Библия

 

ကမ္ဘာ ဦး 29

Учиться

   

1 တဖန်ယာကုပ်သည် ခရီးသွား၍၊ အရှေ့ ပြည်သားတို့နေရာအရပ်သို့ ရောက်ပြီးျှင်၊

2 မြော်ကြည့်၍ တောစ၌ ရေတွင်းတခုကို မြင်၏။ ထိုတွင်းရေဖြင့် သိုးစုများကို တိုက်တတ်သည်ဖြစ်၍၊ တွင်းနားမှာ သိုးစုသုံးစု အိပ်လျက်ရှိ၏။ ရေတွင်းဝပေါ် မှာ ကြီးစွာသော ကျောက်ရှိ၏။

3 သိုးထိန်းအပေါင်းတို့သည် ထိုအရပ်၌ စုဝေး သောအခါ၊ ရေတွင်းဝ၌ ဖုံးအုပ်သော ကျောက်ကို လှိမ့်လှန်၍၊ သိုးများကို ရေတိုက်ပြီးလျှင်၊ ထိုကျောက်ကို မိမိနေရာရေတွင်းဝပေါ်မှာ တဖန်တင်ထားလေ့ရှိ၏။

4 ယာကုပ်ကလည်း၊ ငါ့ညီအစ်ကိုတို့၊ သင်တို့သည် အဘယ်အရပ်က လာကြသနည်းဟု မေးလျှင်၊ငါတို့သည် ခါရန်မြို့က လာကြသည်ဟုပြောဆိုလေ၏။

5 တဖန်ယာကုပ်က၊ နာခေါ်သားလာဗန်ကို သိသလောဟု မေးလျှင်၊ သိ၏ဟု ပြန်ဆိုသော်၊

6 သူသည်မာပါ၏လောဟု တဖန်မေးပြန်လျှင်၊ မာပါ၏။ သူ၏သမီးရာခေလသည် သိုးများနှင့်တကွ လာလိမ့်မည်ဟု ဆိုကြလေ၏။

7 ယာကုပ်ကလည်း၊ နေ့အချိန် အလွန်များစွာ ရှိသေး၏။ သိုးတို့ကို စုဝေးရာအချိန်မဟုတ်သေး။ ရေတိုက်ပြီးလျှင်၊ သွား၍ထိန်းကြဦးလော့ဟု ဆိုလေ၏။

8 သူတို့ကလည်း၊ သိုးထိန်းအပေါင်းစုဝေး၍၊ ရေတွင်းဝ၌ ဖုံးအုပ် သော ကျောက်ကို လှိမ့်လှန်ပြီးမှသာ၊ သိုးတို့ကို ရေတိုက်ရ၏။ သို့မဟုတ်၊ မတိုက်ရဟု ပြန်ဆို ကြ၏။

9 ထိုသို့တဦးနှင့်တဦး နှုတ်ဆက်ကြစဉ်တွင်၊ ရာခေလသည်၊ မိမိအဘ၏သိုးတို့ကို ထိန်းရသည် ဖြစ်၍၊ သိုးတို့ကို ဆောင်လျက်လာ၏

10 ယာကုပ်သည်၊ မိမိဦးရီးလာဗန်၏သမီး ရာခေလနှင့် ဦးရီးလာဗန်၏သိုးတို့ကို မြင်သောအခါ၊ အနီးသို့ချဉ်း၍၊ ရေတွင်း၌ဖုံးအုပ်သော ကျောက်ကို လှိမ့်လှန်ပြီးလျှင်၊ ဦးရီးလာဗန်၏ သိုးတို့ကို ရေတိုက် လေ၏။

11 ထိုနောက်၊ ယာကုပ်သည် ရာခေလကို နမ်း၍၊ ကျယ်သော အသံနှင့်ငိုလေ၏။

12 မိမိသည် ရာခေလအဘ၏တူ၊ ရေဗက္ကသား ဖြစ်ကြောင်းကို ကြားပြောလျှင်၊ ရာခေလသည်ပြေး၍ မိမိအဘအား ပြန်ကြားလေ၏။

13 လာဗန်သည် မိမိတူယာကုပ်၏ သိတင်းစကား ကို ကြားသောအခါ၊ ကြိုဆိုခြင်းငှါ အလျင်အမြန်သွား၍၊ ပိုက်ဘက်နမ်းရှုတ်လျက်၊ မိမိအိမ်သို့ ဆောင်သွားလေ၏။ ယာကုပ်သည်လည်း မိမိအမှုအရာရှိသမျှကို ကြားပြော လျှင်၊

