बाइबल

 

ယေဇကျေလ 8

पढाई करना

   

1 သက္ကရာဇ်ခြောက်ခု၊ ဆဌမ၊ ငါးရက်နေ့တွင်၊ ငါသည်ကိုယ် အိမ်ထိုင်၍၊ ယုဒအမျိုးအသက်ကြီးသူတို့ သည် ငါရှေ့မှာ ထိုင်ကြစဉ်၊ အရှင်ထာဝရဘုရားလက်တော်သည် ငါ့အပေါ်သို့ သက်ရောက်ေ၏။

2 ထိုအခါ ငါကြည့်ရှု၍၊ မီးအရောင်ကဲ့သို့သော ပုံသဏ္ဍာန်သည် ထင်ရှား၏ ခါးသဏ္ဍာန်မှသည် အောက် ပိုင်း၌ မီးအရောင်ကဲ့သို့၎င်း၊ အထက်ပိုင်း၌ ဟရှမေလ ရွှေအရောင်ကဲ့သို့၎င်း ထင်ရှား၏

3 လက်သဏ္ဍာန်ကိုဆန့်၍ ငါ၏ဆံပင်တစုကို ကိုင်လျက်၊ ဝိညာဉ်တော်သည် ငါ့ကိုမြေနှင့်မိုဃ်းကောင်း ကင်ကြားမှာ ချီကြွ၍၊ အမျက်တော်ကို နှိုးဆော်သော ရုပ်တုပလ္လင်ရှိရာ ယေရုရှလင်မြို့မြောက်မျက်နှာအတွင်း တံခါးဝသို့၊ ဘုရားသခင်၏ဗျာဒိတ်တော်ရူပါရုံအားဖြင့် ငါ့ကိုဆောင်သွား၏။

4 လွင်ပြင်၌ အရင်ငါမြင်ဘူးသော ဗျာဒိတ်ရူပါရုံ ကဲ့သို့၊ ဣသရေလအမျိုး၏ ဘုရားသခင်ဘုန်းတော်သည် ထင်ရှား၏။

5 အချင်းလူသား၊ မြောက်လမ်းသို့ မျှော်ကြည့် လော့ဟု မိန့်တော်မူသည်အတိုင်း၊ မြောက်လမ်းသို့ ငါမျှော်ကြည့်၍၊ မြောက်မျက်နှာ၊ ယဇ်ပလ္လင်တံခါးဝ၌ အမျက်တော်ကို နှိုးဆော်သော် ရုပ်တုရှိ၏။

6 တဖန်တုံ၊ အချင်းလူသား၊ ငါသည် ငါ၏ သန့်ရှင်းရာဌာနနှင့် ဝေးစွာသွားစေခြင်းငှါ သူတို့ပြုကြ သောအမှု၊ ဤအရပ်၌ ဣသရေလအမျိုးပြုသော၊ အလွန် စက်ဆုပ်ရွံ့ရှာဘွယ်သော အမှုတို့ကို မြင်ပြီလော။ တဖန် လှည့်၍သွားဦးလော့။ သာ၍ကြီးသော ရွံရှာဘွယ် အမှု တို့ကို မြင်လိမ့်မည်ဟု မိန့်တော်မူလျက်၊

7 တန်တိုင်းတံခါးဝသို့ ငါ့ကိုဆောင်သွား၍ ငါ ကြည့်ရှုသောအခါ၊ တန်တိုင်းရိုး၌ အပေါက်ကို မြင်လေ ၏။

8 တဖန်တုံအချင်းလူသား၊ တန်တိုင်းရိုးကို တူးလော့ဟု မိန့်တော်မူသည်အတိုင်း၊ ငါသည်တူးပြီးမှ တံခါးဝကို မြင်လေ၏။

9 ဝင်လော့။ ဤအရပ်၌ ပြုကြသော စက်ဆုပ်ရွံ့ရှာဘွယ် အမှုဆိုးတို့ကို ကြည့်ရှုလော့ဟု မိန့်တော်မူသည်အတိုင်း၊

