Библија

 

တရားသူကြီးမှတ်စာ 14

Студија

   

1 တရံရောအခါ၊ ရှံဆုန်သည် တိမနတ်မြို့သို့ သွား၍၊ ထိုမြို့၌ ဖိလိတ္တိအမျိုးဖြစ်သော မိန်းမတယောက်ကို မြင်လျှင်၊

2 မိဘထံသို့ ပြန်လာ၍၊ တိမနတ်မြို့၌ ဖိလိတ္တိအမျိုးဖြစ်သော မိန်းမတယောက်ကို မြင်ခဲ့ပြီ။ ကျွန်ုပ် ကြင်ဘက်ဖြစ်ဘို့ရာ တောင်း၍ ပေးပါဟုဆိုသော်၊

3 မိဘတို့က၊ သင်သည် အရေဖျားလှီးခြင်းကို မခံသော ဖိလိတ္တိလူတို့တွင် မယားကို သွား၍ ယူရမည် အကြောင်း၊ သင်၏ညီအစ်ကိုသမီး ငါတို့အမျိုးသားချင်းသမီးတို့တွင် မိန်းမတယောက်မျှ မရှိလောဟု ဆိုသော်လည်း၊ ရှံဆုန်က၊ ထိုမိန်းမကို တောင်း၍ ပေးပါ။ အလွန်နှစ်သိမ့်ပါသည်ဟု အဘအား ပြောဆို၏။

4 ထာဝရဘုရားစီရင်တော်မူသောအားဖြင့်၊ ရှံဆုန်သည် ဖိလိတ္တိလူတို့၌ အမှုရှာကြောင်းကို မိဘတို့သည် မရိပ်မိကြ။ ထိုကာလ၌ ဖိလိတ္တိလူတို့သည် ဣသရေလအမျိုးကို အုပ်စိုးသတည်း။

5 ထိုအခါ ရှံဆုန်သည် မိဘနှင့်တကွ တိမနတ်မြို့သို့ သွား၍၊ တိမနတ်စပျစ်ဥယျာဉ်များသို့ ရောက်လျှင်၊ ခြင်္သေ့ပျိုတကောင်သည် သူ့ကိုတွေ့၍ ဟောက်လေ၏။

6 ထိုအခါ ရှံဆုန်လက်၌ တစုံတခုမျှ မပါသော်လည်း၊ ထာဝရဘုရား၏ ဝိညာဉ်တော်သည် သူ့အပေါ်မှာ သက်ရောက်သဖြင့်၊ သူသည် ဆိတ်သငယ်ကို ဆွဲဖြတ်သကဲ့သို့ ထိုခြင်္သေ့ကို ဆွဲဖြတ်၏။ သို့ရာတွင် မိမိပြုသော အမှုကို မိဘတို့အား မကြားမပြောဘဲ နေ၏။

7 မြို့သို့ ရောက်၍ မိန်းမနှင့် နှုတ်ဆက်သဖြင့် ရှံဆုန်သည် နှစ်သိမ့်၏။

8 အချိန်စေ့၍ ထိုမိန်းမကို သိမ်းယူခြင်းငှါ သွားစဉ်အခါ၊ ခြင်္သေ့အကောင်ကို ကြည့်ရှုအံ့သောငှါ၊ လမ်းမှ လွှဲသွား၍ ခြင်္သေ့အကောင်ထဲမှာ ပျားအုံနှင့် ပျားရည်ရှိသည်ကို တွေ့မြင်လျှင်၊

9 နှိုက်ယူ၍စားလျက် ခရီးသွားလေ၏။ မိဘထံသို့ ရောက်သော် ပေး၍ သူတို့သည်လည်း စားကြ၏။ သို့ရာတွင် ထိုပျားရည်ကို ခြင်္သေ့အကောင်ထဲက နှိုက်ယူကြောင်းကို မကြားမပြောဘဲ နေ၏။

10 အဘသည်လည်း၊ မိန်းမနေရာအရပ်သို့ သွားပြန်၍ ရှံဆုန်သည် လူပျိုထုံးစံအတိုင်း ပွဲလုပ်လေ၏။

11 ထိုအရပ်သားတို့သည် ရှံဆုန်ကို မြင်သောအခါ၊ သူနှင့်အတူ ပွဲခံခြင်းငှါ အပေါင်းအဘော်သုံးဆယ်တို့ကို ခေါ်ခဲ့ကြ၏။