14 လာဗန်က၊ အကယ်စင်စစ် သင်သည် ငါ့အရိုး အသားပင်ဖြစ်၏ဟု ဆိုေ၏။

15 ယာကုပ်သည် တလခန့်မျှ နေပြီးမှ၊ လာဗန်က၊ သင်သည် ငါ့တူဖြစ်သောကြောင့်၊ အကျိုးမဲ့ ကျွန်ခံရပါ မည်လော။ ခံလိုသောအခကို ငါ့အား ပြောလော့ဟု ဆိုလေ၏။

16 ထိုအခါ လာဗန်သမီးနှစ်ယောက်ရှိ၏။ အကြီး ကား၊ လေအာအမည်ရှိ၏။ အငယ်ကား၊ ရာခေလအမည် ရှိ၏။

17 လေအာကား၊ မျက်စိနုညံ့၏။ ရာခေလကား၊ ပုံပြင်ယဉ်ကျေး၍ အသွေးအဆင်းလည်းလှ၏။

18 ယာကုပ်သည် ရာခေလကို ချစ်သောကြောင့်၊ လာဗန်အား၊ ဦးမင်းသမီးအငယ်ရာခေလကိုရခြင်းငှါ၊ ခုနစ်နှစ်အစေခံပါမည်ဟု ဆိုလျှင်၊

19 လာဗန်က၊ အခြားသောသူအား ပေးစားသည် ထက်၊ သင့်အား ပေးစားသော် သာ၍ကောင်း၏။ ငါနှင့် အတူနေလော့ဟုဆို၏။

20 ယာကုပ်သည်လည်း၊ ရာခေလကို ရခြင်းငှါ ခုနစ်နှစ် အစေခံလေ၏။ ရာခေလကိုချစ်သောကြောင့်၊ ခုနစ်နှစ်ကို နည်းသောနေ့ရက်ကဲ့သို့ ထင်မှတ်သတည်း။

21 ယာကုပ်ကလည်း၊ ချိန်းချက်သော အချိန်စေ့ ပါပြီ။ ကျွန်ုပ်သည် မယားနှင့် ဆက်ဆံဘို့ရာ ပေးစားပါဟု လာဗန်အားဆိုလျှင်၊

22 လာဗန်သည် ထိုအရပ်၌နေသော သူအပေါင်း တို့ကို စည်းဝေးစေ၍ ပွဲလုပ်လေ၏။

23-24 ညဦးအချိန်ရောက်မှ၊ ဇိလပအမည်ရှိသော ကျွန်မကို သမီးလေအာ၌ လက်ဖွဲ့လျက်၊ ထိုသမီးကို ဆောင်သွင်း၍၊ ယာကုပ်သည် သူနှင့်ဆက်ဆံလေ၏။

25 နံနက်အချိန်ရောက်မှ ယာကုပ်သည် ကြည့်ရှုသောအခါ၊ လေအာဖြစ်ကြောင်းကို သိမြင်လျှင်၊ လာဗန် ထံသို့သွား၍ ကျွန်ုပ်၌ပြုသောအမှုကား၊ အဘယ်သို့နည်း။ ကျွန်ုပ်သည် ရာခေလကိုရခြင်းငှါ အစေခံရပြီ မဟုတ်လော။ ကျွန်ုပ်ကို အဘယ်ကြောင့် လှည့်စားရသနည်းဟု ဆိုသော်၊

26 လာဗန်က၊ ငါတို့ပြည်၌ သမီးအကြီးကို မပေးစားမှီ၊ အငယ်ကို မပေးစားရ။

27 ခုနစ်ရက်စေ့အောင် ငံ့ဦးလော့။ နောက်တဖန် ခုနစ်နှစ် အစေခံရသည်အတွက်၊ ရာခေလကိုလည်း သင့်အား ပေးစားဦးမည်ဟု ဆိုသည်အတိုင်း၊

28-29 ယာကုပ်ဝန်ခံ၍ ခုနစ်ရက်စေ့ပြီးမှ၊ လာဗန်သည် ဗိလဟာအမည်ရှိသော ကျွန်မကို လက်ဖွဲ့လျက်၊ သမီးရာခေလကို ပေးစားလေ၏။

