဘဲ နေကြပါပြီတကား။

14 ထို့ကြောင့် ထာဝရဘုရားသည် ဘေးဥပဒ်ကို စောင့်၍ အကျွန်ုပ်တို့၏ ဘုရားသခင်ထာဝရဘုရားသည် ပြုတော်မူသမျှတို့၌ ဖြောင့်မတ်တော်မူ၏။ အကျွန်ုပ်တို့ သည် ဗျာဒိတ်တော်အသံကို နားမထောင်ဘဲ နေကြပါပြီ တကား။

15 တန်ခိုးကြီးသောလက်တော်ဖြင့် ကိုယ်တော်၏ လူတို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်၍ ယနေ့၌ရှိသည် အတိုင်း အသရေတော်ကို ထင်ရှားစေတော်မူသော အကျွန်ုပ်တို့၏ အရှင်ဘုရားသခင်၊ အကျွန်ုပ်တို့သည် ပြစ်မှားမိပါပြီ။ မတရားသဖြင့်ပြုမိပါပြီ။

16 အိုဘုရားရှင်၊ ဖြောင့်မတ်တော်မူခြင်း တရား တော်ရှိသမျှတို့နှင့်အညီ၊ သန့်ရှင်းသော တောင်တော် တည်းဟူသော ကိုယ်တော်၏ ယေရုရှလင်မြို့မှ ပြင်းစွာ သော ဒေါသမျက်တော်ကို လွှဲတော်မူပါဟု အကျွန်ုပ် တောင်းပန်ပါ၏။ အကြောင်းမူကား၊ အကျွန်ုပ်တို့ အပြစ် များမှစ၍ ဘိုးဘေးတို့၏ အပြစ်များကြောင့်၊ ယေရုရှလင် မြို့နှင့် ကိုယ်တော်၏လူစုသည် ပတ်ဝန်းကျင်၌ရှိသော သူတို့တွင် ကဲ့ရဲ့စရာအကြောင်း ဖြစ်ပါ၏။

17 ယခုမူကား၊ အကျွန်ုပ်တို့ဘုရားသခင်၊ ကိုယ် တော်၏ ကျွန်ပြုသော ပဌနာစကားကို နားထောင်တော် မူပါ။ ဆိတ်ညံလျက်ရှိသော သန့်ရှင်းရာဌာနတော်ကို ဘုရားရှင်၏ အကျိုးတော်ကြောင့်၊ မျက်နှာတော် ရောင်ခြည်ကို ထွန်းလင်းစေတော်မူပါ။

18 ကျွန်ုပ်၏ဘုရားသခင်၊ နားတော်ကိုလှည့်၍ နားထောင်တော်မူပါ။ မျက်စိတော်ကိုဖွင့်၍ အကျွန်ုပ်တို့ ပျက်စီးရာများကို၎င်း၊ နာမတော်ဖြင့် သမုတ်သောမြို့ကို ၎င်းကြည့်ရှုတော်မူပါ။ အကျွန်ုပ်တို့သည် ကိုယ်ကုသိုလ်ကို အမှီမပြု၊ မဟာကရုဏာတော်ကိုသာ အမှီပြု၍ ပဌနာ စကားကို ရှေ့တော်၌ ဆက်ကပ်ပါ၏။

19 အိုဘုရားရှင်၊ နားထောင်တော်မူပါ။ အိုဘုရား ရှင်၊ နားထောင်၍ ပြုတော်မူပါ။ အိုဘုရားရှင် နားထောင် ၍ပြုတော်မူပါ။ အကျွန်ုပ်၏ဘုရားသခင်၊ ကိုယ်တော် အတွက် ဖင့်နွှဲတော်မမူပါနှင့်။ ကိုယ်တော်၏ လူစုသည် နာမတော်ဖြင့် သမုတ်ခြင်းရှိပါသည်ဟု ဆုတောင်းပဌနာ ပြု၏။