12 ရှံဆုန်ကလည်း၊ သင်တို့အား စကားဝှက်ကို ငါပြောမည်။ ပွဲခံရာခုနစ်ရက်တွင် ဘော်ပြနိုင်လျှင် ခြုံထည် သုံးဆယ်၊ အင်္ကျီသုံးဆယ်ကို ငါပေးမည်။

13 မဘော်မပြနိုင်လျှင် သင်တို့သည် ခြုံထည်သုံးဆယ်၊ အင်္ကျီသုံးဆယ်ကို ငါ့အား ပေးရမည်ဟုဆိုသော် သူတို့က၊ သင့်စကားဝှက်ကို ငါတို့အား ကြားပြောပါဟု ဝန်ခံကြ၏။

14 ရှံဆုန်ကလည်း၊ စားတတ်သောသူ၏အထဲက အစာ၊ သန်စွမ်းသော သူ၏အထဲက အချိုထွက်လေစွဟု ဆို၏။ ထိုစကားဝှက်အနက်ကို သူတို့သည် သုံးရက်ပတ်လုံးရှာ၍ မတွေ့နိုင်ကြ။

15 စတုတ္ထနေ့ရောက်မှ၊ သူတို့က၊ သင်၏လင်သည် စကားဝှက်အနက်ကို ဘော်ပြစေခြင်းငှါ သူ့ကို ချော့မော့ ရမည် သို့မဟုတ် သင်နှင့်တကွ သင့်အဆွေအမျိုးကို မီးရှို့မည် ငါတို့ဥစ္စာကို လုယူခြင်းငှါ ငါတို့ကို ခေါ်ဘိတ်သလောဟု ရှံဆုန်မယားကို ဆိုသောကြောင့်၊

16 သူသည် လင်ရှေ့မှာ ငိုကြွေး၍ သင်သည် ငါ့ကို မချစ် မုန်းပါ၏။ ငါ့အမျိုးသားချင်းတို့အား စကားဝှက်ကို ပြောသော်လည်း၊ အနက်ကို ငါ့အား မပြပါတကားဟု ဆို၏။ ရှံဆုန်ကလည်း၊ ငါသည် ကိုယ်မိဘကိုမျှ မပြဘဲ သင့်အား ပြရမည်လောဟုဆိုသော်လည်း၊

17 ပွဲခံရာခုနစ်ရက်စေ့အောင် လင်ရှေ့မှာ ငိုကြွေး၍ ခုနစ်ရက်မြောက်သော နေ့၌ အလွန်ပူဆာသော ကြောင့် အနက်ကို ဘော်ပြ၏။ မိန်းမသည်လည်း အမျိုးသားချင်းတို့အား ပြန်ပြောလေ၏။

18 မြို့သားတို့သည် ခုနစ်ရက်မြောက်သောနေ့ နေမဝင်မှီလာ၍ ပျားရည်ထက် အဘယ်အရာ ချိုသနည်း။ ခြင်္သေ့ထက် အဘယ်အရာ သန်စွမ်းသနည်းဟု ဘော်ပြကြ၏။ ရှံဆုန်ကလည်း၊ သင်တို့သည် ငါ့နွားမပျို နှင့် မထွန်လျှင် ငါ့စကားဝှက်အနက်ကို ရှာ၍ မတွေ့ဟုဆို၏။

19 ထာဝရဘုရား၏ဝိညာဉ်တော်သည် ရှံဆုန်အပေါ်မှာ သက်ရောက်သဖြင့်၊ သူသည် အာရှကေလုန်မြို့ သို့ သွား၍ မြို့သားသုံးဆယ်ကို သတ်ပြီးမှ သူတို့ဥစ္စာကို လုယူ၍ စကားဝှက်အနက်ကို ဘော်ပြသော သူတို့အား အဝတ်စုံတို့ကို ပေးပြီးမှ၊ အမျက်ထွက်၍ မိမိအဘအိမ်သို့ ပြန်သွားလေ၏။

20 မယားကို ကားရှံဆုန်ပေါင်းဘော်သော အဆွေခင်ပွန်းအား ပေးစားသတည်း။

   

Библија

 

တရားသူကြီးမှတ်စာ 16

Студија

   

1 နောက်တဖန် ရှံဆုန်သည် ဂါဇမြို့သို့ သွား၍ ပြည်တန်ဆာမိန်းမကို တွေ့ပြီးလျှင် သူ့ဆီသို့ ဝင်၍ နေ၏။

2 ရှံဆုန်ရောက်ကြောင်းကို ဂါဇမြို့သားတို့သ် ကြားလျှင် ဝိုင်းထားလျက်၊ မြို့တံခါးဝ၌ တဉ့်လုံး ချောင်းမြောင်းလျက်၊ နံနက်မိုဃ်းလင်းသောအခါ သူ့ကို သတ်မ်ဟု ဆို၍ တဉ့်လုံး ငြိမ်သက်စွာ နေကြ၏။