30 ယာကုပ်သည် ရာခေလနှင့် ဆက်ဆံ၍၊ လေအာကို ချစ်သည်ထက်သာ၍ ချစ်၏။ လာဗန်ထံမှာ တဖန် ခုနစ်နှစ်အစေခံလေ၏။

31 လေအာသည် အမုန်းခံရသည်ကို ထာဝရဘုရားသိမြင်၍၊ သားဘွားရသောအခွင့်ကို ပေးတော်မူ ၏။ ရာခေလမူကား မြုံ၏။

32 လေအာသည် ပဋိသန္ဓေယူသဖြင့်၊ သားကို ဘွားမြင်၍ ရုဗင်အမည်ဖြင့် မှည့်လေ၏။ အကြောင်း မူကား၊ ထာဝရဘုရားသည် ငါ၏ဆင်းရဲခံခြင်းကို အမှန် ကြည့်မြင်တော်မူပြီ။ သို့ဖြ်၍ ယခုငါ့လင်သည် ငါ့ကိုချ် လိမ့်မည်ဟု ဆိုသတည်း။

33 တဖန် ပဋိသန္ဓေယူပြန်၍ သားကိုဘွားမြင်သော်၊ ငါသည် အမုန်းခံရကြောင်းကို ထာဝရဘုရား ကြားသော ကြောင့်၊ ဤသားကိုလည်း ပေးသနားတော်မူပြီဟု ဆိုပြီး လျှင်၊ ထိုသားကို ရှိမောင်အမည်ဖြင့် မှည့်လေ၏။

34 တဖန် ပဋိသန္ဓေယူပြန်၍ သားကိုဘွားမြင်သော်၊ ငါ့လင်အား သားသုံးယောက်ကို ငါဘွားမြင်သောကြောင့်၊ ယခုတခါသူသည် ငါနှင့်ပေါင်းဘော်လိမ့်မည်ဟု ဆို၍၊ ထိုသားကို လေဝိအမည်ဖြင့် မှည့်လေ၏။

35 တဖန် ပဋိသန္ဓေယူပြန်၍ သားကို ဘွားမြင် သော်၊ ထာဝရဘုရားကို ယခုငါချီးမွမ်းမည်ဟု ဆိုသည် ဖြ်၍၊ ထိုသားကို ယုဒအမည်ဖြင့် မှည့်လေ၏။ ထိုနောက်၊ သားပြတ်၍ မဘွားဘဲနေ၏။

   

Библия

 

.ဖက် 5

Учиться

   

1 ထိုသို့သင်တို့သည် ဘုရားသခင်၏ ချစ်သားဖြစ်ကြသည်နှင့်အညီ၊ ဘုရားသခင် ကျင့်တော်မူသည် နည်းတူကျင့်ကြလော့။

2 ခရစ်တော်သည် ငါတို့ကို ချစ်တော်မူသောအားဖြင့် ဘုရားသခင့်ရှေ့တော်၌ မွှေးကြိုင်သော အနံ့ရှိစေ ခြင်းငှါ၊ ကိုယ်ကိုကိုယ်ဆက်ကပ်၍ ယဇ်ပူဇော်လျက်၊ ငါတို့အတွက် စွန့်တော်မူသည်နည်းတူ၊ သင်တို့သည် မေတ္တာတရား၌ ကျင်လည်ကြလော့။

3 မတရားသော မေထုန်၌မှီဝဲခြင်း၊ အမျိုးမျိုးသော ကိလေသာညစ်ညူးခြင်း၊ လောဘလွန်ကျူးခြင်း အမှုတို့ကို သန့်ရှင်းသူတို့သည် ရှောင်သင့်သည်အတိုင်း၊ စကားဖြင့်မျှ မဆက်ဆံကြနှင့်။

4 မတော်မလျော်သော ညစ်ညူးပြက်ပြယ် ပြက်ယယ်သော စကားများကိုလည်းပယ်၍ ကျေးဇူးတော် ချီးမွမ်းခြင်းစကားကို သုံးကြလော့။

5 မတရားသော မေထုန်၌ မှီဝဲသောသူ၊ ညစ်ညူးစွာ ပြုသောသူ၊ ရုပ်တုကို ကိုင်ကွယ်သောသူဖြစ်သော လောဘလွန်ကျူးသောသူ တစုံတယောက်မျှ ခရစ်တော်နှင့် ဘုရားသခင်၏နိုင်ငံ၌ အမွေမခံရသည်ကို သင်တို့ သိကြ၏။