20 ထိုသို့ဆုတောင်းပဌနာပြု၍၊ ကိုယ်အပြစ်ကို၎င်း၊ အမျိုးသားချင်း ဣသရေလလူတို့၏ အပြစ်ကို၎င်း ဘော်ပြတောင်းပန်၍၊ ငါကိုးကွယ်သော ဘုရားသခင်၏ သန့်ရှင်းသော တောင်တော်အဘို့ ငါပြုသော ပဌနာ စကားကို၊ ငါ၏ဘုရားသခင်ထာဝရဘုရားရှေ့တော်၌ ဆက်ကပ် လျက်နေ၍၊

21 ဆုတောင်းသော အမှုမပြီးမှီ မြွက်ဆိုစဉ်တွင် ယခင်ဗျာဒိတ် ရူပါရုံ၌ ထင်ရှားသောသူ၊ ဂါဗေလသည် လျင်မြန်စွာ ပျံ၍လာသဖြင့် ညဦးယံ ပူဇော်ချိန်၌ ရှိရာသို့ ရောက်၍

22 နှုတ်ဆက်လျက်၊ အချင်းဒံယေလ၊ ငါသည် သင် ၌ ဥာဏ်ပညာတိုးပွားစေမည်အကြောင်း ထွက်လာပြီ။

23 သင်သည် ဆုတောင်းစပြုသောအခါ အမိန့် တော်ရှိသည်ဖြစ်၍ သင့်အားကြားပြောခြင်းငှါ ငါရောက် လာပြီ။ သင်သည် အလွန်ချစ်အပ်သောသူဖြစ်၏။ ထိုကြောင့် ဗျာဒိတ်တော်အချက်ကို ဆင်ခြင်၍ နားလည် ရသော အခွင့်ရှိ၏။

24 လွန်ကျူးခြင်းအမှုကို ဆီးတား၍ အပြစ်ကို တံဆိပ်ခတ်စေခြင်းငှါ၎င်း၊ ဒုစရိုက်အပြစ်ကို ဖြေရှင်း ထာဝရကုသိုလ်ကို သွင်းစေခြင်းငှါ၎င်း ဗျာဒိတ်ရူပါရုံနှင့် အနာဂတ္တိဗျာဒိတ်တော်တို့ကို တံဆိပ်ခတ်၍၊ အလွန် သန့်ရှင်းသော အရပ်ဌာနကိုလိမ်းစေခြင်းငှါ၎င်း၊ သိတင်း ခုနစ်ဆယ်ကို သင်၏ အမျိုးသားချင်းအဘို့နှင့် သင်၏ သန့်ရှင်းသောမြို့အဘို့ ဆုံးဖြတ်ခြင်းရှိ၏။

25 ထိုကြောင့်၊ ယေရုရှလင်မြို့ကိုတဖန် တည်ထောင်ပြုစုစေခြင်းငှါ အမိန့်တော်ရှိသည် နေ့မှစ၍ ခရစ်တော်သခင်၏ လက်ထပ်တိုင်အောင် ခုနစ်သိတင်းနှင့် ခြောက်ဆယ်နှစ်သိတင်း ကြာလိမ့်မည်ဟု သိမှတ်နားလည်လော့။ အနှောင့်အရှက် ခံရသောကာလ၌ မြို့လမ်းကို တဖန် တည်ထောင်ပြုစုရမည်ဟု စီရင်ဆုံးဖြတ်ခြင်းရှိ၏။

26 ထိုသိတင်းခြောက်ဆယ်နှစ်သိတင်းလွန်ပြီးမှ ခရစ်တော်သည် အခွင့်မရဘဲအသေသတ်ခြင်းကို ခံရလိမ့် မည်။ ထိုနောက်မှလာသော သခင်၏ လူတို့သည် မြို့တော်ကို၎င်း၊ သန့်ရှင်းရာဌာနကို၎င်း ဖြိုဖျက်ကြလိမ့် မည်။ ရေ လွှမ်းမိုးသော အားဖြင့် ဆုံးရှုံးခြင်းဖြစ်လိမ့်မည်။ အဆုံးတိုင်အောင် စစ်တိုက်ခြင်း၊ ပျက်စီးရာနှင့်ဆိုင်သော စီရင်ဆုံးဖြတ်ခြင်းရှိလိမ့်မည်။