10 ငါသည် ဝင်၍ကြည့်ရှုသောအခါ၊ တန်တိုင်းရိုး အတွင်းပတ်လည်၌၊ တွားတတ်သော အကောင်မှစ၍ ရွံ့ရှာဘွယ်သော တိရစ္ဆာန်အမျိုးမျိုးနှင့် ဣသရေလအမျိုး ကိုးကွယ်သော ရုပ်တုဆင်းတုရှိသမျှတို့၏ ပုံသဏ္ဌာန်သည် ရေးထားလျက်ရှိ၏။

11 သူတို့ရှေ့မှာ ဣသရေလအမျိုးအသက်ကြီးသူ ခုနှစ်ကျိပ်တို့နှင့်တကွ၊ ယာဇညာသားရှာဖန်သည် သူတို့ အလယ်ရပ်၍၊ ထိုသူအပေါင်းတို့သည် အသီးအသီး လင်ပန်းကို ကိုင်လျက်၊ နံ့သာပေါင်းကို မီးရှို့ကြသဖြင့်၊ မီးခိုးသည် ထူထပ်စွာတက်လေ၏။

12 တဖန်တုံ၊ အချင်းလူသား၊ ဣသရေလအမျိုး အသက်ကြီးသူ အသီးအသီးတို့သည် မှောင်မိုက်ထဲမှာ ပုံရေးသော အခန်းတို့၌ ပြုသောအမှုကိုမြင်ပြီလော။ သူတို့က၊ ထာဝရဘုရားမမြင်။ ထာဝရဘုရားသည် မြေကြီးကို စွန့်ပစ်လေပြီဟု ဆိုကြ၏။

13 တဖန်လှည့်၍ သွားဦးလော့။ သူတို့ပြုသော အမှုတို့တွင် သာ၍ကြီးစွာသော စက်ဆုပ်ရွံ့ရှာဘွယ် အမှုတို့ကို မြင်လိမ့်မည်ဟု မိန့်တော်မူလျက်၊

14 ဗိမာန်တော်မြောက်တံခါးဝသို့ ဆောင်သွား၍၊ ထိုအရပ်၌ မိန်းမတို့သည် တမ္မုဇနတ်အဘို့ ငိုကြွေးလျက် ထိုင်ကြ၏။

15 အချင်းလူသား၊ ထိုအမှုကိုမြင်ပြီလော။ တဖန် လှည့်၍သွားဦးလော့။ ထိုမျှမက သာ၍ကြီးစွာသော စက်ဆုပ်ရွံ့ရှာဘွယ်အမှုတို့ကို မြင်လိမ့်မည်ဟု မိန့်တော် မူလျက်၊

16 ာဝရဘုရားအိမ်တော်အတွင်း တန်တိုင်ဲ သို့ ဆောင်သွား၍၊ ဗိမာန်တော်တံခါး၊ ဗိမာန်တော်ဦးနှင့် ယဇ်ပလ္လင်ကြားမှာ၊ လူနှစ်ကျိပ်ငါးယောက်တို့သည် ဗိမာန်တော်ကို ကျောခိုင်းလျက်၊ အရှေ့သို့မျက်နှာ ပြုလျက်၊ အရှေ့မျက်နှာနေကို ကိုးကွယ်ကြ၏။

17 တဖန်တုံ၊ အချင်းလူသား၊ ထိုအမှုကို မြင်ပြီ လော။ ယုဒအမျိုးသည် ဤအရပ်၌ စက်ဆုပ်ရွံ့ရှာဘွယ် အမှုတို့ကို ပြုသောအပြစ်ပေါ့သလော။ သူတို့သည် အဓမ္မ မှုဖြင့် တပြည်လုံးကို ပြည့်စေ၍ ငါ၏အမျက်ကို အထပ် ထပ်နှိုးဆော်ကြပြီ။ သစ်ခက်ကိုလည်း မိမိတို့နှာခေါင်းဝ၌ ကပ်၍တိုင်ကြ၏။