3 ရှံဆုန်် သန်းခေါင်တိုင်အောင် အိပ်ပြီးမှ၊ သန်းခေါင်အချိန်၌ မြို့တံခါးရွက်တို့ကို၊ တံခါးတိုင် ကန့်လန့်ကျင်နှင့်တကွ ယူ၍ ပခုံးပေါ်မှာ တင်လျက် မ်းသွား၍၊ ဟေဗြုန်မြို့ရှေ့၊ တောင်ပေါ်၌ ပစ်ားလေ၏။

4 နောက်တဖန် စောရက်ချိုင့်၌နေသော ဒေလိလအမည်ရှိသော မိန်းမတယောက်ကို ချစ်ပြန်၏။

5 ဖိလိတ္တိမင်းတို့သည် ထိုမိန်းမဆီသို့ လာ၍၊ ရှံဆုန်၌ ကြီးသော ခွန်အားသည် အဘယ်အရာအားဖြင့် တည်သနည်း၊ သူ့ကို ချည်နှောင်၍ နှိပ်စက်ခြင်းငှါ အဘယ်သို့ တတ်နိုင်မည်နည်းဟု သူ့ကို ချော့မော့၍ စူးစမ်းပါ။ ငါတို့သည် ဝိုင်း၍ ငွေဆယ်တပိဿာကို ပေးမည်ဟု ဆိုကြ၏။

6 ဒေလိလကလည်း၊ သင်၌ကြီးသော ခွန်အားသည် အဘယ်အရာအားဖြင့် တည်သည်ကို၎င်း၊ သင့်ကို နှိပ်စက်ခြင်းငှါ အဘယ်သို့ ချည်နှောင်ရမည်ကို၎င်း ပြောပါဟု ရှံဆုန်အား တောင်းပန်သော်၊

7 ရှံဆုန်က၊ တခါမျှ မသွေ့ခြောက်သော လျှော်ကြိုးစိမ်းခုနစ်စင်းနှင့် ငါ့ကို ချည်နှောင်လျှင် ငါ၌ ခွန်အားလျော့၍ အခြားသောသူကဲ့သို့ ငါဖြစ်လိမ့်မည်ဟု ပြောဆို၏။

8 ထိုအခါ ဖိလိတ္တိမင်းတို့သည် တခါမျှ မသွေ့ခြောက်သော လျှော်ကြိုးစိမ်းခုနစ်စင်းတို့ကို ယူခဲ့၍၊ ထိုမိန်းမသည် ရှံဆုန်ကို ချည်နှောင်လေ၏။

9 ယောက်ျားအချို့တို့သည် ထိုမိန်းမ၏ အိပ်ခန်းထဲမှ ချောင်းမြောင်းလျက် နေသည်ဖြစ်၍ မိန်းမက၊ ရှံဆုန်ဖိလိတ္တိလူတို့သည် သင့်ကို တိုက်လာကြသည်ဟုဆိုသော်၊ သူသည် မီးထိသော ပိုက်ဆန်ချည်ကဲ့သို့ ထိုကြိုးတို့ကို ဖြတ်လေ၏ သို့ဖြစ်၍ သူ၏ခွန်အားကို မသိရကြ

10 ဒေလိလကလည်း၊ သင်သည် ငါ့ကို ကျီစား၍ မုသာကိုသာ ပြောပြီ။ သင့်ကို အဘယ်သို့ ချည်နှောင် ရမည်ကို ယခုပြောပါဟု ရှံဆုန်အား တောင်းပန်သော်၊

11 သူက၊ မသုံးဘူးသော ကြိုးသစ်နှင့် ကျပ်ကျပ်ချည်နှောင်လျှင် ငါ၌ ခွန်အားလျော့၍ အခြားသော သူကဲ့သို့ ငါဖြစ်လိမ့်မည်ဟု ပြောဆိုသည်အတိုင်း၊

12 ဒေလိလသည် ကြိုးသစ်တို့ကို ယူ၍ ချည်နှောင်ပြီးမှ၊ ထိုအခန်း၌ ချောင်းမြောင်းသော သူအချို့ ရှိနေလျက်၊ ရှံဆုန်ဖိလိတ္တိလူတို့သည် သင့်ကို တိုက်လာကြသည်ဟုဆိုသော်၊ ရှံဆုန်သည် လက်ရုံး၌ ချည်သော ကြိုးတို့ကို အပ်ချည်ကဲ့သို့ ဖြတ်လေ၏။