27 တသိတင်းတွင် လူအများတို့နှင့် ပဋိညာဉ် ဖွဲ့ခြင်းရှိ၍ ထိုသိတင်းတဝက်တွင် ယဇ်ပူဇော်ခြင်းနှင့် ဆက်ကပ်ခြင်းကို ပပျောက်စေလိမ့်မည်။ ရွံ့ရှာဘွယ် သောအရာ၏ အထွဋ်ပေါ်သို့ ဖျက်ဆီးသော သူသည် ရောက်၍ စီရင်ဆုံးဖြတ်သော သုတ်သင်ပယ်ရှင်းခြင်း သည် ပျက်စီးအပ်သော သူတို့ကို မလွှမ်းမိုးမှီတိုင်အောင် ထိုသို့ဖြစ်လိမ့်မည်ဟု ကြားပြော၏။

   

Bible

 

ဟေရှာယ 64

Studie

   

1 ကိုယ်တော်သည် မိုဃ်းကောင်းကင်ကို ဖွင့်လှစ်၍၊ ဆင်းသက်တော်မူပါစေသော။ ရှေ့တော်၌ တောင်တို့သည် လှုပ်ကြပါစေသော။

2 မီးသည်အမှိုက်ကို လောင်သကဲ့သို့၎င်း၊ ရေကိုဆူ စေသကဲ့သို့၎င်း ဖြစ်ပါစေသော သို့ဖြစ်လျှင်၊ ကိုယ်တော် ၏ ရန်သူတို့သည် နာမတော်ကို သိ၍၊ ရှေ့တော်၌ လူအမျိုး မျိုးတို့သည် တုန်လှုပ်ကြပါလိမ့်မည်

3 အကျွန်ုပ်တို့ မြော်လင့်သည်ထက်၊ အံ့ဘွယ်သော အမှုတို့ကို ပြုတော်မူသောအခါ၊ ဆင်းသက်တော်မူ၍ တောင်တို့သည် ရှေ့တော်၌ လှုပ်ကြပါ၏။

4 ကိုယ်တော်ကို မြော်လင့်သောသူတို့အဘို့အလိုငှါ ကျေးဇူးပြုတော်မူသောဘုရား၊ ကိုယ်တော်မှတပါး အခြားသော ဘုရားသခင်ကို ကမ္ဘာဦးမှစ၍ အဘယ်သူမျှ မကြားမသိပါ။ နားဖြင့်မကြားမျက်စိဖြင့်မမြင်စဖူးပါ။

5 ဝမ်းမြောက်သောစိတ်နှင့် ဖြောင့်မတ်စွာ ကျင့် သောသူ၊ တရား တော်လမ်းတို့၌ ကိုယ်တော်ကို အောက် မေ့သောသူတို့နှင့် ကိုယ်တော်သည် မိဿဟာယ ဖွဲ့တော် မူ၏။ ထိုလမ်းတို့မှ အကျွန်ုပ်တို့သည် အစဉ်လွှဲတတ် သောကြောင့် အမျက်ထွက်တော်မူ၏။ ကယ်တင်ခြင်းသို့ ရောက်ရကြပါ မည်လော။

6 အကျွန်ုပ်တို့ရှိသမျှသည် စင်ကြယ်ခြင်းမရှိပါ။ ပြုဘူးသမျှသော ကုသိုလ်ကောင်းမှုတို့သည် ညစ်သော အဝတ်နှင့်တူကြပါ၏။ အကျွန်ုပ်တို့ ရှိသမျှသည် သစ်ရွက် ကဲ့သို့ ညှိုးနွမ်းလျက်ရှိ၍၊ ကိုယ်အပြစ်တို့သည် လေကဲ့သို့ အကျွန်ုပ်တို့ကို တိုက်သွားပါပြီ။

7 နာမတော်ကို ပဌနာပြုသောသူ၊ ကိုယ်တော်ကို မှီဝဲခြင်းငှါ ကိုယ်ကိုကိုယ်နှိုးဆော်သော သူတယောက်မျှ မရှိပါ။ အကြောင်းမူကား၊ မျက်နှာတော်ကိုလွှဲ၍ အကျွန်ုပ်တို့ကို ဒုစရိုက်အပြစ်အားဖြင့် ဆုံးရှုံးစေတော်မူပြီ။