6 လျှပ်ပေါ်သောစကားဖြင့် အဘယ်သူမျှ သင်တို့ ကို မလှည့်ဖြားစေနှင့်။ ထိုအမှုကြောင့် ဘုရားသခင်၏ အမျက်တော်သည် ငြင်းဆန်တတ်သော သူတို့ အပေါ်သို့ သင့်ရောက်ပေ၏။

7 ထိုကြောင့်သူတို့နှင့်ဆက်ဆံ၍ မကျင့်ကြနှင့်။

8 အထက်ကာလ၌သင်တို့သည် မှောင်မိုက်အတိဖြစ်ကြ၏။ ယခုမူကား၊ သခင်ဘုရား၌အလင်းဖြစ်ကြ၏။ သို့ဖြစ်၍ အလင်း၏သားကဲ့သို့ ကျင့်နေကြလော့။

9 အလင်းတော်၏ အကျိုးမူကား၊ အလုံးစုံသော ကောင်းမွန်ခြင်း၊ ဖြောင့်မတ်ခြင်း၊ သစ္စာစောင့်ခြင်း ဖြစ် သတည်း။

10 သခင်ဘုရားနှစ်သက်တော်မူသော အရာသည် အဘယ်အရာဖြစ်သည်ကို သင်ကြလော့။

11 အကျိုးမဲ့သောမှောင်မိုက်အမှုတို့နှင့် မဆက်ဆံသည်သာမက၊ ထိုအမှုတို့၏ အပြစ်ကို ပြကြလော့။

12 အကြောင်းမူကား၊ သူတို့သည် ဆိတ်ကွယ်ရာ၌ ပြုသောအမှုအရာတို့ကို စကားပြောကာမျှ၌ ညစ်ညူးခြင်း ပါသေး၏။

13 အပြစ်ထင်ရှားသောအရာ ရှိသမျှတို့သည် အလင်းဖြင့် ထင်ရှားကြ၏။ ထင်ရှားစေတတ်သော အရာရှိသမျှတို့သည်လည်း အလင်းဖြစ်၏။

14 ထိုကြောင့် အိပ်ပျော်သူနိုးလော့။ သေခြင်းမှ ထမြောက်လော့။ သို့ပြုလျှင် ခရစ်တော်သည် အလင်းကို သင့်အား ပေးတော်မူမည်ဟု ဆိုသတည်း။

15 ထိုကြောင့် ပညာမဲ့ကဲ့သို့မဟုတ်၊ ပညာရှိကဲ့သို့ စေ့စေ့မြေ့မြေ့ကျင့်ဆောင်မည်အကြောင်း သတိပြုကြ လော့။

16 ယခု နေ့ရက်ကာလတို့သည် ဆိုးယုတ်သောကြောင့် ကာလအချိန်ကို ရွေးနှုတ်ကြလော့။

17 ထိုကြောင့် သတိမရှိသောသူမဖြစ်၊ သခင်ဘုရား၏ အလိုတော်ရှိရာကို ပိုင်းခြင်း၍ သိသောသူ ဖြစ်ကြ လော့။

18 လွန်ကျူးစေတတ်သော စပျစ်ရည်နှင့် ယစ်မူးခြင်းကိုရှောင်၍ ဝိညာဉ်တော်နှင့်ပြည့်စုံလျက်ရှိကြလော့။

19 ဆာလံသီချင်းမှစသော ဓမ္မသီချင်း အမျိုးမျိုးတို့ကို အချင်းချင်း ပြောဆိုဘတ်ရွတ်၍၊ နူးညွတ်သော စိတ်နှလုံးနှင့် သခင်ဘုရားရှေ့တော်၌ ကျူးဧ၍သီချင်း ဆိုကြလော့။

20 ခပ်သိမ်းသောအရာတို့၌ ကျေးဇူးတော်ကြီးလှပါ၏ဟု ငါတို့သခင်ယေရှုခရစ်၏ နာမတော်ကို ထောက်၍၊ ခမည်းတော်ဘုရားသခင်ရှေ့၊ ကာလအစဉ်မပြတ်ဝန်ခံကြလော့။

21 ခရစ်တော်ကို ခန့်ညားသောအားဖြင့်၊ အချင်းချင်း တယောက်အောက်တယောက်ကိုယ်ကို နှိမ့်ချလျက် နေကြလော့။