13 ဒေလိလကလည်း၊ ယခုတိုင်အောင် သင်သည် ငါ့ကို ကျီစား၍ မုသာကိုသာ ပြောပြီ။ အဘယ်သို့ ချည်နှောင်ရမည်ကို ပြောပါဟု ရှံဆုန်အား တောင်းပန်သော်၊ သူက၊ ငါ့ဆံပင် ခုနစ်စုတို့ကို ရက်ကန်းသား၌ ရက်သွင်း၍ ထရံတွင်စို့နှင့် ရိုက်ထားလျှင် ငါ၌ ခွန်အားလျော့၍ အခြားသော သူကဲ့သို့ ငါဖြစ်လိမ့်မည်ဟု ပြောဆိုသည်အတိုင်း၊

14 ဒေလိလသည် သူ၏ဆံပင်ခုနစ်စုတို့ကို ရက်ကန်းသား၌ ရက်သွင်း၍ ထရံတွင်စို့နှင့် ရိုက်ထားပြီးမှ၊ ရှံဆုန်ဖိလိတ္တိလူတို့သည် သင့်ကို တိုက်လာကြသည်ဟုဆိုသော်၊ ရှံဆုန်နိုး၍ ရက်ကန်းလက်လိပ်၊ စို့၊ ရက်ကန်းသားပါလျက် သွား၏။

15 ဒေလိလကလည်း၊ သင်သည် ငါ့ကို ချစ်သည်ဟု စိတ်နှလုံးမပါဘဲလျက် အဘယ်သို့ ပြောနိုင်သနည်း။ သင့်၌ ကြီးသော ခွန်အားသည် အဘယ်အရာအားဖြင့် တည်သည်ကို မပြော။ သုံးကြိမ်တိုင်အောင် ငါ့ကို ကျီစားပြီဟု ဆို၏။

16 ထိုသို့ ဒေလိလသည် နေ့တိုင်း ပူဆာ၍ သူအသက် သေလုအောင် နှောင့်ရှက်သောကြောင့်၊-

17 ရှံဆုန်သည် မိမိစိတ်နှလုံး၌ ရှိသမျှအတိုင်းပြော၍၊ ငါ့ဆံပင်ကို တခါမျှ မရိတ်သေး။ အမိဝမ်းထဲမှစ ၍ ဘုရားသခင်၏ နာဇရိလူဖြစ်၏။ ငါ့ဆံပင်ကို ရိတ်လျှင် ငါ၌ ခွန်အားလျော့၍ အခြားသောသူ ကဲ့သို့ ငါဖြစ်လိမ့်မည်ဟု ပြောဆို၏။

18 ထိုသို့ မိမိစိတ်နှလုံးထဲမှာ ရှိသမျှအတိုင်း ပြောကြောင်းကို ဒေလိလ သိလျှင်၊ ဖိလိတ္တိမင်းတို့ကို တဖန်ခေါ်၍၊ ယခုတခါ လာကြပါဦး။ သူသည် မိမိစိတ်နှလုံးရှိသမျှအတိုင်း ပြောပြီဟု မှာလိုက်သဖြင့်၊ သူတို့သည် ငွေကို ဆောင်ယူခဲ့လျက် လာကြ၏။

19 ဒေလိလသည် ရှံဆုန်ခေါင်းကို မိမိဒူးပေါ်မှာ တင်လျက် သူကို အိပ်စေသဖြင့်၊ လူတယောက်ကို ခေါ်၍ သူ၏ ဆံပင်ခုနစ်စုတို့ကို ရိတ်စေပြီးမှ၊ သူကို နှောင့်ရှက်စပြု၍ သူ၏ ခွန်အားသည် လျော့ ပျောက်၏။

20 မိန်းမကလည်း၊ ရှံဆုန်ဖိလိတ္တိလူတို့သည် သင့်ကို တိုက်လာကြသည်ဟု ဆိုသော်၊ ရှံဆုန်နိုး၍ ထာဝရ ဘုရား စွန့်တော်မူကြောင်းကို မရိပ်မိသောကြောင့်၊ အရင်ကဲ့သို့ ငါထွက်၍ အားထုတ်မည်ဟု အကြံ ရှိသော်လည်း၊-

21 ဖိလိတ္တိလူတို့သည် ဘမ်းဆီး၍ သူ့မျက်စိကို ဖောက်ပြီးမှ ဂါဇမြို့သို့ ယူသွားပြီးလျှင် ကြေးဝါကြိုးနှင့် ချည်နှောင်၍ ထောင်အိမ်ကြိတ်ဆုံနှင့် ကြိတ်စေကြ၏။