8 သို့ရာတွင်အိုထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်တို့ အဘဖြစ်တော်မူ၏။ အကျွန်ုပ်တို့သည် အိုးမြေဖြစ်ပါ၏။ ကိုယ်တော်သည် အကျွန်ုပ်တို့၏ အိုးထိန်းဖြစ်တော်မူ၏။ အကျွန်ုပ်တို့ရှိသမျှသည် လက်တော်နှင့် ဖန်ဆင်းသောအရာ ဖြစ်ပါ၏။

9 အိုထာဝရဘုရား၊ ပြင်းစွာ အမျက်ထွက်တော် မမူပါနှင့်။ ပြစ်မှားမိသော အပြစ်တို့ကို အစဉ်မပြတ် အောက်မေ့တော်မမူပါနှင့်။ ကြည့်ရှုတော်မူပါ။ အကျွန်ုပ်တို့ ရှိသမျှသည် ကိုယ်တော်၏ လူဖြစ်ကြပါ၏။

10 သန့်ရှင်းသောမြို့တော်တို့သည် တောဖြစ်ကြပါ ပြီ။ ဇိအုန်တောင်လည်း တောဖြစ်ပါပြီ။ ယေရုရှလင်မြို့ လည်းပျက်စီးပါပြီ။

11 ကိုယ်တော်ကို ဘိုးဘေးတို့ချီးမွမ်းရာအရပ်၊ အကျွန်ုပ်တို့၏ သန့်ရှင်းတင့်တယ်သော ဗိမာန်တော်ကို မီးလောင်ပါပြီ အကျွန်ုပ်တို့နှစ် သက်ဘွယ်သော အရာရှိသမျှတို့သည် သုတ်သင်ပယ်ရှားလျက်ရှိကြပါ၏

12 အိုထာဝရဘုရား၊ ဤအမှုတို့ကို သည်းခံတော်မူ မည်လော၊ အောင့်လျက်နေ၍ အကျွန်ုပ်တို့ကို အလွန် ဆင်းရဲစေတော်မူမည်လော။

   

Bible

 

ယေရမိ 32

Studie

   

1 နေဗုခဒ်နေဇာ နန်းစံတဆယ်ရှစ်နှစ်၊ ယုဒ ရှင်ဘုရင် ဇေဒကိ နန်းစံဆယ်နှစ်တွင်၊ ထာဝရဘုရား ထံတော်မှ နှုတ်ကပတ်တော်သည် ယေရမိသို့ ရောက် လာ၏။

2 ထိုအခါ ဗာဗုလုန် ရှင်ဘုရင်၏ စစ်သူရဲတို့သည် ယေရုရှလင်မြို့ကို ဝိုင်းထားကြပြီ။ ပရောဖက်ယေရမိ သည် ယုဒရှင်ဘုရင်၏ နန်းတော်ထောင်ဝင်းထဲမှာ အချုပ်ခံလျက်နေရ၏။

3 အကြောင်းမူကား၊ ယုဒရှင်ဘုရင် ဇေဒကိသည် ခေါ်၍၊ ထာဝရဘုရားက၊ ဤမြို့ကို ဗာဗုလုန်ရှင်ဘုရင် လက်သို့ ငါအပ်၍၊ သူသည် သိမ်းယူလိမ့်မည်။

4 ယုဒရှင်ဘုရင် ဇေဒကိသည် ခါလဒဲလူတို့ လက်နှင့်မလွတ်၊ ဗာဗုလုန် ရှင်ဘုရင်လက်သို့ ဆက်ဆက် ရောက်လိမ့်မည်။ မျက်နှာချင်းဆိုင်၍ စကားပြောလျက်၊ တယောက်ကို တယောက်ကြည့်ရှုလျက် တွေ့ရလိမ့်မည်။