18 ထိုကြောင့်၊ ငါသည် နှမြောစုံမက်ခြင်းမရှိဘဲ ငါ၏အမျက်ကို လွှတ်လိုက်မည်။ သူတို့သည် ကျယ်သော အသံနှင့်အော်ဟစ်၍ တောင်းလျှောက်သော်လည်း၊ ငါသည် နားမထောင်ဟု မိန့်တော်မူ၏။

   

बाइबल

 

ယေဇကျေလ 37

पढाई करना

   

1 တဖန်ထာဝရဘုရားလက်တော်သည် ငါ့ အပေါ်မှာရှိ၍ ဝိညာဉ်တော်အားဖြင့် ငါ့ကိုပြင်သို့ ဆောင် သွားလျက်၊ အရိုးတို့နှင့် ပြည့်သောချိုင့်အလယ်၌ ထားပြီး လျှင်၊

2 ထိုအရိုးတို့ပတ်လည်၌ ရှောက်သွားစေတော် မူ၏။ ထိုချိုင့်မျက်နှာပြင်၌ များစွားသောအရိုးတို့သည်ရှိ၍ အလွန်သွေ့ခြောက်ကြ၏။

3 ထာဝရဘုရားကလည်း၊ အချင်းလူသား၊ ဤ အရိုးတို့သည် အသက်ရှင်နိုင်သလောဟု မေးတော်မူလျှင်၊ ငါက၊ အိုအရှင်ထာဝရဘုရား၊ ကိုယ်တော်သိတော်မူသည် ဟု လျှောက်လေ၏။

4 ထာဝရဘုရားကလည်း၊ ဤအရိုးတို့အပေါ်မှာ ပရောဖက်ပြု၍ ဟောပြောရမည်မှာ၊ အိုသွေ့ခြောက် သော အရိုးတို့၊ထာဝရဘုရား၏အမိန့်တော်ကိုနားထောင် ကြလော့။

5 ဤသွေ့ခြောက်သော အရိုးတို့အား အရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါသည် သင်တို့ အထဲသို့ အသက်ကိုသွင်း၍ သင်တို့သည် အသက်ရှင်ရ ကြမည်။

6 သင်တို့အပေါ်မှာ အကြောတို့ကို ငါတင်၍ အသားကို တက်စေမည်။ အရေနှင့် ဖုံးလွှမ်း၍၊ အသက် ကို သွင်းသဖြင့် သင်တို့သည် အသက်ရှင်၍၊ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သိရကြလိမ့်မည်ဟု၊

7 မှာထားတော်မူသည်အတိုင်း ငါသည် ပရော ဖက်ပြု၏။ ပရောဖက်ပြုစဉ်တွင် အသံမြည်၏။ လှုပ်ရှား ခြင်းလည်း ရှိ၏။ အရိုးတို့သည် တခုအနီးသို့တခု ချဉ်းကြ ၏။

8 ငါကြည့်ရှုစဉ်တွင် အကြောတို့သည်ပေါ်လာ၍ အသားလည်း တတ်၏။ အရေလည်းဖုံးလွှမ်း၏။ သို့ရာ တွင်၊ အသက်မရှိသေး။

9 ထာဝရဘုရားကလည်း၊ အချင်းလူသားလေ အား ပရောဖက်ပြုလော့။ အရှင်ထာဝရဘုရား၏ အမိန့် တော်ကို လေအားဆင့်ဆိုရမည်မှာ၊ အိုလေ၊ အရပ် လေးမျက်နှာတို့မှ လာ၍၊ ဤအသေကောင်တို့သည် အသက်ရှင်မည်အကြောင်း သူတို့အပေါ်မှာ မှုတ်လော့ဟု၊