22 ရှံဆုန် ဆံပင်ရိတ်သောနောက်၊ တဖန် ပေါက်ပြန်သောအခါ၊-

23 ဖိလိတ္တိမင်းတို့ကို၊ ငါတို့ဘုရားသည် ငါတို့ ရန်သူကို ငါတို့လက်သို့ အပ်တော်မူပြီဟု ဆိုလျက်၊ သူတို့ ဘုရား ဒါဂုန်အားယဇ်ကြီးကို ပူဇော်၍ ပျော်မွေ့ခြင်းကို ပြုအံ့သောငှါ စည်းဝေးကြ၏။

24 လူများတို့သည် ရှံဆုန်ကို မြင်သောအခါ၊ ငါတို့ဘုရားသည် ငါတို့ပြည်ကို ဖျက်ဆီး၍၊ ပြည်သားအများ တို့ကို သတ်သော ငါတို့၏ ရန်သူကို၊ ငါတို့လက်သို့ အပ်တော်မူပြီဟု မိမိတို့ဘုရားကို ချီးမွမ်းကြ၏။

25 စိတ်နှလုံးရွှင်လန်းသောအခါ၊ ရှံဆုန်ကို ခေါ်ခဲ့။ ငါတို့အဘို့ ကစားပါလေစေဟု ဆိုသဖြင့်၊ ရှံဆုန်ကို ထောင်အိမ်မှ ခေါ်ခဲ့၍ သူသည် ကစားရ၏။ သူကိုလည်း စရပ်တိုင်ကြားမှာ ထားကြ၏။

26 ရှံဆုန်ကလည်း၊ စရပ်တိုင်တို့ကို ငါမှီ၍ နေရအောင် လက်နှင့်တွေ့ပါရစေဟု လက်ဆွဲသော လူကလေး ကို အခွင့်တောင်း၏။-

27 ထိုစရပ်၌ ယောက်ျားမိန်းမတို့သည် အပြည့်ရှိကြ၏။ ဖိလိတ္တိမင်းအပေါင်းတို့လည်း ပါကြ၏။ စရပ်မိုး ပေါ်မှာလည်း သုံးထောင်မျှလောက်သော ယောက်ျားမိန်းမတို့သည် ရှံဆုန်ကစားသည်ကို ကြည့်ရှု လျက်ရှိကြ၏။-

28 ရှံဆုန်ကလည်း၊ အို အရှင်ထာဝရဘုရား၊ အကျွန်ုပ်ကို အောက်မေ့တော်မူပါ။ အကျွန်ုပ်မျက်စိနှစ် ဘက်ကို ဖောက်သော ဖိလိတ္တိလူတို့၌ တပြိုင်နက်အပြစ်ဒဏ် ပေးနိုင်မည်အကြောင်း၊ ယခုတကြိမ်မျှ သာ ခွန်အားကို ပြန်ပေးတော်မူပါဘုရားဟု ထာဝရဘုရားအား ဆုတောင်းပြီးမှ၊-

29 စရပ်ခေါင်တိုင်နှစ်တိုင်တို့ကို လက်ျာလက်၊ လက်ဝဲလက်နှစ်ဘက်နှင့်ကိုင်၍ မှီနေလျက်၊-

30 ကျွန်ုပ်သည် ဖိလိတ္တိလူတို့နှင့် အတူသေပါရစေဟု ဆိုလျက်၊ အားထုတ်၍ ကိုယ်ကိုညွှတ်ချသဖြင့်၊ စရပ်သည် မင်းများ၊ လူများအပေါင်းတို့အပေါ်မှာ လဲ၍ ဖိလေ၏။ ထိုသို့ အသက်ရှင်စဉ်အခါ သတ်ခဲ့သည်ထက် သေစဉ်အခါ သာ၍များသော သူတို့ကို သတ်လေ၏။

31 သူ့ညီများ၊ အဆွေအမျိုးများ အပေါင်းတို့သည် လာ၍ အလောင်းကောင်ကို ထမ်းသွားပြီးလျှင်၊ ဇောရာမြို့နှင့် ဧရှတောလမြို့စပ်ကြားတွင် အဘမာနော်၏ သင်္ချိုင်း၌ သင်္ဂြိုလ်ကြ၏။ သူသည် ဣသရေလအမျိုးကို အနှစ်နှစ်ဆယ် အုပ်စိုးသတည်း။