5 ဇေဒကိကိုလည်း ဗာဗုလုန်မြို့သို့ ဆောင်သွား လိမ့်မည်။ငါအကြည့်အရှုမလာမှီတိုင်အောင်၊ ထိုမြို့၌ နေရလိမ့်မည်။ သင်တို့သည် ခါလဒဲလူတို့ကို စစ်တိုက်၍ မနိုင်ရကြဟု ထာဝရဘုရား မိန့်တော်မူကြောင်းကို၊ သင် သည် အဘယ်ကြောင့် ပရောဖက်ပြု၍ ဟောသနည်းဟု ဆို၍ ထောင်ထဲမှာ လှောင်ထားသတည်း။

6 ထိုအခါယေရမိက၊ ငါ့ဆီသို့ရောက်လာသော ထာဝရဘုရား၏ နှုတ်ကပတ်တော်ဟူမူကား၊

7 သင်၏ဘထွေး ရှလ္လုံသား ဟာနမေလသည် သင့်ထံသို့လာ၍၊ အာနသုတ်မြို့မှာရှိသော ကျွန်ုပ်လယ်ကို သင်သည် ရွေးပိုင်သောကြောင့်၊ ဝယ်ပါဟု ပြောဆို လိမ့်မည်အကြောင်းကို ထာဝရဘုရား မိန့်တော်မူသည်နှင့် အညီ၊

8 ငါ့ဘထွေး သားဟာနမေလသည် ငါရှိရာ ထောင်ဝင်းထဲသို့ လာ၍၊ ဗင်္ယာမိန်ခရိုင်၊ အာနသုတ်မြို့၌ ရှိသော ကျွန်ုပ်လယ်ကို ဝယ်ပါလော့။ သင်သည် အမွေခံပိုင်သော အခွင့်နှင့် ရွေးပိုင်သော အခွင့်ရှိသည် ဖြစ်၍၊ ကိုယ်အဘို့ ဝယ်ပါဟု ငါ့အားပြောဆို၏။ ထိုအခါ ထာဝရဘုရား စီရင်တော်မူသော အမှုဖြစ်ကြောင်းကို ငါသိသောကြောင့်၊

9 အာနသုတ်မြို့၌ရှိသော ငါ့ဘထွေးသား ဟာနမေလ၏လယ်ကို ငါဝယ်၍ လယ်ဘိုးငွေ တဆယ် ခုနစ်ကျပ်ကို ချိန်ပေးလေ၏။

10 စာချုပ်ကိုလည်း စီရင်၍ တံဆိပ်ခတ်ပြီးမှ၊ သက်သေတို့ကိုခေါ်၍ ငွေကို ချိန်ခွင်နှင့်ချိန်ပေး၏။

11 ဓမ္မသတ်ထုံးစံအတိုင်း တံဆိပ်ခတ်သော စာချုပ် တစောင်နှင့် ဖွင့်ထားသောလက်ခံတစောင်ကို ယူ၍၊

12 ဘထွေးသား ဟာနမေလ အစရှိသော၊ စာချုပ်၌ အမည်ပါသော သက်သေများ၊ ထောင်ဝင်းထဲမှာ ထိုင်နေ သော ယုဒလူများအပေါင်းတို့ရှေ့တွင်၊ မာသေယသား ဖြစ်သော နေရိ၏သားဗာရုတ်၌ အပ်လျက်၊

13 ဣသရေလအမျိုး၏ ဘုရားသခင်၊ ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊

14 တံဆိပ်ခတ်သော ဤစာချုပ်တစောင်နှင့် ဖွင့်ထားသော ဤလက်ခံတစောင်ကို ယူ၍၊ ကာလ ကြာမြင့်စွာ တည်နေစေခြင်းငှါ မြေအိုး၌ထားလော့။

15 ဣသရေလအမျိုး၏ ဘုရားသခင်၊ ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူသည်ကား၊ ဤပြည်အိမ်လယ်ယာစပျစ်ဥယျာဉ်တို့ကို ပိုင်ရကြ လေဦးမည်ဟု မိန့်တော်မူကြောင်းကို ပြန်ပြောသဖြင့်၊ ထိုသူတို့ရှေ့မှာ ဗာရုတ်ကိုမှာထားလေ၏။

16 ထိုသို့နေရိသား ဗာရုတ်၌ စာချုပ်ကို အပ်ပြီးမှ၊ ထာဝရဘုရားအား ငါဆုတောင်းသော ပဌနာစကား ဟူမူကား၊