10 မှာထားတော်မူသည်အတိုင်း ငါသည် ပရော ဖက်ပြု၍၊ လေသည် သူတို့အထဲသို့ဝင်သဖြင့် သူတို့သည် အသက်ရှင်၍၊ အလွန်များသော ဗိုလ်ခြေဖြစ်လျက် မတ်တတ်နေကြ၏။

11 ထာဝရဘုရားကလည်း၊ အချင်းလူသား၊ ဤအရိုးတို့သည် ဣသရေလအမျိုးအပေါင်းဖြစ်ကြ၏။ ငါတို့အရိုးများသည် သွေ့ခြောက်ကြ၏။ မြော်လင့်စရာ မရှိ။ ငါတို့သည် ဆုံးရှုံးကြပြီဟု သူတို့ဆိုတတ်ကြ၏။

12 သို့ဖြစ်၍၊ ပရောဖက်ပြုလျက် အရှင်ထာဝရ ဘုရား၏ အမိန့်တော်ကို သူတို့အား ဆင့်ဆိုရမည်မှာ၊ အချင်းငါ၏လူတို့၊ သင်တို့သင်္ချိုင်းတွင်းများကို ငါဖွင့်၍ သင်တို့ကို ထုတ်ပြီးလျှင် ဣသရေလပြည်သို့ ပို့ဆောင် မည်။

13 အချင်းငါ၏လူတို့၊ သင်တို့သင်္ချိုင်းတွင်းများကို ငါဖွင့်၍သင်တို့ ကို ထုတ်ပြီးလျှင်၊

14 အသက်ရင်စေခြင်းငှါ ငါသည် ကိုယ်အသက်ကို သွင်းပေး၍၊ သင်တို့ကို နေရင်းပြည်၌ နေရာချသောအခါ၊ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သင်တို့သိရကြလိမ့် မည်။ ငါထာဝရဘုရားပြောသည်အတိုင်း ပြည့်စုံကြောင်း ကိုလည်း သိရကြလိမ့်မည်ဟု ထာဝရဘုရားမိန့်တော်မူ၏။

15 တဖန်ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ ရောက်လာ၍၊

16 အချင်းလူသားတုတ်တချောင်းကိုယူ၍၊ ယုဒ အမျိုးနှင့် သူ၏အပေါင်းအဘော် ဣသရေလ အမျိုးသားအဘို့ ဟု ရေးမှတ်လော့။ တဖန် တုတ်တချောင်းကိုယူ၍၊ ယောသပ်အမျိုးနှင့်သူ၏ အပေါင်းအဘော် ဣသရေလ အမျိုးသားများအဘို့၊ ဧဖရိမ်တုတ်ပေတည်းဟု ရေးမှတ် လော့။

17 ထိုတုတ်နှစ်ချောင်းကို တချောင်းတည်းဖြစ်စေ ခြင်းငှါ ပူးထား၍၊ ထိုတချောင်းတည်းသော တုတ်ကို လက်စွဲလော့။

18 သင်၏အမျိုးသားချင်းတို့က၊ ထိုသို့ပြုသော်၊ အဘယ်သို့ဆိုလိုသည်ကို ငါတို့အားမပြောသင့်သလောဟု မေးလျှင်၊

19 အရှင်ထာဝရဘုရား၏ အမိန့်တော်ကိုသူတို့ အား ဆင့်ဆိုရမည်မှာ၊ ဧဖရိမ်ကိုင်သော ယောသပ်၏ တုတ်နှင့်၊ သူ၏အပေါင်းအဘော် ဣသရေလအမျိုး အနွယ်တို့ကိုငါယူ၍ ယုဒတုတ်နှင့်အတူ ပူးထားပြီးလျှင်၊ တချောင်းတည်းဖြစ်သော တုတ်ကိုငါလက်စွဲမည်ဟု ဆင့်ဆိုလျက်၊