22 အချင်းမိန်မတို့၊ သခင်ဘုရား၏ အုပ်စိုးတော်မူခြင်းကို ဝန်ခံသကဲ့သို့၊ ကိုယ်ခင်ပွန်း၏အုပ်စိုးခြင်းကို ဝန်ခံကြလော့။

23 အကြောင်းမူကား၊ ခရစ်တော်သည် အသင်းတော်၏ အပေါ်မှာ ခေါင်းဖြစ်တော်မူသကဲ့သို့၊ ယောက်ျား သည် မိမိခင်ပွန်း၏အပေါ်မှာ ခေါင်းဖြစ်၏။ ခရစ်တော်သည်လည်း မိမိကိုယ်ကို ကယ်တင်သောသူ ဖြစ်တော်မူ၏။

24 အသင်းတော်သည် ခရစ်တော်၏ အုပ်စိုးတော်မူခြင်းကို ဝန်ခံသကဲ့သို့၊ မိန်းမတို့လည်း ကိုယ်ခင်ပွန်း၏ အုပ်စိုးခြင်းကို အရာရာ၌ဝန်ခံရကြမည်။

25 အချင်းယောက်ျားတို့၊ ခရစ်တော်သည် အသင်းတော်ကို ချစ်တော်မူသကဲ့သို့၊ သင်တို့လည်း ကိုယ်ခင်ပွန်းကို ချစ်ကြလော့။

26 ထိုအသင်းတော်သည် သန့်ရှင်းလျက် အပြစ်ကင်းလျက်ရှိသည် ဖြစ်၍၊

27 အညစ်အကြေးတင်ခြင်း၊ အရေတွန့်ခြင်းမှ စသည်တို့နှင့် လွတ်လပ်သဖြင့်၊ အသရေတင့်တယ်လျက် ရှိသော အသင်းတော်ကို ခရစ်တော်သည် မိမိအား ဆက်သအံ့သောငှါ၊ နှုတ်ကပတ်တော်ရေ၌ ဆေးကြော ခြင်းအားဖြင့် စင်ကြယ်သန့်ရှင်းစေမည်အကြောင်း၊ ထိုအသင်းတော်အဘို့အလို့ငှါ ကိုယ်ကို ကိုယ်စွန့်တော်မူ၏။

28 ထိုနည်းတူ ယောက်ျားတို့သည် မိမိကိုယ်ကို ချစ်သကဲ့သို့ မိမိခင်ပွန်းတို့ကိုချစ်ရကြမည်။ ခင်ပွန်းကို ချစ်သောသူသည် ကိုယ်ကိုချစ်သောသူဖြစ်၏။

29 ကိုယ်အသားကို မုန်းသောသူတယောက်မျှမရှိ။ ခရစ်တော်သည် အသင်းတော်ကို ကျွေးမွေးပြုစုတော်မူ သကဲ့သို့၊ ခပ်သိမ်းသောသူတို့သည် မိမိတို့အသားကို ကျွေးမွေးပြုစုတတ်ကြ၏။

30 အကယ်စင်စစ်ငါတို့သည် သခင်ဘုရား၏ သားတော်၊ အရိုးတော် တို့အဝင်ဖြစ်၍၊ ကိုယ်တော်မြတ်၏ အင်္ဂါဖြစ်ကြ၏။

31 ထိုအကြောင်းအကြောင့်ယောက်ျားသည် ကိုယ်မိဘကိုစွန့်၍ ကိုယ်ခင်ပွန်း၌ မှီဝဲသဖြင့်၊ ထိုသူနှစ်ယောက် တို့သည် တသားတကိုယ်တည်း ဖြစ်ရလိမ့်မည်။

32 ဤအရာသည် အလွန်နက်နဲသောအရာ ဖြစ်ပေ၏။ ထိုသို့ငါဆိုသော်၊ ခရစ်တော်နှင့် အသင်းတော် ကိုရည်မှတ်၍ဆိုသတည်း။

33 သို့ရာတွင်သင်တို့သည် အသီးသီး ကိုယ်ကိုကိုယ် ချစ်သကဲ့သို့ ကိုယ်ခင်ပွန်းကိုချစ်ကြလော့။ မိန်းမသည်လည်း ကိုယ်ခင်ပွန်းကို ရိုသေခြင်းရှိစေလော့။