17 အိုအရှင်ထာဝရဘုရား၊ ကိုယ်တော်သည် မဟာ တန်ခိုးနှင့် လက်ရုံးတော်ကိုဆန့်၍၊ ကောင်းကင်နှင့် မြေကြီးကို ဖန်ဆင်းတော်မူပြီ။ ကိုယ်တော်မတတ်နိုင် သော အရာတစုံတစခုမျှ မရှိပါ။

18 ကိုယ်တော်သည် လူအထောင်အသောင်းတို့အား ကရုဏာကျေးဇူးပြုလျက်၊ အဘတို့၏အပြစ်ကို နောက် ဖြစ်သောသားတို့၏ ခေါင်းပေါ်သို့ သက်ရောက်စေတော် မူ၏။ အလွန်ကြီးမြတ်သောဘုရား၊ မဟာတန်ခိုးတော်နှင့် ပြည့်စုံသော ဘုရားဖြစ်၍၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားဟူသော ဘွဲ့နာမရှိတော်မူ၏။

19 ထူးဆန်းသော အကြံကိုကြံ၍၊ ထူးဆန်းသော အမှုကို စီရင်တော်မူလျက်၊ လူအသီးအသီးတို့ ကျင့်ကြံ ပြုမူသည် အတိုင်းအကျိုးအပြစ်ကို ပေးခြင်းငှါ၊ လူသား များ သွားလာသော လမ်းအလုံးစုံတို့ကို အစဉ်ကြည့်ရှု လျက်နေတော်မူ၏။

20 အဲဂုတ္တုပြည်၊ ဣသရေလပြည်အစရှိသော လူအမျိုးမျိုးတို့၌ နိမိတ်လက္ခဏာအံ့ဘွယ်သော အမှုတို့ကို ယနေ့တိုင်အောင် ပြတော်မူသဖြင့်၊ ယခုကဲ့သို့ အစဉ် ကျော်စောသော သိတင်းရှိတော်မူ၏။

21 နိမိတ်လက္ခဏာ အံ့ဘွယ်သောအမှုတို့ကို ပြလျက်၊ အားကြီးသော လက်၊ ဆန့်တော်မူသော လက်ရုံး၊ အလွန်ကြောက်မက်ဘွယ်သော အခြင်းအရာနှင့်တကွ၊ ကိုယ်တော်၏ ဣသရေလလူတို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်တော်မူ၍၊

22 ငါပေးမည်ဟု ဘိုးဘေးတို့အား ကျိန်ဆိုတော်မူ သောပြည်တည်းဟူသော၊ နို့နှင့်ပျားရည်စီးသော ဤပြည် ကို ပေးသနားတော်မူသဖြင့်၊

23 သူတို့သည် ဝင်၍သိမ်းယူကြသော်လည်း၊ အမိန့် တော်ကို နားမထောင်၊ တရားတော်လမ်းသို့မလိုက်၊ မှာထားတော်မူသော အကျင့်တစုံတခုကိုမျှ မကျင့်ဘဲ နေသောကြောင့်၊ ယခုခံရသမျှသော ဘေးဥပဒ်တို့ကို သူတို့အပေါ်သို့ ရောက်စေတော်မူပြီ။

24 ပြအိုးမြေရိုးတို့ကိုကြည့်ရှုတော်မူပါ။ မြို့တော်ကို တိုက်ယူခြင်းငှါ ရောက်ကြပါပြီ။ ထားဘေး၊ မွတ်သိပ်ခြင်း ဘေး၊ ကာလနာဘေးတို့ဖြင့် တိုက်သော ခါလဒဲလူတို့ လက်သို့ မြို့တော်ကို အပ်တော်မူပြီ။ မိန့်တော်မူသော စကားပြည့်စုံကြောင်းကိုလည်း ကိုယ်တော်တိုင် မြင်တော်မူ၏။

25 ထိုမြို့တော်သည် ခါလဒဲလူတို့လက်သို့ ရောက်သော်လည်း၊ အိုအရှင် ထာဝရဘုရား၊ ထိုလယ်ကို ငွေနှင့်ဝယ်၍၊ သက်သေတို့ကို ခေါ်ထား ရမည်အကြောင်း မိန့်တော်မူပါပြီတကားဟု လျှောက်လေ ၏။