20 သင်ရေးမှတ်သော ထိုတုတ်ကိုသူတို့မျက်မှောက်၌ လက်စွဲလျက် နေလော့။

21 အရှင်ထာဝရဘုရား၏ အမိန့်တော်ကိုလည်း ဆင့်ဆို ရမည်မှာ၊ ဣသရေလအမျိုးသားတို့ရောက်သော တပါး အမျိုးသားနေရာအရပ်ရပ်တို့မှ သူတို့ကိုငါခေါ်ခဲ့၍ စုဝေး စေပြီးလျှင်၊ သူတို့ကို နေရင်းပြည်သို့ ပို့ဆောင်မည်။

22 ထိုပြည်တွင် ဣသရေလ တောင်တို့အပေါ်၌ လူတမျိုးတည်းဖြစ် စေ၍၊ ရှင်ဘုရင်တပါးတည်းသာလျှင် ထိုသူအပေါင်းတို့ကို စိုးစံရလိမ့်မည်။ နောင်တဖန် သူတို့ သည် လူနှစ်မျိုးမဖြစ်ရ။ နှစ်တိုင်းနှစ်ပြည်ကွဲပြားလျက် မရှိရ။

23 နောက်တဖန် သူတို့ရုပ်တုများ၊ စက်ဆုပ်ရွံရှာ ဘွယ်သော အမှုများ၊ လွန်ကျူးခြင်းအမှုများနှင့် ကိုယ်ကို မညစ်ညူးစေရကြ။ သူတို့ပြစ် မှားလေရာရာ အရပ်တို့မှ ငါကယ်နှုတ်၍ သန့်ရှင်းစေမည်။ သူတို့သည် ငါ၏ လူဖြစ်ကြလိမ့်မည်။ ငါသည်လည်း သူတို့၏ဘုရားသခင် ဖြစ်မည်။

24 ငါ၏ကျွန်ဒါဝိဒ်သည် သူတို့၏ရှင်ဘုရင်ဖြစ်၍၊ ထိုသူအပေါင်းတို့သည် သိုးထိန်းတဦးတည်း ရှိကြလိမ့် မည်။ ငါစီရင်ထုံးဖွဲ့ချက် တရားလမ်းသို့ လိုက်၍ စောင့် ရှောက်ကြလိမ့်မည်။

25 ငါ၏ကျွန်ယာကုပ်အား ငါပေး၍၊ သင်တို့ ဘိုးဘေးများနေဘူးသော ပြည်၌သူတို့နှင့်သားမြေး အစဉ် အဆက်တို့သည် နေကြလိမ့်မည်။ ငါ၏ကျွန်ဒါဝိဒ်သည် လည်း သူတို့ကို အစဉ်အမြဲစိုးစံလိမ့်မည်။

26 ထိုမှတပါး၊ သူတို့နှင့်မိဿဟာယ ပဋိညာဉ်ကို ငါဖွဲ့၍၊ ထိုပဋိညာဉ်သည် နိစ္စထာဝရပဋိညာဉ် ဖြစ်လိမ့် မည်။ သူတို့ကိုနေရာချ၍ များပြားစေမည်။ ငါ၏ သန့်ရှင်းရာဌာနကို သူတို့အလယ်အစဉ်အမြဲထားမည်။

27 ငါ၏ဗိမာန်တော်သည်လည်း သူတို့၌ရှိ၍၊ ငါသည် သူတို့၏ ဘုရားသခင်ဖြစ်မည်။ သူတို့သည်လည်း ငါ၏လူဖြစ်လိမ့်မည်။

28 ထိုသို့ငါ၏ သန့်ရှင်းရာဌာနသည် သူတို့အလယ်အစဉ်အမြဲတည်သောအခါ၊ ငါထာဝရဘုရားသည် ဣသရေလအမျိုးကို သန့်ရှင်းစေသည်ဟု တပါး အမျိုးသားတို့သည် သိရကြလိမ့်မည်ဟု မိန့်တော်မူ၏။