26 ထိုအခါ ထာဝရဘုရား၏ နှုတ်ကပတ်တော် သည် ယေရမိသို့ ရောက်လာသည်ကား၊

27 ငါ ထာဝရဘုရားသည် ခပ်သိမ်းသော သတ္တဝါ တို့ကို အစိုးရသော ဘုရားသခင်ဖြစ်၏။ ငါမတတ်နိုင် သော အရာတစုံတခုရှိလိမ့်မည်လော။

28 သို့ဖြစ်၍၊ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဤမြို့ကို ခါလဒဲလူတို့ လက်သို့၎င်း၊ ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာလက်သို့၎င်း ငါအပ်၍၊ သူသည် သိမ်းယူ လိမ့်မည်။

29 မြို့ကို တိုက်သော ခါလဒဲလူတို့သည်ဝင်၍ မီးရှို့ကြလိမ့်မည် ငါ့အမျက်ကိုနှိုးဆော်ခြင်းငှါ ဗာလ ဘုရားအဘို့ အိမ်မိုးပေါ်မှာ နံ့သာပေါင်းကိုမီးရှို၍၊ အခြား တပါးသော ဘုရားတို့အဘို့ သွန်းလောင်းရာပူဇော် သက္ကာ ကိုပြုရာ အိမ်များနှင့်တကွ၊ တမြို့လုံးကို မီးလောင်စေကြ လိမ့်မည်

30 အကြောင်းမူကား၊ ဣသရေလအမျိုးသားတို့နှင့် ယုဒအမျိုးသားတို့သည်၊ ငယ်သော အရွယ်မှစ၍ ငါ့ရှေ့ မှာ ဒုစရိုက်ကိုသာ ပြုကြပြီ။ မိမိတို့ ပြုလေရာရာ၌ ငါ့အမျက်ကို နှိုးဆော်ခြင်းငှါသာ ပြုကြပြီ။

31 ဣသရေလအမျိုးနှင့် ယုဒအမျိုး၏

32 ရှင်ဘုရင်၊ မှူးမတ်၊ ယဇ်ပုရောဟိတ်၊ ပရောဖက်၊ ယုဒပြည်သူ ယေရုရှလင်မြို့သားတို့သည် ငါ့အမျက်ကို နှိုးဆော်ခြင်းငှါ ပြုလေသမျှသော ဒုစရိုက်ကြောင့်၊ ဤမြို့ ကို ငါ့ထံမှ ငါပယ်ရှားမည်အကြောင်း၊ မြို့တည်သော နေ့မှစ၍ ယနေ့တိုင်အောင်၊ ငါ့အမျက်ထွက်၍၊ အမျက် အရှိန်အားကြီးစေသော မြို့ဖြစ်၏။

33 သူတို့သည် ငါ့ကိုမျက်နှာမပြုဘဲ ကျောခိုင်းကြပြီ။ ငါသည် စောစော၍ အပ်ပ်ဆုံးမ သွန်သင်သော် လည်း၊ ငါ၏ဩဝါဒကို ခံလိုသောငှါ နားမထောင်ကြ။

34 ငါ၏နာမဖြင့် သမုတ်သော ဗိမာန်ကို ညစ်ညှုး စေခြင်းငှါ၊ စက်ဆုပ်ရွံရှာဘွယ်သော အရာတို့ကို သွင်း ထားကြပြီတကား၊

35 သူတို့သားသမီးတို့ကို မောလုပ်ဘုရားအား ပူဇော်ခြင်းငှါ၊ ဟိန္နုံ သား၏ချိုင့်၌ရှိသော ဗာလဘုရားကုန်းတို့ကို တည်လုပ်ကြပြီ။ ယုဒအမျိုးအပေါ်သို့ အပြစ် ရောက်စေခြင်းငှါ၊ ထိုမျှလောက် စက်ဆုပ်ရွံရှာဘွယ် သောအမှုကို ငါမမှာထား၊ ငါအလျှင်အလိုမရှိဘဲ ပြုကြပြီ ဟု ထာဝရဘုရား မိန့်တော်မူ၏။

36 သို့ရာတွင်၊ ထားဘေး၊ မွတ်သိပ်ခြင်းဘေး၊ ကာလနာဘေးအားဖြင့် ဗာဗုလုန်ရှင်ဘုရင် လက်သို့ ရောက်မည်ဟု သင်တို့ဆိုတတ်သော ဤမြို့ကို ရည်မှတ် ၍၊ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသည်ကား၊

37 ငါသည် အမျက်ဟုန်းဟုန်းထွက်၍၊ အမျက် အရှိန်အားကြီးသည်နှင့်၊ သူတို့ကိုနှင်ထုတ်ရာ တိုင်းပြည် ရှိသမျှတို့မှ၊ တဖန်စုသိမ်း၍ ဤအရပ်သို့ဆောင်ခဲ့ပြီး လျှင်၊ ငြိမ်ဝပ်စွာနေစေမည်။

38 သူတို့သည် ငါ၏လူဖြစ်ကြလိမ့်မည်။ ငါသည် လည်း သူတို့၏ ဘုရားသခင်ဖြစ်မည်။

39 ကိုယ်အကျိုးအလိုငှါ၎င်း၊ နောက်ဖြစ်လတံ့သော သားသမီးတို့၏ အကျိုးအလိုငှါ၎င်း၊ ငါ့ကိုအစဉ် ကြောက်ရွံ့ စေခြင်းငှါ တညီတညွတ်တည်း ကျင့်ကြံနိုင်သော သဘော ကို ငါပေးမည်။

40 သူတို့ကို မစွန့်ပစ်ဘဲ အစဉ်ကျေးဇူးပြုခြင်းငှါ၊ သူတို့၌ ထာဝရပဋိညာဉ်ကို ငါထားမည်။ သူတို့သည်လည် ငါ့ထံမှ မထွက်မသွားမည်အကြောင်း၊ ငါ့ကိုကြောက်ရွံ့ သော သဘောနှင့် ပြည့်စုံစေမည်။

41 သူတို့အား ကျေးဇူးပြုခြင်း အမှု၌ငါသည် အားရ ဝမ်းမြောက်၍၊ ငါ့စိတ်နှလုံးနှင့် နံဝိညာဉ်အကြွင်းမဲ့ ပါလျက်၊ သူတို့ကို ဤပြည်၌ ဆက်ဆက်နေရာချမည်။

42 ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဤလူမျိုး အပေါ်မှာ ကြီးစွာသော ဤဘေးဥပဒ်အပေါင်းကို ရောက်စေသည် နည်းတူ၊ ငါဂတိထားသော ကောင်းကျိုး အပေါင်းကိုလည်း ငါရောက်စေမည်။

43 လူမရှိ၊ တိရစ္ဆာန်မရှိ ဆိတ်ညံပြီ၊ ခါလဒဲ လူတို့ လက်သို့ ရောက်လေပြီဟု သင်တို့ဆိုတတ်သော ဤပြည်၌၊ နောက်တဖန် လယ်ယာတို့ကို ရောင်းဝယ်ကြလိမ့်မည်။

44 ဗင်္ယာမိန်ပြည်၌၎င်း၊ ယေရုရှလင်မြို့ ပတ်ဝန်း ကျင်အရပ်တို့၌၎င်း၊ ယုဒပြည်တွင်ရှိသော မြို့တို့၌၎င်း၊ တောင်ပေါ်မြို့၊ ချိုင့်ထဲမြို့တောင်ဘက်မြို့တို့၌၎င်း၊ လူတို့သည် လယ်ယာတို့ကို ငွေနှင့်ဝယ်ခြင်း၊ စာချုပ်ကို စီရင်ခြင်း၊ တံဆိပ်ခတ်ခြင်း၊ သက်သေတို့ကိုခေါ်ထားခြင်း အမှုများကို ပြုမြဲပြုကြလိမ့်မည်။ အကြောင်းမူကား၊ သိမ်း သွားခြင်းကို ခံရသောသူတို့ကို တဖန် ငါဆောင်ခဲ့ဦး မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။